/
node/11140

ကလေးငယ်တွေရဲ့ နေ့စဉ်အစားအသောက်တွေမှာ ပရိုတင်းဓာတ် ပိုလျှံမှုမရှိစေရန် ဂရုစိုက်သင့်

Category
ကလေးများနှင့်ကျန်းမာရေး

       ကလေးငယ်တွေရဲ့ ကိုယ်အလေးချိန်၊ အသက်အရွယ်အပေါ်မူတည်ပြီး ပရိုတင်းဓာတ်ကို ဖြည့်တင်းပေး ဖို့လိုအပ်ပါတယ်။ ဥပမာအားဖြင့် ကိုယ်အလေးချိန် 28.7 ပေါင်ရှိတဲ့ အသက် 1 နှစ်မှ 3 နှစ်အရွယ် ကလေးတွေဟာ တနေ့တာအတွက် ပရိုတင်းဓာတ် 33 ဂရမ်သာ လိုအပ်ပါတယ်။ ခန္ဓာကိုယ်စွမ်းအင်ရရှိဖို့၊ ဖွံ့ဖြိုးကြီးထွားစေဖို့အတွက် ပရိုတင်းဓာတ်ကို မရှိမဖြစ်လိုအပ်တယ်ဆိုပေမယ့် ပိုလျှံသွားပါက အဝလွန်ခြင်း၊ ရေဓာတ်ခမ်းခြောက်ခြင်း၊ ခန္ဓာကိုယ်အတွင်း အာဟာရဓာတ် အချိုးအဆ မညီမျှခြင်း၊ ကယ်လ်ဆီယမ်ဓာတ်ဆုံးရှုံးခြင်း၊ ကျောက်ကပ်ထိခိုက်ခြင်းတို့ ဖြစ်စေနိုင်တာကြောင့် ကလေးငယ်တွေကို ပရိုတင်းဓာတ်ပါဝင်တဲ့ အစားအစာတွေကျွေးရာမှာ လိုအပ်တဲ့ ပမာဏထက်ပိုပြီး မကျွေးသင့်ပါဘူး။

       ကြက်ရင်အုံသားမှာ ပရိုတင်းဓာတ် 30 ဂရမ်၊ ဥတစ်လုံးမှာ ပရိုတင်းဓာတ်ပါဝင်နှုန်း 8-10 ဂရမ်ရှိပြီး ဒိန်ချဉ်တစ်ခွက်မှာ ပရိုတင်းဓာတ် 4-6 ဂရမ် ပါဝင်ပါတယ်။ ဒါကြောင့် လမ်းလျှောက်တတ်စ ကလေးငယ်တွေအနေနဲ့ ကြက်ရင်အုံသားတစ်ခြမ်း၊ ကြက်ဥမွှေကြော် (ကြက်ဥတစ်လုံးသာကြော်ထားသော)၊ ဒိန်ချဉ်တစ်ခွက်သောက်ရုံဖြင့် ပရိုတင်းအလုံအလောက် ရရှိစေနိုင်ပါတယ်။ အဆီနည်းအသား၊ ကြက်ဆင်သား၊ ငါး၊ ပဲအမျိုးမျိုး၊ နို့၊ ဒိန်ခဲ၊ ဒိန်ချဉ်၊ တို့ဟူး၊ မြေပဲထောပတ်၊ အခွံမာသီးစတဲ့ အစားအစာတွေဟာအသက် 5 နှစ်ကျော် ကလေးတွေအတွက် ပရိုတင်းဓာတ်ရနိုင်တဲ့ အရင်းအမြစ်တွေ ဖြစ်ပါတယ်။

       ကလေးငယ်ရဲ့ ထမင်းပန်းကန်ထဲမှာ ပရိုတင်းဓာတ်ပါတဲ့ အစားအစာ လေးပုံတစ်ပုံနဲ့ ဟင်းသီးဟင်းရွက်ကြော် (သို့) ဟင်းရွက်သုပ်ဖြင့် စီမံထားတဲ့ အာဟာရဖြည့် ထမင်းပန်ကန်ဖြစ်စေသင့်တဲ့အပြင် အခွံချွတ်မထားတဲ့ကောက်နှံနဲ့ လုပ်ထားတဲ့ကွေကာ၊ အညိုရောင်ပေါင်မုန့်၊ ကန်စွန်းဥ စတဲ့ ကာဗိုဟိုက်ဒရိတ်တွေကို ရွေးချယ်စားသုံးတတ်တဲ့ အကျင့်အား ငယ်စဉ်ကတည်းက ပျိုးထောင်ထားသင့်ပါတယ်။

CMS (www.drmyanmar.com)