/
node/3263

အဆီနှင်းခူ

Category
ဆရာ၀န်ကြီးများ ၏ ဆောင်းပါးများ
Author
Dr. ဦးကျော်ကျော်

        အရေပြားရောဂါ တော်တော်များများကို မြန်မာလို ဆီလျော်အောင် ဘာသာပြန်ဖို့ အတော်ခက်ပါတယ်။ ပွေး၊ ၀ဲ၊ နှင်းခူ၊ ခရုသင်း၊ အနာကြီး၊ ၀က်ခြံ၊ ရေယုန် စသဖြင့် ရောဂါအနည်းငယ်လောက်ပဲ အရေပြားရောဂါရှိတယ်လို့ ထင်နေကြတာပါ။ တကယ်တော့ မြောက်မြားလှစွာသော အခြားအရေပြားရောဂါတွေရှိနေတာပါ။ လူသိများတဲ့ ဒါမှမဟုတ် နားယဉ်နေတဲ့ ရောဂါမဟုတ်ရင် လူနာကို ဆရာ၀န်တွေက သူ့ရောဂါနာမည်ကို ဆီလျော်အောင်ပြောပြဖို့ ခက်ပါလေရော။ ခုလည်း နှင်းခူအစို၊ အခြောက်ဆိုတာ နားယဉ်နေကြပေမဲ့ ခေါင်းစဉ်ပေးထားတဲ့ အဆီနှင်းခူဆိုတာ ဘာများပါလိမ့်လို့ အံ့သြသွားမှာပါ။ ကြားမှ မကြားဖူးကြတာပဲကိုး။

 

ဘာလို့ခေါ်တာလဲ

        လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်အရေပြားထဲမှာ အဆီအိတ်တွေ (Sebaceous Gland) ရှိပါတယ်။ ဒီအဆီအိတ်တွေ ဟာ မျက်နှာ၊ ဦးခေါင်း၊ နောက်ကျော၊ အပေါ်ပိုင်းနဲ့ ရင်ဘတ် စတဲ့နေရာတွေမှာ ထူးထူးခြားခြားကိုများပါတယ်။ အထူးသဖြင့် မျက်နှာပေါ့။ ဒါကြောင့် မျက်နှာအဆီပြန်တဲ့ပြဿနာကို တချို့သူမှာကြုံရတာပါ။ ခုလို အဆီအိတ်တွေ ထူထပ်ပေါများတဲ့ နေရာတွေမှာ တချို့သူတွေမှာ အရေပြားရောင်ရမ်းနီရဲသွားတတ်ပါတယ်။ အရေပြားဟာ ပုံမှန်မဟုတ်ဘဲ နီရဲကြွရောင် သွားတာကို နှင်းခူလို့ ခေါ်ပါတယ်။ အဆီများတဲ့ နေရာတွေမှာမှဖြစ်တာမို့ ဒီနှင်းခူအမျိုးအစားကို အဆီနှင်းခူလို့ သမုတ်လိုက်တာပါ။ ဆေးပညာအရ တကယ့်အမည်မှန်က ဆီဘိုးရစ်အဇီးမား (Seborrhoeic Eczema) ပါ။ အဇီးမားဆိုတာ နှင်းခူဆိုတော့ ဆီးဘိုရစ်နှင်းခူဆိုပြီး ဘိုလိုတစ်၀က်၊ မြန်မာလိုတစ်၀က် စပ်ကြား ေဝါဟာရနဲ့ပြောလည်းရပါတယ်။

 

စိတ်ညစ်ညူးစရာ နှင်းခူပါ။

        ခက်တာက ဒီအဆီနှင်းခူဟာ လူမြင်သူမြင်၊ ဖုံးမရ၊ ဖိမရတဲ့မျက်နှာမှာ အဖြစ်များတာမို့ အတော်စိတ်ညစ်ညူးစရာပါ။ နောက်ပြီး ခေါင်းထဲမှာလည်း ဖြစ်တတ်လေတော့ ခေါင်းမှာ ယားရတာနဲ့၊ ဗောက်ဖတ်တွေကွာရတာနဲ့ ကာယကံရှင်ခမျာ အနေရခက်စေတာပါ။ ခြေသလုံးမှာဖြစ်တဲ့ နှင်းခူမျိုးဆိုရင် လုံချည်၊ ဘောင်းဘီနဲ့ဖုံးထားလို့ရသေးရဲ့။ မျက်နှာမှာ ရဲနေတော့ ဟိုလူကမေး၊ ဒီလူကမေးနဲ့၊ မျက်နှာမှာ ၀က်ခြံပေါက်ရင်တွေ့နေကျ၊ မြင်နေကျပြဿနာမို့ ဘယ်သူမှ အရေးတယူလုပ်ပြီး မေးလေ့မရှိပါဘူး။ ဒါပေမဲ့ ဒီအဆီနှင်းခူကျတော့ မျက်နှာက ထူမည်းပြီးရဲနေတာမို့ ဘာဖြစ်တာလဲဆိုပြီး မေးတတ် ကြပါတယ်။ ကြာတော့ ကာယကံရှင်ခမျာ လူကြားထဲမှာ မသွားရဲ၊ မလာရဲတောင်ဖြစ် သွားတတ်ပါတယ်။

