/
node/11149

သက်လတ်ပိုင်းအမျိုးသားတို့ ကျန်းမာရေးကောင်းမွန်နေစေဖို့

Category
အမျိုးသားများနှင့်ကျန်းမာရေး

1. စိတ်ဖိစီးမှုကင်းဝေးအောင်နေပါ။

အမျိုးသားအများစုဟာ အလုပ်အကိုင်၊ စီးပွားရေးနဲ့ မိသားစုကိစ္စအဝဝကြောင့် သူတို့ရဲ့ အသက် 40 – 50 အရွယ် မှာ အရမ်းစိတ်ဖိစီးမှုများတဲ့ အခြေအနေတွေကို ကြုံတွေ့နေကြရပါတယ်။ စိတ်ဖိစီးမှုကတော့ နှလုံးရောဂါဖြစ် စေတဲ့အကြောင်းအရင်းတစ်ခုပါပဲ။ ဒီနှလုံးရောဂါဟာ အမျိုးသမီးတွေနဲ့စာရင် အမျိုးသားတွေမှာ အသက် ငယ်ငယ်ရွယ်ရွယ်နဲ့ ပိုဖြစ်တတ်ပါတယ်။ ဒါ့အပြင် အသက် 45 - 54 နှစ်အရွယ်ရှိတဲ့ အမျိုးသားတွေအတွက် အသေအများဆုံး ရောဂါတစ်ခုပဲဖြစ်ပါတယ်။ ဒါကြောင့် ခုအချိန်ကစပြီး လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်း၊ ယောဂ ကျင့်ခြင်း၊ တရားထိုင်ခြင်း၊ စိတ်ဖိစီးမှုကို စီမံခန့်ခွဲနည်းသင်တန်းများတက်ခြင်း စသည့် နည်းလမ်းအမျိုးမျိုး သုံးပြီး စိတ်ဖိစီးမှုကိုဖယ်ရှားသင့်ပါတယ်။

 2. ဆရာဝန် မပြဘဲမနေပါနဲ့

မိန်းကလေးတွေက အများအားဖြင့် အသက် 20 ကျော် 30 ဝန်းကျင်လောက်ကတည်းကစပြီး သားအိမ်ခေါင်း စစ်ဆေးဖို့ပဲဖြစ်ဖြစ်၊ ကျန်းမာရေးကိစ္စတစ်စုံတစ်ရာအတွက်ပဲဖြစ်ဖြစ် ဆရာဝန်ဆီကို အနည်းဆုံး တစ်နှစ်တစ်ခါ လောက်ရောက်လေ့ရှိကြပါတယ်။ အမျိုးသားတွေအနေနဲ့တော့ ဆေးခန်းသွားတဲ့အလေ့အကျင့် နည်းပါးပါ တယ်။ သို့သော်လည်း သက်လတ်ပိုင်းအရွယ်ရောက်လာပြီဆိုရင်တော့ ဆေးရုံ၊ ဆေးခန်းသွားပြီး အထွေထွေ ကျန်းမာရေးစစ်ဆေးတဲ့အလေ့အကျင့် (Medical Check Up) ပြုလုပ်သင့်ပါတယ်။

 3. ခါးပတ်လည်မှအဆီပြင်တွေကို လျှော့ချပါ

 သက်လတ်ပိုင်းရောက်လာတဲ့ အမျိုးသားအများစုဟာ ခန္ဓာကိုယ်အလယ်ပိုင်းဖြစ်တဲ့ ဝမ်းဗိုက်နဲ့ခါးပတ်လည်မှာ အဆီတွေ စုလာတတ်ပါတယ်။ ဒါကို ဂရုတစိုက်စောင့်ကြည့်ဖို့လိုအပ်ပါတယ်။ ခါးပတ်လည်အဆီပြင်တွေနဲ့ အဝလွန်ခြင်းဟာ နှလုံးရောဂါနဲ့ ဆီးချိုရောဂါတွေရဲ့ရှေ့ပြေးလက္ခဏာဖြစ်ပါတယ်။

 4. အရေးကြီးတဲ့ ကျန်းမာရေးစစ်ဆေးမှုတွေကို ပြုလုပ်ဖို့မမေ့ပါနဲ့။

 အသက် 20 နဲ့အထက်အမျိုးသားအားလုံး 5 နှစ်တစ်ကြိမ် သွေးတွင်းကိုလက်စရောပမာဏ စစ်ဆေးသင့်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုနည်းပြီး အဝလွန်တဲ့အမျိုးသားတွေနဲ့ မိသားစုထဲမှာ ဆီးချိုရောဂါရှိတဲ့ အမျိုးသားတွေက အသက် 45 နှစ်သို့ 45 နှစ်မတိုင်မီကတည်းက ဆရာဝန်နဲ့တိုင်ပင်ပြီး ဆီးချိုရောဂါ စစ်ဆေးမှုတွေကို ပြုလုပ်ရပါမယ်။ သွေးတိုးရောဂါကိုလည်း မေ့ထားလို့မရပါဘူး။ လေဖြတ်ခြင်းနဲ့နှလုံးရောဂါ များမှ ကာကွယ်ဖို့အတွက် စစ်ဆေးမှုတွေကို ဘယ်လောက်ကြာရင် ပြန်ပြန်လုပ်နေရမလဲဆိုတာ ဆရာဝန်ကို မေးမြန်းပါ။ အူမကြီးမှန်ပြောင်းကြည့်ခြင်းကိုလည်း အသက် 50 အရွယ်ရောက်ရင် (ဖြစ်နိုင်ချေများရင် ဒီထက် စောစော) ပြုလုပ်သင့်ပါတယ်။

 

Dr. Mya Myo Myo Swe (www.drmyanmar.com)