/
node/11225

အပေါ်သွေးတစ်မျိုးတည်းတက်ရတဲ့ အကြောင်းရင်းများ

Category
သက်ကြီးပိုင်းနှင့်ကျန်းမာရေး

အပေါ်သွေးတစ်မျိုးပဲတက်တယ်ဆိုတာ

 

          သွေးပေါင်ချိန်မှာ အပေါ်သွေးနဲ့ အောက်သွေးဆိုပြီးရှိပါတယ်။ အပေါ်သွေးတစ်မျိုးပဲ တက်တယ်ဆိုတာ အောက်သွေး 90 mmHg အောက်ရှိပြီး အပေါ်သွေး 140 mmHg အထက်မှာရှိတဲ့ အခြေအနေကိုဆိုလိုတာဖြစ်ပါတယ်။ အပေါ်သွေးပမာဏမြင့်တက်နေရခြင်းဟာ အသက်အရွယ်ကြီးရင့်ခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ သွေးကြောများရဲ့ပြောင်းလဲမှုများနှင့်ဆက်စပ်နေတာကြောင့် အသက်ကြီးသူတွေမှာပိုပြီးအဖြစ်များပါတယ်။ ဒီအပေါ်သွေးတစ်ခုပဲတက်တာဟာ လေဖြတ်ရောဂါ၊ နှလုံးတိုက်ခိုက်ခံရခြင်းနဲ့ ကျောက်ကပ်ရောဂါများရဲ့ အဓိကအကြောင်းရင်းဖြစ်တာကြောင့် မပေါ့ဆသင့်ပါဘူး။

 

1. အသက်ကြီးလာခြင်း

        အသက် 60 ကျော် လူကြီးများတွင် 65% ခန့်က အပေါ်သွေး 140 mmHg ကျော်နေတာကိုတွေ့ရပါတယ်။ အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ သွေးကြောများမာကျောလာခြင်းနှင့် သွေးကြောနံရံများတွင် အဆီဖတ်များစုပုံလာခြင်းတို့ကြောင့် အပေါ်သွေးပမာဏမြင့်တက်လာပါတယ်။

 

2. မှားယွင်းသောနေထိုင်မှုပုံစံ

        ဆေးလိပ်သောက်သုံးခြင်း၊ အရက်ကိုအလွန်အကျွံသောက်သုံးခြင်း၊ အငန်ဓာတ်ကိုလွန်ကဲစွာစားသုံးခြင်း၊ ကိုယ်အလေးချိန်ကိုမထိန်းသိမ်းခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းပါးခြင်းစတာတွေက အပေါ်သွေးပမာဏမြင့်တက်ခြင်းကို ဦးတည်နေပါတယ်။

 

3. စိတ်ဖိစီးမှုများခြင်း

        စိတ်ကျန်းမာရေးကောင်းမွန်မှ ကိုယ်ကျန်းမာရေးလည်းကောင်းမွန်မှာဖြစ်ပါတယ်။ စိတ်ဖိစီးမှုဟာ သွေးဖိအားအပေါ်မှာသက်ရောက်မှုရှိတာကြောင့် တရားထိုင်ခြင်း၊ သီချင်းနားထောင်ခြင်း၊ လေ့ကျင့်ခန်းပြုလုပ်ခြင်းတို့ဖြင့် စိတ်ဖိစီးမှုလျော့ကျအောင်ပြုလုပ်ပါ။

 

4. နာတာရှည် ကျောက်ကပ်ရောဂါရှိခြင်း

        များသောအားဖြင့် သွေးပေါင်ထိန်းညှိခြင်းဖြစ်စဉ်အများစုကို ကျောက်ကပ်အတွင်းမှာ လုပ်ဆောင်လေ့ရှိတာကြောင့် ကျောက်ကပ်မကောင်းတဲ့သူတွေမှာ သွေးတိုးရောဂါဖြစ်နိုင်ချေ အလားအလာပိုများပါတယ်။

 

5. ပင်မသွေးလွှတ်ကြောမာကျောခြင်း

        Aorta သည် နှလုံးရဲ့အဓိကသွေးကြောမကြီးဖြစ်ပြီး နှလုံးမှတဆင့် သွေးတွေကိုခန္ဓာကိုယ်တစ်ခုလုံးဆီ သို့ ရောက်ရှိအောင် ပို့ဆောင်ပေးပါတယ်။ လူကြီးပိုင်းရောက်လာချိန်တွင် aorta ရဲ့ ဆန့်နိုင်ကျုံ့နိုင်စွမ်းအားလျော့ကျလာပြီး မာကျောလာတာကြောင့် နှလုံးမှသွေးတွေကိုပို့ဆောင်ရန် တွန်းအားများများလိုအပ်တာနဲ့အမျှ အပေါ်သွေးဖိအားပမာဏလည်းမြင့်တက်လာပါတယ်။

 

6. သိုင်းရွိုက်ဟော်မုန်း

        သိုင်းရွိုက်ဂလန်းဟာ ခန္ဓာကိုယ်ရဲ့လုပ်ဆောင်မှုတော်တော်များများအတွက် မရှိမဖြစ်အရေးပါတဲ့အင်္ဂါတစ်ခုဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် သိုင်းရွိုက်ဟော်မုန်းပမာဏများပြားနေခြင်းက နှလုံးခုန်မြန်ခြင်းနှင့် သွေးတိုးခြင်းကိုဖြစ်စေပါတယ်။

 

7. အယ်ဒိုစတီရုန်း (Aldosterone) ပမာဏများပြားနေခြင်း

        ခန္ဓာကိုယ်တွင်းရှိသွေးပမာဏနှင့် ဆိုဒီယမ်ပမာဏတို့ကိုပုံမှန်ဖြစ်နေစေရန် အယ်ဒိုစတီရုန်းဟော်မုန်းက လုပ်ဆောင်ပေးပါတယ်။ ဒါကြောင့် ၎င်းဟော်မုန်းမြင့်တက်နေပါက သွေးတိုးရောဂါခံစားရခြင်းဖြစ်ပါတယ်။

 

8. ဆေးဝါးများ

        လူသုံးများပြီး ဆေးဆိုင်မှာအလွယ်တကူ၀ယ်လို့ရတဲ့ ဆေးအချို့ကြောင့်လည်း သွေးပေါင်ချိန်တက်နေနိုင်ပါတယ်။

 

1. စတီးရွိုက်မဟုတ်သော အရောင်ကျဆေးဝါးများ (NSAID) ဥပမာ- Ibuprofen

2. သန္ဓေတားဆေးများ

3. စိတ်ကျရောဂါကုဆေးဝါးများ ဥပမာ- fluoxetine

4. ခေါင်းတစ်ခြမ်းကိုက်ရောဂါကုဆေးဝါးများ ဥပမာ- Imitrex

5. ကိုကင်းနှင့်အခြားသောစိတ်ကြွဆေးများ

6. နှာစေးပျောက်ဆေးများ (pseudoephedrine) ဥပမာ- Sudafed

 

Dr. Htet Htet Aung (www.drmyanmar.com)