လက်တို့စ်နို့သကြားဓာတ်ကို မချေဖျက်နိုင်ခြင်း
Lactose Intolerance ဆိုတာ နို့ နှင့် နို့ထွက်ပစ္စည်းများမှာပါ၀င်တဲ့ Lactose သကြားဓာတ်ကို ခန္ဓာကိုယ်က မချေဖျက်နိုင်တာကိုပြောတာပါ။ ဒီလိုမချေဖျက်နိုင်တာကြောင့် အကျိုးဆက်အနေနဲ့ ၀မ်းပျက်၀မ်းလျှောဖြစ်တာနဲ့ ကြုံရပါတယ်။
♦ Lactose Intolerance ဟာဓာတ်မတည့်မှု (Allergy) တစ်ခုလား?
နို့သောက်ပြီး ၀မ်းပျက်၊ ၀မ်းလျှော ဖြစ်ပါက Lactose Intolerance ကြောင့် ဖြစ်နိုင်သလို နို့မှာ ပါ၀င်တဲ့ ပရိုတင်းဓာတ်ကို ဓာတ်မတည့်တာကြောင့်လည်းဖြစ်နိုင်ပါတယ်။ ၀မ်းပျက် ၀မ်းလျှောဖြစ်တာချင်းတူပေမဲ့ Allergy က ခုခံအားစနစ်ရဲ့ တုန့်ပြန်မှုတစ်ခုဖြစ်ပြီး Lactose Intolerance ကတော့ အစာခြေစနစ်နဲ့ပဲ သက်ဆိုင်တာဖြစ်ပါတယ်။ နို့သောက်ပြီး ၀မ်းပျက် ၀မ်းလျှောဖြစ်ရုံသာမက အရေပြားတွင် အနီစက်ထွက်ခြင်း၊ ယားယံခြင်း၊ မျက်နှာနှင့် နှုတ်ခမ်းရောင်ရမ်းခြင်းတို့ကိုခံစားရပါက နို့မှာပါ၀င်တဲ့ ပရိုတင်းဓာတ်နဲ့ ဓာတ်မတည့်တာ ဖြစ်ပါတယ်။
နို့သောက်တိုင်း၀မ်းလျှောတတ်တဲ့ ကလေးငယ်ကို ဆရာ၀န်နှင့်ပြသပြီးအကြံဉာဏ်တောင်းခံပါ။
♦ Lactose Intolerance ဖြစ်စေတဲ့ အကြောင်းရင်းတွေကဘာတွေလဲ?
Lactase အင်ဇိုင်းဟာ Lactose သကြားဓါတ်ကို monosaccharides အဖြစ် ပြောင်းလဲပေးတဲ့ အင်ဇိုင်းဖြစ်ပြီး ၎င်းအင်ဇိုင်းချို့တဲ့လာသောအခါ Lactose သကြားဓာတ်များ စုပုံလာသဖြင့် ၀မ်းပျက် ၀မ်းလျှော ဖြစ်စေပါတယ်။
Lactase အင်ဇိုင်းချို့တဲ့စေတဲ့ အကြောင်းရင်းတွေကတော့ -
- မွေးကတည်းက Lactase အင်ဇိုင်းချို့တဲ့ခြင်း (Congenital Lactase Deficiency)
- Lactase enzyme ထုတ်ပေးသော အူအတွင်းရှိဆဲလ်များပျက်ဆီးခြင်း (ဥပမာ- အစာအိမ်နှင့် အူလမ်းကြောင်း ရောင်ရမ်းခြင်းကြောင့် အူအတွင်းရှိဆဲလ်များပျက်ဆီးခြင်း)
- လမစေ့လဲမွေးဖွားခြင်း - မွေးဖွားမည့်အချိန်ထက် 6 ပတ်ခန့် စောပြီးမွေးဖွားသော ကလေးများတွင် Lactase အင်ဇိုင်းပမာဏချို့တဲ့ တတ်ပါတယ်။
♦ Lactose Intolerance ကိုကုသလို့ရလား?
Lactose Intolerance ကိုကုသလို့ရတဲ့ ဆေးမရှိပါဘူး။
Lactose Intolerance ရှိသူတွေအနေဖြင့် အောက်ပါတို့ကိုလိုက်နာဆောင်ရွက်သင့်ပါတယ်။
စားသောက်ကုန်တွေရဲ့အညွှန်းကိုသေချာစွာဖတ်ပါ။ Lactose Free Formula နဲ့ ပြုလုပ်ထားတဲ့ စားသောက်ကုန်များကိုရွေးချယ်ပါ။ Cheddar ကဲ့သို့သော ဒိန်ခဲအမာတွေနဲ့ အမည်းရောင် ချောကလက်တွေမှာ Lactase သကြားပါ၀င်မှုမရှိပါဘူး။ နို့ချောကလက်၊ မလိုင်၊ နွားနို့၊ ပေါင်မုန့်၊ ရိုးရိုးဒိန်ချဉ်၊ ရေခဲမုန့်၊ ကိတ်မုန့်၊ မာဂျရင်း၊ အချိုပွဲတွေဟာ Lactose သကြားပါ၀င်တဲ့ အစားအစာတွေဖြစ်ပါတယ်။
ကလေးငယ်တွေ Lactose Intolerance ရှိပါကကလေးငယ်ကို နို့နှင့် နို့ထွက်ပစ္စည်းများ တိုက်ကျွေးပါက သတိပြု၍ တိုက်ကျွေးပါ။ အချို့သောကလေးငယ်များက အနည်းငယ်သောပမာဏကို စားသုံးရုံမျှနဲ့ ၀မ်းပျက် ၀မ်းလျှောဖြစ်လေ့ရှိပါတယ်။ ဒါ့ကြောင့် ကလေးငယ်စားသုံးနိုင်သောပမာဏကိုသိထားဖို့ လိုအပ်ပါတယ်။
နို့နှင့် နို့ထွက်စားသောက်ကုန်ချည်းမဟုတ်ဘဲ အခြားသောအစားအစာများနှင့်အတူ ကျွေးမွေးပါ။ အကျိုးပြု ဘက်တီးရီးယားတွေပါ၀င်တဲ့ Live Culture yogurt ဒိန်ချဉ်က Lactase အင်ဇိုင်း ထုတ်ပေးနိုင်တာကြောင့် ကလေးငယ်အားတိုက်ကျွေးနိုင်ပါတယ်။ နို့နှင့် နို့ထွက်ပစ္စည်းများကရရှိမယ့် ဗီတာမင် A၊ ဗီတာမင် Dနဲ့ ဖော့စ်ဖရပ်စတဲ့ အာဟာရဓာတ်များရရှိဖို့အတွက်ကတော့ ဆရာ၀န်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
Dr.Htet Htet Aung (www.drmyanmar.com)






























