/
node/11299

အသက်အရွယ်ရလာတာနဲ့အမျှ ပြုလုပ်သင့်သော ကိုယ်လက်လှုပ်ရှားမှုများ

Category
သက်ကြီးပိုင်းနှင့်ကျန်းမာရေး

        များသောအားဖြင့် အသက်အရွယ်ရလာတာနဲ့အမျှ မိမိကိုယ်ကို စွမ်းဆောင်ရည်တွေ လျော့နည်းလာပြီး ဘာကိစ္စကိုမှ ရည်ရွယ်ချက်အထမြောက်အောင် ဆောင်ရွက်နိုင်ခြင်းမရှိကြတော့ဘူးလို့ ယူဆထားတတ်ကြပါတယ်။ ဒီအယူအဆကို အသက် ၆၅ နှစ်နဲ့အထက် အသက်အရွယ် အပိုင်းအခြားတွေမှာ အများဆုံးတွေ့ရလေ့ရှိပါတယ်။ စိတ်ဓာတ် ကျလာတဲ့အတွက် ကိုယ်ခန္ဓာလှုပ်ရှားမှုလည်း လျော့နည်းလာပါတယ်။ လှုပ်ရှားမှုနည်းခြင်းကြောင့် ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးတွေနဲ့ ရင်ဆိုင်ရနိုင်တယ်ဆိုတာကို လျစ်လျူရှုမထားသင့်ပါဘူး။ ဒါကြောင့် တစ်နေ့တာအချိန် အတောအတွင်းမှာ မိ်မိတတ်နိုင်သလောက် ကိုယ်လက်လှုပ်ရှားမှုကို ပြုလုပ်ပြီး အထိုင်များတဲ့အချိန်တွေကို ချိုးဖျက်သင့်ပါတယ်။

        ခန္ဓာကိုယ်ဟန်ချက် ကောင်းစွာမထိန်းနိုင်သူ၊ အရိုးအားနည်းခြင်းကြောင့် ကြာရှည်စွာ မတ်တပ်မရပ်နိုင်သူတွေနဲ့ နာတာရှည်ရောဂါကြောင့် ဆေးမှီ၀ဲနေရသူတွေအနေနဲ့ နေ့စဉ် ယောဂကျင့်ခြင်း (သို့) ထိုက်ချိလေ့ကျင့်ခြင်း (အသက် ပြင်းပြင်းရှူနေစဉ်မှာ ခန္ဓာကိုယ်ကို ဖြည်းညှင်းညင်သာစွာ လှုပ်ရှားပေးရသော လေ့ကျင့်ခန်းဖြစ်ပြီး လှုပ်ရှားမှုတိုင်းအပေါ်မှာ မိမိအာရုံစူးစိုက်ထားရမှာဖြစ်ပါတယ်) ဖြင့်စိတ်ဖိစီးမှုနဲ့ ပူပန်သောကတွေကို လျော့ချနိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းဟာ အသက်ကြီးသူတွေအတွက် မှတ်ဉာဏ်ချို့ယွင်းခြင်းမှ ကာကွယ်ပေးနိုင်တဲ့အပြင် အရိုးကြွက်သားကို သန်မာအားကောင်း စေနိုင်တာကြောင့် အသက်အရွယ်ရလာလေ လေ့ကျင့်ခန်းလုပ်ဖို့လိုလေပါပဲ။ ဒါကြောင့် အသက် ၆၅ နှစ်နဲ့အထက်မှာ ပြုလုပ်သင့်တဲ့ ကိုယ်လက်လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီးရေးသားဖော်ပြလိုက်ပါတယ်။

 

အပတ်စဉ် ၂ နာရီခွဲ အချိန်ပေးသင့်သော သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားမှုများ

-   လမ်းမြန်မြန်လျှောက်ခြင်း

-   စက်ဘီးစီးခြင်း

-   အဖော်နှင့် တင်းနစ်ရိုက်ခြင်း

-   မြက်ရိတ်စက်ဖြင့် မြက်ရိတ်ခြင်း

-   ဘော်လီဘောကစားခြင်း

-   လှေလှော်ခြင်း

 

အပတ်စဉ် ၁ နာရီ ၁၅ မိနစ် အချိန်ပေးသင့်သော အားမာန်ပါတဲ့ ကိုယ်လက်လှုပ်ရှားမှုများ

-   ရွရွပြေးခြင်း (သို့) ပြေးခြင်း

-   အေရိုးဗစ်ကစားခြင်း

-   ရေမြန်မြန်ကူးခြင်း

-   စက်ဘီးမြန်မြန်စီးခြင်း

-   တင်းနစ်ရိုက်ခြင်း (တစ်ဦးတည်တင်းနစ်ရိုက်ခြင်း)

-   ဘောလုံးကန်ခြင်း

-   ခြေလျင်ခရီးထွက်ခြင်း

-   ကခုန်ခြင်း

-   ဂျူဒို၊ ကရာတေးလေ့ကျင့်ခြင်း

      ကိုယ်လက်လှုပ်ရှားမှုတွေဟာ အသက်ရှူနှုန်းမြန်စေကာ နှလုံးခုန်နှုန်းကို မြှင့်တင်ပေးနိုင်တာကြောင့် နှလုံး ကျန်းမာရေးကောင်းစေနိုင်ပါတယ်။ နေ့စဉ် အိမ်မှုကိစ္စေ၀ယျာ၀စ္စတွေဖြစ်တဲ့ ဈေး၀ယ်ထွက်ခြင်း၊ ချက်ပြုတ်ခြင်းဟာ ခန္ဓာကိုယ်လှုပ်ရှားမှုဖြစ်ပေမယ့် အခိျန်သတ်မှတ်ပြီး လုပ်ဆောင်ရတဲ့ ကိုယ်လက်လှုပ်ရှားမှုလောက်တော့ အကျိုးမများစေပါဘူး။ ဒါကြောင့် လေ့ကျင့်ခန်းလုပ်ဖို့ အချိန်သီးသန့်ပေးနိုင်တာ အကောင်းဆုံးဖြစ်ပါတယ်။

 

တစ်ပတ်လျှင် ၂ ရက် (သို့) ၂ ရက်အထက် ပြုလုပ်သင့်သော ကြွက်သားသန်မာ အားကောင်းစေတဲ့ ကိုယ်လက်လှုပ်ရှားမှုများ

-   အိပ်၊ ထ၊ မ၊ တင်လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ ဒိုက်ထိုးခြင်း

-   ယောဂကျင့်ခြင်း

-   အလေးမခြင်း

-   ဥယျာဉ်ခြံစိုက်ပျိုးခြင်း (ဥပမာ -ပေါက်တူး၊ ဂေါ်ပြားအသုံးပြုပြီးမြေတူးဆွခြင်း)

-   ကခုန်ခြင်းကဲ့သို့ ခြေလှမ်းစိပ်၊ ခြေလှမ်းကျဲတို့ဖြင့်လျှောက်လှမ်းခြင်း၊ ခုန်ခြင်းစတဲ့

ကိုယ်လက်လှုပ်ရှားမှုတွေဟာ အရိုးနဲ့ ကြွက်သားတွေကို သန်မာအားကောင်းစေတာကြောင့် ခန္ဓာကိုယ် ဟန်ချက်ညီညီ မထိန်းနိုင်ခြင်းမှ ကာကွယ်ပေးတဲ့အပြင် သွေးတွင်းသကြားဓာတ်နဲ့ သွေးပေါင်ချိန်ကို ပုံမှန်ဖြစ်စေနိုင်ကာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ကိုယ်အလေးချိန်ကို ရရှိပိုင်ဆိုင်နိုင်စေပါတယ်။

 

CMS (www.drmyanmar.com)