/
node/11033

ဓမ္မတာအကြောင်း မှတ်ထားကြရအောင်

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

ဒီလ ဓမ္မတာစလာတဲ့ ပထမဆုံးရက်ကနေ နောက်လ ဓမ္မတာစလာတဲ့ရက်အထိကို ရာသီစက်ဝန်းလို့ ခေါ်ပါတယ်။ ဓမ္မတာအကြောင်း မှတ်ထားတယ်ဆိုတာ ရာသီစက်ဝန်းတစ်ခုမှာ ဖြစ်ပျက်သွားတဲ့ ကိုယ့်ရဲ့ ကိုယ်ပိုင်းဆိုင်ရာပြောင်းလဲမှု၊ စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေကို မှတ်သားထားတာကို ခေါ်တာပါ။ ဓမ္မတာအကြောင်းမှတ်ဖို့ဆို ပြက္ခဒိန်ပေါ်မှာ ဘောပင်နဲ့ ဒီနေ့မှာတော့ ကိုယ်ဘာတွေခံစားရလဲ၊ ဘာတွေဖြစ်နေလဲဆိုတာကို မှတ်လိုက်ရုံပါပဲနော်။ တချို့ကျတော့လည်း အက်ပလီကေးရှင်းတွေ သုံးပြီးတော့ မှတ်တတ်တာကို တွေ့ရပါတယ်။

>>  ဓမ္မတာအကြောင်း မှတ်ထားရင် ဘာတွေသိနိုင်သလဲ?
●  ကိုယ့်ရဲ့ရာသီစက်ဝန်း ဘယ်လောက်ကြာသလဲဆိုတာ သိနိုင်ပါတယ်။ ပျှမ်းမျှအားဖြင့်တော့ ရာသီစက်ဝန်းတစ်ခုဟာ (၂၁-၄၀) ရက် ကြာနိုင်ပါတယ်။ ရာသီစက်ဝန်း ဘယ်လောက်ကြာလဲဆိုတာ သိသွားရင်တော့ ဓမ္မတာတစ်ကြိမ်လာပြီးလို့ နောက်ဘယ်နှရက်နေရင် ဓမ္မတာထပ်ဖြစ်မယ်ဆိုတာ အလိုလို သိပြီးသား ဖြစ်ပါလိမ့်မယ်။
●  ဓမ္မတာတစ်ကြိမ်လာရင် ဘယ်နှရက်ကြာတတ်သလဲ ဆိုတာကို သိနိုင်ပါတယ်။ ပုံမှန်ဆိုရင်တော့ ဓမ္မတာတစ်ခါလာရင် သုံးရက်ကနေ ခုနစ်ရက်လောက် ကြာတတ်ပါတယ်။
●  ဓမ္မတာသွေးရဲ့အရောင်၊ ပမာဏ စတာတွေကို သိနိုင်မယ်။
●  ရာသီစက်ဝန်းရဲ့ ဘယ်ရက်တွေမှာ စိတ်အပြောင်းအလဲ ဖြစ်တတ်သလဲဆိုတာ သိနိုင်တယ်။

Dolfenal 2022 IA 1

>>  ဓမ္မတာအကြောင်းမှတ်ထားခြင်းဖြင့် ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်သလဲ?

၁။  ဓမ္မတာလာတဲ့ရက်ကို မသိလိုက်ဖြစ်စရာအကြောင်း မရှိဘူး။
နောက်တစ်ကြိမ် ဓမ္မတာလာမယ့်ရက်ကို မမှတ်ထားမိတော့ မေ့ပြီး လစဉ်သုံးပစ္စည်း ဝယ်မထားမိတာ၊ ဓမ္မတာအတွက် ကြိုတင်ပြင်ဆင်မှုမရှိဘဲ အပြင်သွားမိတာတွေ ဖြစ်တတ်ပါတယ်။ အပြင်ရောက်မှ ဓမ္မတာလာတာလောက် စိတ်ညစ်ဖို့ကောင်းတာ မရှိဘူးမလား။ ဒီလိုမဖြစ်ရအောင် ဓမ္မတာအကြောင်း မှတ်ထားကြရအောင်နော်။ နောက်တစ်ခေါက်ဆို ဘယ်ရက်မှာ ဓမ္မတာလာမလဲသိထားတော့ ကြိုတင်ပြင်ဆင်ထားနိုင်တာပေါ့။

၂။  ကိုယ်ဝန်ရအောင် ကူညီပေးနိုင်တယ်။
သားဥကြွေတဲ့ရက်နဲ့ အဲ့နားတစ်ဝိုက်ရက်တွေဟာ အမျိုးသမီးတစ်ယောက်အတွက် သန္ဓေအအောင်နိုင်ဆုံးကာလပါ။ ပုံမှန်ဆို သားဥကြွေတဲ့ရက်ဟာ ရာသီစက်ဝန်းရဲ့ (၁၄) ရက် ဝန်းကျင်လောက်မှာ ဖြစ်တတ်လို့ ကလေးလိုချင်သူတွေအနေနဲ့ အဲ့ဒီရက်ပိုင်းလေးမှာ ကြိုးစားလိုက်ရင် ကိုယ်ဝန်ရနိုင်ချေ များပါတယ်။

Dolfenal 2022 IA 2

၃။  ဟော်မုန်းအပြောင်းအလဲကို ကြိုတင်ပြင်ဆင်နိုင်မယ်။
PMS လို့ခေါ်တဲ့ ဓမ္မတာမတိုင်ခင် ခံစားရလေ့ရှိတဲ့ လက္ခဏာတွေဟာ တစ်ယောက်နဲ့တစ်ယောက် မတူကြပါဘူး။ ဒါကြောင့် ဘယ်ရက်တွေမှာ ဘယ်လိုလက္ခဏာတွေ ခံစားရတယ်ဆိုတာ သေချာမှတ်ထားဖို့လိုပါတယ်။ ဒါမှလည်း ဒီရက်မှာ စိတ်အပြောင်းအလဲမြန်တတ်တယ်ဆိုရင် အဲ့ဒီရက် မတိုင်ခင်ကတည်းက စိတ်တည်ငြိမ်စေတဲ့နည်းလမ်းတွေ ကျင့်သုံးလိုက်နာဖို့ သတိရကြမှာပါ။

၄။  ဖြစ်နိုင်ချေရှိတဲ့ ကျန်းမာရေးပြဿနာတွေကို ကြိုပြီးသတိထားမိမယ်။
ပုံမှန်ထက် စောပြီးလာသလား၊ နောက်ကျနေတာလား။ ဓမ္မတာထိန်သွားတာရှိလား။ သွေးဆင်းတဲ့ပမာဏ များနေလား။ ရက်အကြာကြီး သွေးဆင်းနေလား။ ပုံမှန်မဟုတ်တာကို ချက်ချင်းသတိထားမိတော့ ဆရာဝန်နဲ့တိုင်ပင်ဖြစ်ပြီး ရောဂါတစ်ခုခုရှိတယ်ဆိုရင်လည်း အချိန်မီကုသမှု ခံယူနိုင်ပါလိမ့်မယ်။

ဒါဆိုရင်တော့ ပျိုမေတို့ရေ ... ပြက္ခဒိန်နဲ့ ဘောပင်လေး ရှိရုံနဲ့တင်ကို ကိုယ့်ရဲ့ကျန်းမာရေးအခြေအနေကို သေချာသိနိုင်မှာဖြစ်လို့ ဒီနေ့ကစပြီး ဓမ္မတာအကြောင်း မှတ်ထားလိုက်ကြရအောင်နော်။

Dr. Aye Hsu Mon (www.drmyanmar.com)