 

အဆီပေါတဲ့နေရာ

        မျက်နှာမှာတောင် အဆီအိတ်တွေ ပိုပြီးများတဲ့နေရာမှာမှ ဒီပြဿနာ အဖြစ်များတာပါ။ မျက်နှာရဲ့ အင်္ဂလိပ်အက္ခရာ တီ (T) ပုံသဏ္႑ာန်နေရာတွေမှာ ပိုပြီးအဆီများပါတယ်။ ပြောရရင် မျက်ခုံး (၂) ဖက်နဲ့ နှာခေါင်းရယ်၊ နှာခေါင်းဘေးရယ် ဆိုပါတော့။ ဘယ်ညာ အချိုးညီစွာပါပဲ။ ဒီအဆီနှင်းခူ မျက်နှာမှာဖြစ်ရင် အဲဒီတီဇုံနေရာမှာ အဖြစ်များပါတယ်။ ဒါပေမဲ့ နားထဲမှာလည်း ဖြစ်နိုင်တာပါပဲ။ နားရှေ့နဲ့ နားနောက်တွေမှာလည်း အဆီပေါတော့ အဆီနှင်းခူ တွေ့ရတတ်ပါတယ်။ ရင်ဘတ်နဲ့ နောက်ကျောအလယ်က ကျောမှာလည်း အဆီပေါပါတယ်။ ဒါကြောင့် အဆီနှင်းခူ ဖြစ်လေ့ရှိတာပါ။ ဦးခေါင်းထဲမှာတော့ အဆီအိတ်တွေ ပေါမှာပေါ။ ဒီတော့ တစ်ခါတလေ ခေါင်းတစ်ခုတည်းပဲကွက်ဖြစ် တာမျိုးကြုံရပါတယ်။ ဆံစပ်နေရာတွေမှာပိုပြီး တွေ့ရနိုင်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ရောဂါအတိမ်အနက်တော့ မတူပါဘူး။ တချို့ကျတော့ မျက်နှာတစ်ခုတည်းပဲဖြစ်ပေမဲ့ များသောအားဖြင့် ခေါင်းနဲ့တွဲလျက်ဖြစ်တာမျိုးပါ။ ပြောရရင် အဆီအိတ်ပေါတဲ့ နေရာတွေအားလုံးလိုလို အဆီနှင်းခူ ဖြစ်နိုင်ခြေရှိပါတယ်။ မျက်နှာ၊ ခေါင်း၊ ရင်ဘတ်၊ ကျောအပြင် ဂျိုင်းတို့၊ ဆီးခုံတို့၊ ပေါင်ခြံတို့မှာလည်း အဆီနှင်းခူဖြစ်နိုင်တာပါပဲ။

 

ရောဂါရဲ့ လက္ခဏာတွေ

        အသားဖြူတဲ့သူတွေမှာတော့  သိပ်ကိုသိသာပါတယ်။ နီနီရဲရဲအပြင်တွေပါ။ အသားညို၊ အသားလတ်သူတွေ ကျတော့ ညိုရဲရဲပေါ့။ သေချာကြည့်ရင် အဲဒီအကွက်အပြင်တွေရဲ့ မျက်နှာပြင်မှာ စေးထန်းထန်းနဲ့ ဝါကြန့်ကြန့် အကြေးခွံလေးတွေ ကပ်နေတာပါ။ ကုတ်လိုက်လို့ ဖတ်တွေ ဖွေးခနဲ ကွာကျသွားတာမျိုးမဟုတ်ပါဘူး။ အလွယ်တကူ ခွာချလို့ မရပါဘူး။ နှင်းခူဆိုပေမဲ့ အလွန်အကျွံလည်း မယားပါဘူး။ ဒါပေမဲ့ ခေါင်းမှာဖြစ်ရင်တော့ အကြေးခွံတွေကွာ တတ်တဲ့အပြင် အတော်လေးယားတတ်ပါတယ်။

