မိမိတို့ကလေးမှာ အာဟာရချို့တဲ့နေပြီလား
အာဟာရဓာတ် လုံလုံလောက်လောက်ရအောင် ကျွေးပေးတာဟာ ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုအတွက်သာမက ရောဂါကင်းဝေးပြီး ကျန်းမာတဲ့ဘဝကို ပိုင်ဆိုင်နိုင်ဖို့အတွက် အလွန်အရေးကြီးပါတယ်။ ခန္ဓာကိုယ်အတွက် မရှိမဖြစ် အရေးပါတဲ့အာဟာရဓာတ်တွေ၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကိုသာ မရခဲ့ဘူးဆိုရင် အာဟာရချို့တဲ့ပြီးတော့ အရွယ်အစားညှက်ကာ နာတာရှည်နာမကျန်းဖြစ်တာတွေ ဖြစ်လာနိုင်ပါတယ်။
>> အာဟာရချို့တဲ့ရတဲ့ အကြောင်းရင်းတွေက ဘာတွေလဲ?
● အစားကောင်းကောင်းမစားခြင်း
● အစားအသောက်ကို အချိန်မှန်မစားခြင်း
● နာတာရှည်အူရောင်ရမ်းခြင်းလိုမျိုး အစာအိမ်နဲ့အူလမ်းကြောင်းရောဂါတွေရှိခြင်း
● မိခင်နို့မတိုက်ခြင်း စတာတွေကြောင့် ကလေးတွေမှာ အာဟာရချို့တဲ့တာ ဖြစ်နိုင်ပါတယ်။
ဒါ့အပြင် ကိုယ်လက်လှုပ်ရှားမှုမရှိရင်လည်း အစာချေဖျက်မှုဖြစ်စဉ်ကို နှေးကွေးစေလို့ အာဟာရချို့တဲ့နိုင်ပါတယ်။
Nutrilin IA 1

>> ကလေးတွေ အာဟာရချို့တဲ့ရင် ဘယ်လိုလက္ခဏာတွေ ခံစားရနိုင်သလဲ?
ဘယ်အာဟာရဓာတ် ချို့တဲ့တာလဲအပေါ် မူတည်ပြီးတော့ လက္ခဏာတွေကတော့ ကွာခြားနိုင်ပါတယ်။ အတွေ့ရများတဲ့ လက္ခဏာတွေကတော့ -
● မောပန်းလွယ်ခြင်း
● ဂျီကျခြင်း၊ ဂနာမငြိမ်ခြင်း
● ကိုယ်ခံအားနည်းတာကြောင့် မကြာခဏ ရောဂါပိုးဝင်ခြင်း
● အရေပြားခြောက်သွေ့ပြီး အကြေးခွံလိုအဖက်တွေ ဖြစ်ခြင်း
● လူကောင်သေးခြင်း
● လေထိုးလေအောင့်ခြင်း
● အနာကျက်နှေးခြင်း၊ နေမကောင်းဖြစ်ရင် ပြန်ကောင်းဖို့ အချိန်ကြာခြင်း
● ကြွက်သားထုထည်သေးခြင်း
● အပြုအမူနဲ့ ဉာဏ်ရည်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု နောက်ကျခြင်း စတာတွေပဲ ဖြစ်ပါတယ်။
Nutrilin IA 2

>> အာဟာရချို့တဲ့တာကို ဘယ်လိုကုသလို့ရသလဲ?
အရမ်းမဆိုးဘူးဆိုရင်တော့ ဆရာဝန်ညွှန်ကြားချက်အတိုင်း ကျန်းမာရေးနဲ့ ညီညွတ်မျှတတဲ့ အစားအသောက်တွေကို အချိန်မှန်ကျွေးခြင်း၊ အရည်များများတိုက်ခြင်းဖြင့် မိမိတို့အိမ်မှာပဲ သက်သာအောင် ကုသလို့ရပါတယ်။
အာဟာရချို့တဲ့တာ အရမ်းဆိုးတယ်ဆိုရင်တော့ ဆရာဝန်နဲ့ပြသပြီး ဆေးဝါးတွေ၊ ဖြည့်စွက်အားဆေးတွေ တိုက်ဖို့လိုသလို နှာခေါင်းပိုက်၊ အစာပိုက်ကနေတစ်ဆင့် အစာထည့်တာ၊ ဆေးရုံတက်ပြီး စောင့်ကြပ်စစ်ဆေးမှုခံယူတာမျိုးအထိ လိုအပ်လာနိုင်ပါတယ်။
>> အာဟာရချို့တဲ့မှုမဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲ?
● တစ်နှစ်အောက်ကလေးတွေကို မိခင်နို့တိုက်ပါ။ အကြောင်းအမျိုးမျိုးကြောင့် မိခင်နို့မတိုက်နိုင်ဘူးဆိုရင် ဖြည့်စွက်ဖော်မြူလာနို့မှုန့်တွေ တိုက်ပေးပါ။
● ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အသားဓာတ်၊ ကစီဓာတ်၊ အဆီဓာတ်၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ရရှိအောင် ကလေးတွေ နေ့စဉ်စားမယ့်အထဲမှာ ဟင်းသီးဟင်းရွက်များ၊ အသီးအနှံများ၊ ဆန်၊ ဂျုံ၊ ပြောင်း၊ အသားအမျိုးမျိုး၊ ပဲအမျိုးမျိုး၊ ဥအမျိုးမျိုး၊ အခွံမာသီးနဲ့ အစေ့အဆံများ ပါဝင်အောင် ကျွေးပေးပါ။
● ကိုယ်လက်လှုပ်ရှားမှုရှိအောင် တိုက်တွန်းပေးပါ။
Dr. Aye Hsu Mon (www.drmyanmar.com)




























