ချစ်သားဆီသို့ ပေးစာများ
သား ဒီအပတ်တော့ သားကို ဆရာ၀န်များနှင့်ကျန်းမာရေး၀န်ထမ်းများအနေနဲ့ ၀တ်စားဆင်ယင်မှုအကြောင်းကို ဖေဖေရေးပြချင်ပါတယ်။
ဖေဖေတို့ မြန်မာစကားပုံမှာ “လူမှာအ၀တ်၊ တောင်းမှာအကွပ်” လို့ ဆိုပါတယ်။ လူဆိုတာ လူရိုသေ၊ ရှင်ရိုသေ ၀တ်စားဆင်ယင်သင့်တယ်လို့ ဖေဖေမြင်ပါတယ်။ အခုတော့ ခေတ်တွေက ပြောင်းလာတာမို့ အ၀တ်အစားအဆင်အ မျိုးမျိုး၊ ဒီဇိုင်းအထွေထွေတွေပေါ်လာပါပြီ။ လူတွေက လှပအောင် အမျိုးမျိုး၀တ်စားကြတာမြင်တွေ့နေရပါတယ်။ မင်းသား၊ မင်းသမီးတွေ၊ မော်ဒယ်လ်တွေက လှပအောင်၊ စွဲဆောင်မှုရှိအောင် ၀တ်စားပြသကြတာသဘာ၀ကျပါတယ်။
ဒါပေမဲ့ ဆရာ၀န်များနှင့် ဆေး၀န်ထမ်းများဟာ ရုပ်ရည်လှပအောင်၊ ဆွဲဆောင်မှုရှိအောင် ၀တ်စားရမယ့်အလုပ် မျိုးမဟုတ်ဘူးလို့ ဖေဖေထင်ပါတယ်။ ဆရာ၀န်များနှင့် ဆေး၀န်ထမ်းများဟာ သပ်ရပ်သန့်ရှင်းစွာ၀တ်ပြီး အရေးအကြီး ဆုံးဖြစ်တဲ့ လူနာ၏ယုံကြည်မှုနဲ့ လေးစားကြည်ညိုမှုကိုရစေမှုဟာ အရေးကြီးတဲ့ လိုအပ်ချက်တစ်ခုလို့ ဖေဖေမြင်ပါတယ်။
ဖေဖေငယ်ငယ်က စာသင်ပေးတဲ့ ဆရာ၀န်ကြီးတွေ ပညာတော်သင်သွားစဉ်က သူတို့ဆေးရုံတွေမှာ ကျန်းမာရေး ၀န်ထမ်းတွေရဲ့ ၀တ်စားပုံတွေကို မှတ်မိပါတယ်။ သပ်သပ်ရပ်ရပ်၀တ်စားပြီး ကြည့်လိုက်ရင် ဆရာ၀န်၊ ဆရာမ၊ ၀န်ထမ်းများလို့ သိသာစေတဲ့ ၀တ်စားဆင်ယင်မှုတွေ ၀တ်တာကြောင့် ဖေဖေငယ်စဉ်က သူတို့လိုဖြစ်ချင်၊ အားကျ၊ အတုယူချင်တဲ့စိတ်တွေ ပေါ်ပေါက်လာစေပါတယ်။
ဒါကြောင့် ဒီစာထဲမှာ သားကို ဖေဖေ့ခံယူချက်ဖြစ်တဲ့ ဆရာ၀န်များနဲ့ ၀န်ထမ်းတွေရဲ့ ခန္ဓာကိုယ်နဲ့ ၀တ်စားဆင်ယင်မှု တွေကို ရေးပြချင်ပါတယ်။ အခုပြောပြမယ့် အချက်အလက်တွေဟာ ဖေဖေ့အမြင် ဖြစ်ပါတယ်။ သားလက်ခံရင် ဖေဖေကျေနပ်ပါပြီ။
ဆရာ၀န်နှင့် ဆေး၀န်ထမ်းတွေဟာ လူနာ၏ယုံကြည်အားကိုးမှု၊ လေးစားခံရမှုဟာ အရေးပါတဲ့ လိုအပ်ချက်ဖြစ် တာကြောင့် အ၀တ်အစားဆင်ယင်ရာမှာ ဂရုပြုရန်တွေရှိပါတယ်။ ဆရာ၀န်များနှင့် ၀န်ထမ်းများဟာ တန်ဖိုးကြီးသော၊ အဆင်ဆန်းကြယ်သော၊ ခန္ဓာကိုယ်ပေါ်လွင်စေသော၊ အ၀တ်အစားတွေကို ၀တ်စားတာထက် မိမိ၏ လူနာများထက် လွန်မင်းစွာမကွာဟတဲ့ (သင့်တော်သောတန်ဖိုးနှင့် ယဉ်ကျေးသော အဆင်အသွေးရှိတဲ့) ၀တ်စားမှုကို ဆင်ယင်သင့်ပါတယ်။
