/
node/11432

လည်ပင်းကျီးပေါင်းတက်ခြင်း

Category
သက်ကြီးပိုင်းနှင့်ကျန်းမာရေး

        လည်ပင်းအရိုးကျီးပေါင်းတက်ခြင်းသည် အသက်အရွယ်ကြီးလာခြင်းကြောင့် အရိုးအဆစ်များပြောင်းလဲ ပျက်ယွင်းရာမှဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။ အမျိုးသမီးများတွင်အဖြစ်များလေ့ရှိပြီး အသက် 65 နှစ်အထက် လူကြီးများ၏ 90% ဟာ လည်ပင်းအရိုးကျီးပေါင်းတက်ခြင်းကို ခံစားနေရတယ်လို့ လေ့လာမှုများအရ သိရပါတယ်။

 

ရောဂါလက္ခဏာများ

        ရောဂါအစပိုင်းမှာ လက္ခဏာပြလေ့မရှိပါဘူး။ အချိန်ကြာလာပြီဆိုရင်တော့ လည်ပင်းနဲ့ ဂုတ်ပိုးမှာ နာလာတာ၊ တောင့်တင်းလာတာတွေကို ခံစားရနိုင်ပါတယ်။

          တစ်ခါတစ်ရံမှာ ဒီကျီးပေါင်းက လည်ပင်းအဆစ်ရိုးတွေကြားထဲရှိ အာရုံကြောမကြီးကို သွားဖိမိပြီး ခန္ဓာကိုယ်ရဲ့ အခြားနေရာတွေမှာပါ ဝေဒနာတွေ ခံစားရတတ်ပါတယ်။ ဥပမာ-

-      ခြေလက်များထုံကျဉ်ခြင်း၊ အားမရှိသလိုခံစားရခြင်း

-       လမ်းလျှောက်ရခက်ခဲခြင်း၊ ပစ္စည်းများကို ထိတွေ့ကိုင်တွယ်ရန် ခဲယဉ်းခြင်း

-       ဆီး၀မ်းမထိန်းနိုင်ခြင်း တို့ကို ခံစားရနိုင်ပါတယ်။

 

ဖြစ်ပွားရသည့်အကြောင်းရင်း

၁။     အဆစ်နှစ်ခုကြားရှိ Disk ပြားများ ခြောက်သွေ့ခြင်း - အဆိုပါအချပ်ပြား (Disk) သည် အဆစ်နှစ်ခု ကြားတွင် ကူရှင်သဖွယ်ပြုလုပ်ပေးပြီး အရိုးများအချင်းချင်းပွတ်တိုက်မှုမရှိအောင် ပြုလုပ်ပေးပါတယ်။ အသက် 40 ကျော်လာတဲ့ အခါမှာ ၎င်း Disk ပြားများ ခြောက်သွေ့သဖြင့် အရိုးအချင်းချင်း တစ်ခုခုပွတ်တိုက်မိတာကြောင့် အရိုးကျီးပေါင်း တက်ခြင်းကို ခံစားရပါတယ်။

၂။      Herniated disk (အဆစ်ကြားရှိ Disk ပြားကျွံထွက်လာခြင်းကြောင့်လည်းဖြစ်တတ်ပါတယ်။)

၃။      အရိုးအတက်ထွက်ခြင်း -      အသက်အရွယ်ကြီးလာတဲ့အခါ အရိုးကနေ အတက်လေးတွေ ထွက်လာတတ်ပါတယ်။ ထွက်လာတဲ့ အတက်လေးတွေက Disk ပြားကို ထိုးတဲ့အတွက် Disk ပြား ပျက်စီး တတ်ပါတယ်။

၄။      အရိုးတစ်ခုနှင့်တစ်ခုကြားရှိ အရွတ်များမာကြောလာခြင်းတို့ကြောင့်လည်း ဖြစ်နိုင်ပါတယ်။

 

အရိုးကျီးပေါင်းတက်ခြင်းဖြစ်ပွားမှုကို မြင့်တက်စေသော အကြောင်းရင်းများ -

-      အသက်အရွယ်ကြီးခြင်း

-      လည်ဂုတ်ပေါ်တွင် ဖိအားသက်ရောက်မှုများစေသောအလုပ်လုပ်ကိုင်နေသူများ

-      လည်ပင်းထိခိုက်ဒဏ်ရာရခြင်း

-      မိသားစုမျိုးရိုးလိုက်ခြင်း

 

