အမျိုးသမီးများ မိမိကိုယ်တိုင် ပြုလုပ်နိုင်သော ကျန်းမာရေးစစ်ဆေးခြင်းများ
အမျိုးသမီးတိုင်း မိမိကိုယ်တိုင် အိမ်တွင် စစ်ဆေးမှုပြုလုပ်နိုင်သော ကျန်းမာရေးစစ်ဆေးမှုတွေကတော့ -
1. ရင်သားစမ်းသပ်ခြင်း
မိမိရင်သားကို မိမိဘာသာ ပုံမှန်စမ်းသပ်ကြည့်ခြင်းဖြင့် တစ်စုံတစ်ရာ ထူးခြားမှုရှိပါက ဆရာဝန်နှင့် ချက်ချင်းတိုင်ပင်နိုင်ပါတယ်။
ပထမဦးစွာ အပေါ်ပိုင်းဗလာကျင်း၍ ရင်သားတွင် အချိုင့်ရာ ရှိ/မရှိ၊ နီမြန်းခြင်း ရှိ/မရှိ၊ နို့သီးခေါင်းအနေအထားအပြင် ရင်သားနှစ်ဖက်လုံးတွင် ထူးခြားမှုတစ်စုံတစ်ရာ ရှိ/မရှိကို သေချာစွာစစ်ဆေးပါ။
ထို့နောက် လှဲချပြီး ညာဘက်လက်မောင်းကို ဦးခေါင်းကိုကျော်၍ မြှောက်ပါ။ ဘယ်ဘက်လက်ညှိုး၊ လက်ခလယ်နှင့် လက်သန်းကြွယ်တို့ကို အသုံးပြု၍ ညာဘက်ရင်သားကို ချိုင်းအောက်မှစ၍ စမ်းသပ်ပါ။ အခြားတစ်ဖက်ကိုလည်း ဤကဲ့သို့ပင် ပြုလုပ်ပါ။
Dolfenal 1

2. နှလုံးခုန်နှုန်း စစ်ဆေးခြင်း
နှလုံးရောဂါဟာ အမျိုးသမီးကျန်းမာရေးပြဿနာများထဲတွင် အဆိုးရွားဆုံး တစ်ခုအပါအဝင်ဖြစ်ပြီး အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်ပါတယ်။ မိမိနှလုံးခုန်နှုန်းကို မိမိဘာသာ အမြဲမပြတ် စမ်းသပ်စစ်ဆေးခြင်းဖြင့် ဒီအန္တရာယ်တွေကို ကြိုတင်ရှောင်ရှားနိုင်ပါတယ်။
သွေးခုန်နှုန်းကို စမ်းသပ်ရန် လက်ညှိုးနှင့်လက်ခလယ်ကို လက်မအောက်ဘက်ရှိ အတွင်းဘက် လက်ကောက်ဝတ်ပေါ်သို့ တင်ပါ။ သွေးခုန်နှုန်းကို တစ်မိနစ်ပြည့်အောင်ရေတွက်ပါ။ ပုံမှန်အရွယ်ရောက်ပြီးသူ တစ်ယောက်သည် တစ်မိနစ်လျှင် နှလုံးခုန်နှုန်း 60 မှ 100 ကြား ရှိလေ့ရှိသည်။ အလွန်မြန်နေခြင်း (သို့) အလွန်နှေးနေခြင်းအပြင် သံသယဖြစ်ဖွယ် တစ်စုံတစ်ရာ ခံစားရပါက ဆရာဝန်နှင့် ချက်ချင်းသွားရောက်ပြသပါ။
3. သားဥကြွေခြင်း ရှိ/မရှိ စစ်ဆေးခြင်း
အိမ်တွင် စစ်ဆေးနိုင်သော ကျန်းမာရေးစစ်ဆေးမှုများတွင် ရောဂါများကို စောလျင်စွာ သိစေနိုင်ရုံသာမက မျိုးဥကြွေခြင်း ရှိ/မရှိကို စစ်ဆေးခြင်းဖြင့် ကိုယ်ဝန်ရနိုင်ရန် အခွင့်အလမ်းကို မြင့်မားစေနိုင်ပါတယ်။
သားဥကြွေခြင်း ရှိ/မရှိ သိနိုင်တဲ့ ဆီးစစ်ကိရိယာက ဆီးအတွင်း၌ ဟော်မုန်းမြင့်တက်နေခြင်း ရှိ/မရှိကို စစ်ဆေးပေးခြင်းဖြင့် အမမျိုးဥအိမ်မှ သားဥများထုတ်နေခြင်း ရှိ/ မရှိကို သိစေနိုင်ပါသည်။
Dolfenal 2

4. ကိုယ်ဝန် ရှိ/မရှိ စစ်ဆေးခြင်း
ကိုယ်ဝန် ရှိ/မရှိ စစ်ဆေးနိုင်တဲ့ ဆီးစစ်တံကို ဆေးဆိုင်တော်တော်များများမှာ ဝယ်ယူရရှိနိုင်ပါတယ်။ တစ်ပတ်ကျော်ကြာတဲ့အထိ ရာသီမလာရင် စစ်ဆေးကြည့်လို့ ရပါတယ်။
5. မှဲ့ကင်ဆာ ဟုတ်/မဟုတ် စစ်ဆေးခြင်း
မိမိခန္ဓာကိုယ်ပေါ်ရှိ မှဲ့ (သို့) အစက်အပြောက်များ ပြောင်းလဲလာခြင်း၊ ကြီးလာခြင်းနှင့် သွေးထွက်ခြင်းများ တွေ့ရှိရပါက အရေပြားအထူးကုဆရာဝန်နှင့် သွားရောက်တိုင်ပင်၍ အရေပြားကင်ဆာ ဟုတ်/မဟုတ်ကို စစ်ဆေးနိုင်ပါတယ်။ အရေပြားကင်ဆာ အမျိုးအစား တော်တော်များများဟာ စောစီးစွာသိရှိပါက ပျောက်ကင်းအောင် ကုသနိုင်ပါတယ်။
Dr. Thinzar Wynn (www.drmyanmar.com)






