 

အဖြစ်များသလား

        လူအယောက်တစ်ရာမှာ ငါးယောက်လောက်ထိဖြစ်နေတာဆိုတော့ မပေါမရှားပေါ့။ ဖြစ်ရင်လည်း အမျိုးသား တွေမှာမှပိုပြီး ဖြစ်လေ့ရှိပါတယ်။ လသားအရွယ်ကလေးငယ်တွေမှာလည်း ဒီရောဂါဖြစ်တာပါပဲ။ အထူးသဖြင့် ခေါင်းမှာ ဂျွတ်လိုကပ်နေတာပါ။ ပုခက်ဂျိုးနာ (Cradle Cap) လို့လည်း ခေါ်လေရဲ့။ ကိုယ်ခံအားကျရောဂါ (HIV) ရှိနေသူတွေမှာတော့ ပိုပြီးအတွေ့များသလိုဖြစ်ရင် ပိုပြီးလည်း ပြင်းပြင်းထန်ထန်၊ ကျယ်ကျယ်ပြန့်ပြန့် တွေ့ရပါတယ်။ နောက်တစ်ချက်က စိတ်ဖိစီးမှုပါ။ ဒီရောဂါအခံရှိတဲ့သူတွေမှာ စိတ်ဖိစီးမှုကြုံတဲ့အခါ ၀ုန်းဆို ကောက်ကာ၊ ငင်ကာဖြစ်တတ်ပါသေးတယ်။

 

အဆီနှင်းခူက ကူးတတ်သလား

        ကျွန်တော်တို့လူမျိုးက ကူးစက်အရေပြားရောဂါတွေဆို အလွန်ကြောက်တတ်ပါတယ်။ ဥပမာ - ၀ဲဆိုပါတော့။ ဒါကြောင့် ကိုယ့်ရဲ့အိမ်ထောင်ဖက်မှာ အဆီနှင်းခူရှိလို့ ဆေးခန်းလာပြရင် တခြားသူကို ကူးတတ်သလားလို့ မေးတတ် ပါတယ်။ တကယ်တော့ Pityrosporum ovale ဆိုတဲ့ အရေပြားမှိုတစ်မျိုးကြောင့်ဒီရောဂါဖြစ်ရတာပါ။ ဒါပေမဲ့ သူသူငါငါ ဒီမှိုက ရှိပြီးသားပါ။ အရေအတွက် အနည်းအများပဲကွာကြတာပါ။ ပြောရရင် အဆီနှင်းခူဟာ ကူးစက်ရောဂါမဟုတ်ပါဘူး။ ကိုယ်ခံအားအာဟာရဓာတ်တွေနဲ့ ဆိုင်တယ်လို့ပဲ ပြောရမလိုပါ။ ကိုယ်ခံအားကျနေသူတွေ၊ ဇင့်ဓာတ်၊ နိုင်ယာ စင် (Niacin) ဓာတ်၊ B6 ဓာတ်ချို့တဲ့သူတွေမှာတော့ ပိုပြီးတွေ့နေရလို့ပါ။

 

နေရောင်ခြည်နဲ့ ဆိုင်သလား

        ထူးဆန်းတာက တချို့ကျတော့ နေပြင်းပြင်းထိရင် ရောဂါပိုဆိုး၊ ပိုကြွလာပေမဲ့ တချို့ကျတော့လည်း နေပူမိမှာ ပဲရောဂါဟာ သက်သာသွားတာမိျုးပါ။ ဒီတော့ နေရောင်ခြည် ရှောင့်သင့်၊ မရှောင်သင့် ချင့်ချိန်ကြရမှာပါ။ တကယ်တော့ အတွေ့အကြုံအရ သတိထားမိရင် ကာယကံရှင်တွေကအသိဆုံးပါ။ တချို့ဆောင်းတွင်းမှာ ပိုဆိုးတာမျိုးရှိသလို တချို့ကျ နွေရာသီမှာ ပိုဆိုးတာမျိုးလည်း ရှိလေရဲ့။ တချို့ကျ နွေရာသီမှ သက်သာပေမဲ့ မိုးတွင်းကျရင် ပိုဆိုးတာမျိုးပါ။  ဒါကြောင့် ကံသေ၊ ကံမတော့ ပြောလို့မရပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အနည်းနဲ့အများတော့ ယားတတ်ပါတယ်။ ချေွးတွေထွက်လာရင် ပိုတောင်ယားပါသေးတယ်။

 

