/
node/11056

ကလေးတွေ ကြီးထွားဖွံ့ဖြိုးချိန်မှာ ကြုံလာနိုင်တဲ့ သံဓာတ်အားနည်းခြင်း

Category
ကလေးများနှင့်ကျန်းမာရေး

သံဓာတ်ကြွယ်ဝတဲ့ အစားအသောက်တွေဟာ ကလေးတွေအတွက် အရေးကြီးပါတယ်။ အထူးသဖြင့် ကြီးထွားဖွံ့ဖြိုးတဲ့အရွယ် ကလေးတွေအတွက် ကိုယ်ခန္ဓာပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာ ဖွံဖြိုးမှုပါ ကောင်းမွန်စေဖို့ သံဓာတ်လိုအပ်ပါတယ်။ ကလေးတွေဟာ လုံလောက်တဲ့သံဓာတ်ပမာဏကို ရရှိမယ်ဆိုရင်

● ကောင်းမွန်တဲ့ ကိုယ်ခံအားစနစ်ကို ရရှိနိုင်တယ်။
● ကျန်းမာတဲ့ကိုယ်အလေးချိန်နဲ့ အရပ်အမောင်း ရလာမယ်။
● ကြွက်သားတွေရဲ့စွမ်းဆောင်ရည် ကောင်းမွန်လာမယ်။
● အားအင်ပြည့်ဝပြီး လန်းဆန်းတက်ကြွမယ်။
● အာရုံစူးစိုက်မှု၊ လေ့လာသင်ယူနိုင်စွမ်းနဲ့ ကျိုးသင့်ကြောင်းသင့် စဥ်းစားတွေးခေါ်နိုင်စွမ်းတွေ ကောင်းမွန်လာမယ်။
● စိတ်ခံစားချက်နဲ့ အပြုအမူတွေကို ကောင်းကောင်း ထိန်းချုပ်လာနိုင်မယ်။

ဒီလိုအကျိုးကျေးဇူးတွေ ရရှိဖို့ဆိုရင်တော့ ကလေးတွေရဲ့ တစ်နေ့တာလိုအပ်တဲ့သံဓာတ်ကို ဖြည့်ဆည်းပေးဖို့ လိုပါလိမ့်မယ်နော်။ ကလေးတစ်ယောက်ရဲ့ အသက်အရွယ်ပေါ်မူတည်ပြီး တစ်နေ့တာလိုအပ်တဲ့ သံဓာတ်ပမာဏကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

Dugro Article.jpg

Dugro IA 1 (2022)

တစ်နေ့တာလိုအပ်ချက်ကို ပြည့်မီအောင် မဖြည့်ပေးနိုင်တဲ့အခါ သံဓာတ်ချို့တဲ့တာတွေ ဖြစ်လာပါတယ်။ အထူးသဖြင့် ကြီးထွားဖွံ့ဖြိုးတဲ့အရွယ် ကလေးတွေဟာ သံဓာတ်လိုအပ်ချက်များလို့ မေမေတို့က သံဓာတ်ကြွယ်ဝတာတွေ မကျွေးမိရင် ဒါမှမဟုတ် ကလေးတွေကိုယ်တိုင်က အစားချေးများတယ်ဆိုရင် သံဓာတ်ချို့တဲ့နိုင်ချေဟာ အရမ်းများပါတယ်။ ဒီလိုကလေးတွေမှာ သန်ရောဂါတွေ၊ အာဟာရဓာတ်စုပ်ယူမှုမကောင်းတဲ့ ရောဂါတွေသာ ထပ်ရှိခဲ့ရင် သံဓာတ်ချို့တဲ့တာဟာ ပိုဆိုးနိုင်ပါတယ်။

>> ကြီးထွားဖွံ့ဖြိုးတဲ့အရွယ်ကလေးတွေ သံဓာတ်လုံလောက်စွာ ရရှိပြီး သံဓာတ်ချို့တဲ့တာ မဖြစ်အောင်ဆိုရင် -

● သံဓာတ်ကြွယ်ဝတဲ့ ဝက်သား၊ အမဲသား၊ ကြက်သား၊ ပင်လယ်စာ၊ တို့ဖူး၊ ပဲအမျိုးမျိုးနဲ့ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေလို သံဓာတ်ကြွယ်ဝတဲ့ အစားအသောက်တွေ ကျွေးပေးပါ။
● နွားနို့တိုက်မယ်ဆိုရင် တစ်နေ့ကို ၁၆-၂၄ အောင်စ (၄၇၃-၇၂၀ မီလီလီတာ) ထက် မပိုပါစေနဲ့။
● သံဓာတ်ဖြည့်စွက်ထားတဲ့ အစားအသောက်တွေ ကျွေးပေးပါ။ အထူးသဖြင့် (၂)နှစ်နှင့်အထက်ကလေးတွေဆိုရင် ကလေးသောက်ဖော်မြူလာနို့မှုန့်တွေတိုက်ပေးပါ။ အဲ့နို့မှုန့်တွေမှာဆိုရင် သံဓာတ်အပါအဝင် ကလေးတွေကြီးထွားဖွံ့ဖြိုးချိန်မှာ လိုအပ်တဲ့ အာဟာရဓာတ်တွေ စုံလင်စွာပါဝင်ပါတယ်။
● သံဓာတ်စုပ်ယူမှုကောင်းအောင် ဗီတာမင်စီကြွယ်ဝတဲ့ ခရမ်းချဥ်သီး၊ ပန်းဂေါ်ဖီစိမ်း၊ လိမ္မော်သီး၊ စတော်ဘယ်ရီသီး တွေ ကျွေးပေးပါ။

Dugro IA 2 (2022)

သံဓာတ်ချို့တဲ့ရင် ကလေးတွေဟာ အားအင်ကုန်ခမ်းပြီး ပင်ပန်းနွမ်းနယ်နေတတ်သလို၊ အစားအသောက်ပျက်ပြီး ရောဂါပိုးတွေ အလွယ်တကူ ကူးစက်ခံရနိုင်ပါတယ်။ ဒါ့အပြင် ကြီးထွားဖွံ့ဖြိုးမှု နှောင့်နှေးတာကြောင့် ကိုယ်ခန္ဓာသေးညှက်နေပြီး ဦးနှောက်စွမ်းဆောင်ရည် ကျဆင်းတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ကျန်းမာတဲ့ကလေးတွေ ဖြစ်ဖို့အတွက် သံဓာတ်ကြွယ်ဝတဲ့ အစားအသောက်တွေကို သေချာဂရုစိုက်ပြီး ကျွေးပေးပါ။ သံဓာတ်ဖြည့်စွက်ထားတဲ့ ဖွံ့ဖြိုးစကလေး ဖော်စပ်စာ၊ ဖော်မြူလာနို့ (Growing Up Milk) တွေကိုလည်း ကလေးအသက်နှစ်နှစ်အထက်ကနေ ကိုးနှစ်အထိ တိုက်ကျွေးပေးပါ။

ဒီလို သံဓာတ်ကြွယ်ဝတဲ့အစားအသောက်တွေကို ပုံမှန်စားပြီး ဖွံ့ဖြိုးစကလေး ဖော်စပ်စာ၊ ဖော်မြူလာနို့ (Growing Up Milk) တွေကို ဖြည့်စွက်တိုက်ကျွေးပေးခြင်းဖြင့် ကလေးတွေရဲ့ ကိုယ်ခံစွမ်းအားကို တစ်ဖက်တစ်လမ်းကနေ ကောင်းစွာမြှင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်။

Dr. Aye Hsu Mon (www.drmyanmar.com)