/
node/10923

ကလေးတွေ ကိုယ်လက်လှုပ်ရှားမှုနည်းရင် ဘာတွေဖြစ်လာနိုင်သလဲ

Category
ကလေးများနှင့်ကျန်းမာရေး

နည်းပညာတိုးတက်လာတာနဲ့အမျှ လူနေမှုပုံစံတွေလည်း ပြောင်းလဲလာလို့ ကလေးတွေဟာ အရင်ထက်စာရင် ကိုယ်လက်လှုပ်ရှားမှု သိပ်မရှိတော့ဘဲ တစ်နေကုန် တီဗွီရှေ့က မထတာ၊ တစ်နေကုန် ဂိမ်းဆော့နေတာမျိုး ဖြစ်လာကြပါတယ်။

ဒီလိုကိုယ်လက်လှုပ်ရှားမှုနည်းခြင်းဟာ ချက်ချင်းကြီး ကျန်းမာရေးကို မထိခိုက်စေပေမယ့်လို့ ရေရှည်မှာတော့ ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းအနေနဲ့ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်းဟာ ကမ္ဘာပေါ်မှာ သေဆုံးမှုနဲ့ မသန်စွမ်းဖြစ်မှု အဖြစ်များစေတဲ့ အချက် (၁၀) ချက်ထဲမှာ ပါတယ်လို့ ပြောထားပါတယ်။

Nutroplex 1

>>  ကိုယ်လက်လှုပ်ရှားမှုနည်းတဲ့အခါ ဖြစ်လာနိုင်တဲ့ ကျန်းမာရေးပြဿနာတွေကတော့ -
●  နှလုံးသွေးကြောကျဉ်းရောဂါ၊ ဆီးချိုသွေးချိုရောဂါနဲ့ အဝလွန်ရောဂါဖြစ်နိုင်ချေဟာ သာမန်ကလေးတွေနဲ့ယှဉ်ရင် နှစ်ဆပိုများပါတယ်။
●  သွေးတိုးရောဂါ၊ အရိုးပါးအရိုးပွရောဂါနဲ့ သွေးတွင်းအဆီများတဲ့ရောဂါတွေ ဖြစ်နိုင်ချေလည်း မြင့်တက်လာနိုင်ပါတယ်။
●  အူမကြီးကင်ဆာအပါအဝင် တချို့ကင်ဆာရောဂါတွေ ဖြစ်နိုင်ချေကိုလည်း မြင့်တက်စေပါတယ်။
●  ကိုယ်လက်လှုပ်ရှားမှုမရှိရင် ကြွက်သားတွေသေးပြီး အဆစ်တွေတောင့်တင်းနေတာကြောင့် ပုံမှန်လှုပ်ရှားမှုလေးလုပ်ရင်တောင် နာကျင်ခြင်းကို ခံစားရနိုင်ပါတယ်။
●  ဘာမှမလုပ်ဘဲ ဒီတိုင်းထိုင်ရုံထိုင်နေတာဟာ ကလေးတွေရဲ့ ဦးနှောက်စွမ်းဆောင်ရည်ကို ကျဆင်းစေပါတယ်။
●  ပုံမှန်တက်ကြွလှုပ်ရှားနေတဲ့ ကလေးဟာ ညဆိုရင် ပင်ပန်းတာကြောင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ပေမယ့် တစ်နေကုန် ထိုင်နေ၊ လဲလျောင်းနေတဲ့ကလေးတွေအနေနဲ့ ညဘက်တွေမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်နိုင်တာကြောင့် အိပ်ရေးမဝခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။
●  စိတ်ဓာတ်ကျခြင်း၊ စိတ်အတက်အကျမြန်ခြင်း စတဲ့ စိတ်ကျန်းမာရေးပြဿနာတွေ ဖြစ်လာနိုင်ချေဟာလည်း သာမန်ထက် ၂၅% ပိုများတာကို တွေ့ရပါတယ်။

Nutroplex 2

ကိုယ်လက်လှုပ်ရှားမှုနည်းတာဟာ ဒီလိုမျိုး ကျန်းမာရေးပြဿနာများစွာကို ဖြစ်စေနိုင်တာကြောင့် ကလေးတွေကို တက်တက်ကြွကြွနဲ့ ကိုယ်လက်လှုပ်ရှားမှုရှိအောင် တိုက်တွန်းရမှာက မိဘတွေရဲ့ တာဝန်ပါ။ ဖေဖေမေမေတို့ကိုယ်တိုင်က တက်တက်ကြွကြွနေပြီးတော့ ကလေးအတွက် စံပြပုဂ္ဂိုလ်အဖြစ် နေပေးကြပါ။ ကလေးကြိုက်နှစ်သက်တဲ့ အားကစားနည်းတစ်ခုခုကို ဝင်ရောက်ကစားစေပါ။ ကိုယ်လက်လှုပ်ရှားမှုရှိခြင်းကြောင့် ကလေးတွေအနေနဲ့ ပိုလျှံတဲ့စွမ်းအင်တွေကို လောင်ကျွမ်းစေပြီး အဝလွန်ရောဂါနဲ့ နာတာရှည်ရောဂါတွေ ဖြစ်နိုင်ချေကို လျော့ကျစေနိုင်သလို၊ အရိုးနဲ့ကြွက်သားတွေ သန်မာစေပြီး ဦးနှောက်စွမ်းဆောင်ရည်လည်း တိုးတက်လာပါလိမ့်မယ်။

Dr. Aye Hsu Mon (www.drmyanmar.com)