ဒါတွေနဲ့ မှားတတ်တယ်

        အဆီနှင်းခူက မျက်နှာ၊ ခေါင်း၊ ရင်ဘတ်၊ ကျောစတဲ့ နေရာတွေမှာဖြစ်တဲ့အပြင် အကွက်တွေကလည်း နီရဲရဲ၊ ညိုဝါဝါဆိုတော့ အခြားအရေပြားရောဂါတွေနဲ့လည်း မှားချင်စရာပါ။ မျက်နှာမှာဆိုရင် ပွေးလိုလို၊ အရေပြားလေးဖက်နာ လိုလို၊ ခေါင်းမှာဆိုရင် ဒက်လိုလို၊ ဆိုရီးယားစစ်ဆိုတဲ့ ဂျွတ်ပွေးနာလိုလို၊ ကိုယ်ပေါ်မှာဆိုရင်တော့ ညှင်းလိုလို၊ ပွေးလိုလို မှားတတ်ပါတယ်။ နောက်ပြီး ဒီရောဂါက ပျောက်လိုက်ပေါ်လိုက်နဲ့ဆိုတော့ ဟိုဟာလိုလို၊ ဒီဟာလိုလိုပါ။ ဟိုဆေးလိမ်းလိုက်၊ ဒီဆေးလိမ်းလိုက်နဲ့ လုံးချာလိုက်နေတတ်ပါတယ်။

 

သက်သာရာ သက်သာကြောင်း

        အရေပြားမှိုတစ်မျိုးနဲ့ နှီးနွယ်ပတ်သက်နေတာမို့ မှိုသတ်ခေါင်းလျှော်ရည်ကိုတော့ သုံးသင့်ပါတယ်။ ခေါင်းမှာ၊ ဆံစပ်မှာဖြစ်ခဲ့ရင် သုံးကိုသုံးရမှာပါ။ ကီတိုကိုနာဇော (Ketoconazole) ပါတဲ့ ခေါင်းလျှော်ရည်တွေပေါ့။ ဒါ့အပြင် ဆေးကတ္တရာ (Coal tar)၊ ဆယ်လီနီယမ်ဆာလ်ဖိုက်ဒ် (Selenium Sulphide)၊ ဆယ်လီစစ်လစ်အက်ဆစ် (Salicylic acid)၊ ဆာလ်ဖာ (Sulphur) ပါတဲ့ ခေါင်းလျှော်ရည်တွေသုံးရင်လည်း သာမန်ခေါင်းလျှော်ရည်တွေလို အမြုပ်ထွက်ပြီး ချက်ချင်း ရေလောင်းချလို့ မရပါဘူး။ အနည်းဆုံး (၃) မိနစ်လောက်ထားပြီးမှ ရေလောင်း၊ သန့်ရှင်းရမှာပါ။

           မျက်နှာနဲ့ အခြားနေရာတွေဖြစ်တဲ့ အဆီနှင်းခူကိုတော့ စတီးရွိုက်ပါတဲ့ လိမ်းဆေးတွေ သုံးရမှာပါ။ စတီးရွိုက် လိမ်းဆေးတွေရဲ့ဆိုးကျိုးကလည်း အများကြီးရှိတာမို့ ဆရာ၀န်ညွှန်ကြားချက်အရ အကန့်အသတ်နဲ့သာ သုံးစေချင်ပါတယ်။ နောက်ပြီး ဒီရောဂါက မကြာခဏ အခန့်မသင့်ရင်ပြန်ဖြစ်တတ်တာဆိုတော့ စတီးရွိုက်လိမ်းဆေးတွေကိုပဲ ထပ်ခါထပ်ခါ သုံးနေရရင် ရေရှည်မှာ အန္တရာယ်ဖြစ်နိုင်ပါတယ်။

           အဆီနှင်းခူဖြစ်တာက အရမ်းများတယ်။ ရုတ်တရက်ကြီး ကောက်ခါငင်ခါ ထဖြစ်တယ်ဆိုရင်တော့ HIV ပိုးရှိ၊ မရှိ လည်းစစ်သင့်ပါတယ်။ ဒီလို HIV မှာဖြစ်တဲ့ အဆီနှင်းခူက ကုလို့လည်းအတော်ခက်ပါတယ်။ မသင်္ကာရင်တော့ HIV ပိုးကို စစ်ကြည့်တာ မမှားပါဘူး။

Credit: ဒေါက်တာကျော်ကျော်

ဇီ၀က (ကျန်းမာရေး၊ အလှအပ၊ သုတ၊ ရသ) မဂ္ဂဇင်း

No. 240, January 2015

www.drmyanmar.com