/
node/11453

ဟော်မုန်းအပြောင်းအလဲကြောင့် ခေါင်းတစ်ခြမ်းကိုက်ခြင်း ဖြစ်နိုင်သလား ?

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

          အမျိုးသမီးတွေမှာ ရာသီမလာမီ ခေါင်းတစ်ခြမ်းကိုက်ခြင်းကို ခံစားရလေ့ရှိတယ်ဆိုရင် ဒါက ရာသီလာခြင်းနဲ့ သက်ဆိုင်တဲ့ ခေါင်းတစ်ခြမ်းကိုက်ခြင်း ဖြစ်ပါတယ်။ ရာသီမလာမီ ဟော်မုန်း အပြောင်းအလဲကြောင့် ဒီလိုခံစားရတတ်ပါတယ်။ ရာသီမလာမီမှာ estrogen နဲ့ progesterone လို့ခေါ်တဲ့ အမျိုးသမီးဟော်မုန်းတွေ ကျဆင်းသွားပြီး ဒီအချိန်မှာ ခေါင်းကိုက်တတ်ပါတယ်။

          ၁၉၆၆ ခုနှစ်လောက်တုန်းကတော့ သုတေသီတွေက သန္ဓေတားဆေး အထူးသဖြင့် estrogen ပါဝင်မှုများတဲ့ ဆေးတွေသောက်တဲ့ အမျိုးသမီးတွေမှာ ခေါင်းပိုကိုက်လေ့ရှိတာကို သတိထားမိလာပါတယ်။ ဟော်မုန်းနှစ်မျိုးပါတဲ့ဆေးကို 3 ပတ်သောက်ရပါတယ်။ ရာသီလာတဲ့အပတ်မှာတော့ ဟော်မုန်းမပါတဲ့ဆေး (သို့) ဆေး လုံးဝမသောက်ဘဲ နေရပါတယ်။ ဒီလို estrogen ရုတ်တရက် ကျသွားခြင်းကြောင့် ခေါင်းတစ်ခြမ်း ကိုက်စေပါတယ်။ ဆရာဝန်နဲ့တိုင်ပင်ပြီး estrogen နည်းတဲ့ဆေး (သို့) progestrogen တစ်မျိုးတည်းသာပါတဲ့ ဆေးကို ပြောင်းသောက်နိုင်ပါတယ်။ သွေးဆုံးချိန်မှာ သောက်ရတဲ့ ဟော်မုန်း အစားထိုးဆေးတွေကလည်း ခေါင်းတစ်ခြမ်းကိုက်ခြင်းကို ပိုဆိုးစေနိုင်ပါတယ်။

 

>> ကုထုံးများ

        အကိုက်အခဲပျောက်ဆေးတွေက ရာသီလာချိန် ကြုံတွေ့ရတဲ့ ခေါင်းတစ်ခြမ်းကိုက်ခြင်းအပြင် ရာသီလာလို့ ကိုက်ခဲခြင်းတွေကိုပါ သက်သာစေနိုင်ပါတယ်။

          Triptans လို့ခေါ်တဲ့ ခေါင်းကိုက်ပျောက်ဆေးတစ်မျိုးကလည်း သွေးကြောတွေကို ကျုံ့စေခြင်းအားဖြင့် နာကျင်ကိုက်ခဲခြင်းတွေကို သက်သာစေပါတယ်။

          ရာသီမလာမီ 1 ရက်၊ 2 ရက်ကနေပြီး ရာသီပြီးသွားချိန်အထိ ဆေးသောက်နိုင်ပါတယ်။ အမျိုးသမီးအချို့ကတော့ NSAID နဲ့ Triptan ဆိုတဲ့ ဆေးနှစ်မျိုးလုံး သောက်ဖို့လိုပါတယ်။

 

>> ကာကွယ်ရန်နည်းလမ်းများ

          သန္ဓေတားဆေးများ၊ သားအိမ်ထဲ ထည့်တဲ့ပစ္စည်းစတဲ့ အချို့ သန္ဓေတားနည်းတွေကလည်း ခေါင်းတစ်ခြမ်းကိုက်ခြင်း အကြိမ်ရေ (သို့) ပြင်းထန်မှုကို လျော့ကျစေပါတယ်။

          ခေါင်းတစ်ခြမ်းကိုက်ခြင်းနဲ့အတူ မိုက်ခနဲဖြစ်ခြင်း အလင်းတန်းလိုမျိုး မြင်ရခြင်းတွေပါ ခံစားရတယ်ဆိုရင်တော့ လေဖြတ်နိုင်တဲ့အတွက် ဟော်မုန်းပါတဲ့ သန္ဓေတားဆေးတွေ မသောက်သင့်ပါဘူး။ အသက် 35 နှစ်နဲ့အထက် ဆေးလိပ်သောက်တတ်သူ၊ သွေးတိုး၊ သွေးတွင်းအဆီဓာတ်များခြင်း၊ အဝလွန်ခြင်း၊ ဆီးချိုရောဂါ စတာတွေရှိရင် သန္ဓေတားဆေး မသောက်သင့်ပါဘူး။

          နောက်ထပ်အကြံကောင်းတစ်ခုကတော့ ရာသီမလာမီမှာ ဆားစားသုံးမှုကို လျှော့ချထားခြင်းဖြင့် သွေးတက်ပြီး ခေါင်းကိုက်တာမျိုးမဖြစ်အောင် ထိန်းပေးနိုင်ပါတယ်။

 

>> ကိုယ်ဝန်ဆောင်စဉ် လိုက်နာရမည့်အချက်များ

        ဟော်မုန်းကြောင့်ဖြစ်တဲ့ ခေါင်းကိုက်ခြင်းတွေက ကိုယ်ဝန်ဆောင်ချိန်မှာ ပျောက်သွားတတ်ပါတယ်။ တစ်ခါတလေမှာတော့ ပထမသုံးလအထိ ခေါင်းကိုက်ခြင်းကို ဆက်ခံစားရတတ်ပေမယ့် နောက်ပိုင်းမှာတော့ လုံးဝမခံစားရတတ်ပါဘူး။

          ကိုယ်ဝန်ဆောင်စဉ်မှာ ခေါင်းတစ်ခြမ်းကိုက်ခြင်းအတွက် ဘာဆေးမှ မသောက်ပါနဲ့။ ဆရာဝန်နဲ့ တိုင်ပင်ပြီး အပျော့စား အကိုက်အခဲပျောက်ဆေးတွေတော့ သောက်နိုင်ပါတယ်။ 

 

>> သွေးဆုံးချိန်တွင် ကြုံတွေ့ရတတ်သော ခေါင်းတစ်ခြမ်းကိုက်ခြင်း

        အမျိုးသမီးအများစုမှာ သွေးဆုံးသွားတာနဲ့ ခေါင်းတစ်ခြမ်းကိုက်တာလည်း ရပ်သွားတတ်ပါတယ်။ ဒါပေမဲ့ estrogen ဟော်မုန်းအစားထိုး ကုထုံးခံယူနေတယ်ဆိုရင်တော့ ခေါင်းကိုက် ပိုဆိုးစေနိုင်ပါတယ်။ ဆရာဝန်နဲ့ တိုင်ပင်ပြီး ဆေးပြောင်းသောက်ခြင်း၊ ဆေးပမာဏလျှော့ခြင်း၊ ဆေးရပ်ခြင်းတွေ ပြုလုပ်နိုင်ပါတယ်။

 

Dr. Mya Myo Myo Swe (www.drmyanmar.com)