/
node/11328

မွေးကင်းစကလေး လိင်အင်္ဂါရောင်ရမ်းတာ စိုးရိမ်ရသလား ?

Category
ကလေးများနှင့်ကျန်းမာရေး

           မွေးကင်းစအချိန်တွင် ကလေးငယ်တို့၏လိင်အင်္ဂါမှာ ပုံမှန်ထက် ရောင်ရမ်းကြီးထွားနေသည်ကို ကြုံတွေ့ရတတ်ပါတယ်။ သားယောက်ျားလေးများတွင် မွေးမွေးချင်း ဝှေးစေ့နှစ်ဖက်လုံးရောင်နေခြင်း၊ သမီးမိန်းကလေးများတွင် မွေးမွေးချင်းမိန်းမလိင်အင်္ဂါ ဖောင်းရောင်နေခြင်းတို့ဟာ မွေးကာနီးအချိန်တွင် မိခင်ထံမှရရှိသော ဟော်မုန်းများ ကလေးငယ်တွင် များနေခြင်း (သို့မဟုတ်) မွေးကင်းစကလေးငယ်တွင် ကိုယ်တွင်းအရည်များ များပြားနေခြင်းတို့ ကြောင့် အဖြစ်များဆုံးဖြစ်ပြီး ရက်အနည်းငယ်အတွင်း ကလေးငယ်စွန့်ထုတ်လိုက်သော ဆီးမှတဆင့် ပိုနေသောအရည်များ၊ ဟော်မုန်းဓာတ်များပါသွားတတ်ပြီး ပုံမှန်အတိုင်းပြန်ဖြစ်သွားတတ်ပါတယ်။ ဒါပေမယ့် ရက်အနည်းငယ်ကြာသည်အထိ သက်သာပျောက်ကင်းခြင်းမရှိပါက အခြားသောရောဂါအခြေအနေများကို စဉ်းစားရန်လိုအပ်လာတဲ့အတွက် ကလေးဆရာ၀န်နှင့် သေချာတိုင်ပင်သင့်ပါတယ်။

          သားယောက်ျားလေးတွင် အထူးသဖြင့် ဝှေးစေ့တစ်လုံးသာ ဖောင်းနေပါက ဝမ်းဗိုက်အတွင်းမှအရည်များ ကပ်ပယ်အိတ်အတွင်း လာရောက်စုနေတတ်သော ရေမုတ်ရောဂါ (Hydrocele) သော်လည်းကောင်း၊ အူကျခြင်း (Inguinal Hernia) ကြောင့်သော် လည်းကောင်း ဖြစ်နိုင်ပါတယ်။ သမီးမိန်းကလေးတွင် မိခင်ထံမှ ဟော်မုန်းဓာတ်များခြင်းကြောင့် မိန်းကလေးလိင်အင်္ဂါရောင်ရမ်းခြင်းသာမက လိင်အင်္ဂါမှ အဖြူဆင်းခြင်း၊ သွေးအနည်းငယ် ဆင်းခြင်းတို့ လည်း ဖြစ်ပေါ်တတ်ပါတယ်။ သို့ရာတွင် အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း ရက်အနည်းငယ် အတွင်း ပျောက်ကင်းတတ်သည့်အတွက် ရက်အနည်းငယ်အတွင်းမသက်သာပါက ကလေးငယ်အား ဆရာဝန်နှင့်ပြသရန် လိုအပ်မည်ဖြစ်ပါသည်။   သမီးမိန်းကလေးများတွင် ရောင်ရမ်းမှု ဆက်လက်ဖြစ်ပေါ်နေရခြင်းမှာ ပေါင်ခြံတစ်ဖက် (သို့မဟုတ်) နှစ်ဖက်လုံးရှိ ပြန်ရည်ကြောအကျိတ် များကြီးနေခြင်းကြောင့်ဖြစ်နိုင်ပြီး မွေးရာပါ ကျားဟော်မုန်းဓာတ်ထုတ်လုပ်မှုများနေသောရောဂါ (Congenital Adrenal Hyperplasia) ကြောင့်လည်း ဖြစ်နိုင်ပါတယ်။

          ဒါကြောင့် မွေးကင်းစမှာ လိင်အင်္ဂါတွေ ရောင်ရမ်းကြီးထွားနေရင် အရမ်းကြီးလဲ စိတ်ပူဖို့မလိုသလို ပေါ့ပေါ့ဆဆလဲ မနေသင့်ဘဲ သတိထားပြီး စောင့်ကြည့်သွားသင့်ပါတယ်။

 

Dr. Thanda Lin  (www.drmyanmar.com)