နောက်ဆက်တွဲဆိုးကျိုးများ

        ကျီးပေါင်းဟာ အာရုံကြောကို တိုက်ရိုက်ဖိအားပေးတာကြောင့် ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံး အားနည်းခြင်း၊ လမ်းကောင်းကောင်းမလျှောက်နိုင်ခြင်း၊ ခန္ဓာကိုယ်ဟန်ချက်မညီခြင်းစတဲ့ နောက်ဆက်တွဲ ဆိုးကျိုးများကို ဖြစ်ပေါ်စေပါတယ်။

 

စမ်းသပ်စစ်ဆေးခြင်း

        အရိုးကျီးပေါင်းတက်တာဟုတ် မဟုတ် X-ray ရိုက်ခြင်း၊ CT Scan နဲ့ MRI ရိုက်ခြင်းတို့ဖြင့် သိနိုင်ပါတယ်။ အာရုံကြောများရဲ့လုပ်ဆောင်မှုကောင်းမကောင်းသိဖို့အတွက် Electromyogram (EMG) နဲ့ Nerve Conduction Study တို့ပြုလုပ်နိုင်ပါတယ်။

ကုသမှု

        ရောဂါလက္ခဏာပြင်းထန်မှုပေါ်မူတည်ပြီး ကုသမှုကွဲပြားနိုင်ပါတယ်။

 

၁။ သောက်ဆေးများ

        နာကျင်မှုသက်သာစေရန် NSAID အုပ်စု၀င် အကိုက်အခဲပျောက်ဆေးတွေ၊ Gabapentin နဲ့ Pregabalin ကဲ့သို့သောဆေးဝါးတွေအသုံးပြုနိုင်ပါတယ်။ အခြားအသုံးပြုနိုင်တဲ့ဆေးဝါးများကတော့ -

          Muscle relaxants ကြွက်သားပျော့ဆေး (Cyclobenzaprine, Methocarbamol)

          စတီးရွိုက်ဆေးဝါး (Prednisone)

          Narcotics ပါ၀င်တဲ့ အကိုက်အခဲပျောက်ဆေး (Hydrocodone , Oxycodone) တို့ဖြစ်ပါတယ်။

 

၂။ လေ့ကျင့်ခန်းကုထုံး ( Physiotherapy)

        လည်ပင်းနဲ့ ပခုံးက ကြွက်သားတွေကို သန်မာစေဖို့ လည်ပင်းကအဆစ်တွေကို စက်ကိရိယာသုံးပြီး ဆွဲဆန့်တာမျိုး ကို ကျွမ်းကျင် Physiotherapist ပညာရှင်ဆီမှာ ပြုလုပ်ပေးနိုင်ပါတယ်။ ဒီလို ဆွဲဆန့်ပေးခြင်း (Traction ) လုပ်ပေးခြင်းဖြင့် အထက်ကဖော်ပြခဲ့တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေမဖြစ်အောင် ကာကွယ်ပေးနိုင်သလို ဖြစ်နေပါက လည်း သက်သာအောင် ကုသပေးနိုင်ပါတယ်။ လူနာအနေနဲ့ စိတ်ရှည်ရှည်နဲ့ ကုသမှုခံယူဖို့တော့ လိုအပ်ပါတယ်။

 

၃။ ခွဲစိတ်ကုသခြင်း

        အထက်ပါ ကုသမှုများနှင့် မသက်သာတော့ဘဲ ခြေလက်တွေမှာပါ ပြင်းပြင်းထန်ထန် နာကျင်ကိုက်ခဲ ထုံကျဉ်လာရင်၊ နေ့တဓူ၀အလုပ်တွေကို ပုံမှန်အတိုင်းလုပ်ဖို့ အရမ်းခက်ခဲလာရင် ခွဲစိတ်မှုခံယူဖို့ လိုအပ်ပါတယ်။

 

အိမ်တွင်းကုထုံး

၁။ လည်ပင်းလေ့ကျင့်ခန်းလုပ်ပါ။

၂။ အေးတဲ့ရာသီဥတုတွင် ရေချိုးဆင်ခြင်ပါ။

၃။ လည်ပင်းကြွက်သားတွေ နာကျင်တောင့်တင်းတာသက်သာဖို့ အပူ (သို့) ရေခဲကပ်ပေးပါ။ 

၄။ လည်ပင်းမှာ Neck Collar တပ်ထားပါ။ ဒါပေမယ့် ကာလကြာရှည်စွာ Neck Collar ကို အသုံးပြုပါက လည်ပင်း ကြွက်သားတွေ ပိုအားနည်းသွားစေနိုင်ပါတယ်။

 (www.drmyanmar.com)