ဆရာ၀န်များနှင့် ၀န်ထမ်းတွေဟာအရေးကြီးလျှင် အရေးကြီးသလို လှုပ်ရှားဆောင်ရွက်ရတာမို့ သက်သောင့်သက်သာဖြစ်ပြီး သင့်တင့်စွာ ချောင်ချောင်လည်လည်ရှိတဲ့ အ၀တ်အစားမျိုးတွေကို ရွေးချယ်သင့်ပါတယ်။ ဒီနေရာမှာ ယနေ့ဆရာ၀န်၊ ဆေး၀န်ထမ်းများလုပ်ငန်းခွင်မှာ ၀တ်စားကြပုံကို ဖေဖေ နည်းနည်း ရေးပြချင်ပါတယ်။ ဖေဖေတို့ ငယ်ငယ်ကတော့ ဆရာ၀န်တွေဟာ အနောက်တိုင်းဆန်ဆန် ၀တ်စားကြပါတယ်။ ဖေဖေက အနောက်တိုင်း၀တ်စားပုံကို အထင်ကြီးပြီး ပြောတာမဟုတ်ပေမဲ့ အလုပ်ခွင်မှာ ဖေဖေတို့ဟာ အလုပ်နဲ့လိုက်လျောညီထွေအောင် ၀တ်စားရမယ့် တာ၀န်တွေရှိပါတယ်။ ဥပမာ - တပ်မတော်သားတွေ၊ ရဲအမှုထမ်းတွေနဲ့ လေယာဉ်မောင်းသူတွေ အစရှိသဖြင့် တာ၀န်ထမ်းဆောင်နေရတဲ့သူတွေဟာ အလုပ်သဘောအရ အနောက်တိုင်း၀တ်စုံတွေနဲ့ အဆင်ပြေအောင် ၀တ်ရပါတယ်။ ဆရာ၀န်၊ ဆေး၀န်ထမ်းတွေဟာလည်း လူနာများ၊ ၎င်းတို့၏ အညစ်အကြေးရှိတဲ့ နေရာတွေကို စမ်းသပ်၊ ကုသပေးနေ ရတာကြောင့် အကျႌ၊ လုံချည် ပြန်ပြင်ပြီး၀တ်နေရရင် အလုပ်မှာနှောင့်နှေးပြီး သန့်ရှင်းမှုကို အားနည်းစေတတ်ပါတယ်။ ရံဖန်ရံခါ ဆေးပညာအစည်းအေ၀း၊ ဆွေးနွေးပွဲတွေမှာ မြန်မာ၀တ်စုံကို သပ်ရပ်၊ တည်ငြိမ်စွာ ၀တ်စားတာကို ဖေဖေနှစ်သက်ပါတယ်။ လုပ်ငန်းခွင်အတွင်းမှာတော့ လုပ်ငန်းနဲ့ကိုက်ညီမယ့် ၀တ်စားမှုကို ၀တ်စားသင့်ပါတယ်။
ဆရာ၀န်နဲ့ ဆေး၀န်ထမ်းများဟာ ခန္ဓာကိုယ်ကို အထူးမွှေးကြိုင်စွာပြုလုပ်ရန် မလိုအပ်ပေမဲ့ ဆိုးဝါးတဲ့ခန္ဓာကိုယ် အနံ့ကိုမရရှိစေရန် နေ့စဉ်လိုအပ်သလို ရေချိုးခြင်း၊ သန့်ရှင်းစင်ကြယ်သောအ၀တ်ကို နေ့စဉ်၀တ်ခြင်း၊ ခံတွင်းကို သန့်ရှင်းအောင် ပြုစုခြင်း၊ ဆံကေသာနှင့် လက်သည်းခြေသည်းများကို သေသပ်စွာ ထားရှိရန်လိုအပ်ပါ တယ်။ ဆေးမင်ကြောင်တွေ ထိုးတာ၊ လိုအပ်သည်ထက်ပို၍ နားတွင် ဆင်ယင်ခြင်းများကို မပြုလုပ်သင့်ဘူးလို့ ဖေဖေ ယူဆပါတယ်။ ဆရာ၀န်နဲ့ ဆေး၀န်ထမ်းတွေဟာ ပျော့ပျောင်းမြဲမြံ၍ လှုပ်ရှားမှုကို မြန်စေရန် အထောက်အကူပြုတဲ့ မမြင့်လွန်းသော ဖိနပ်မျိုးတွေကိုသာ ဆေးရုံဆေးခန်းတွေမှာ ၀တ်သင့်တယ်လို့ ညွှန်ကြားတာတွေ ဖေဖေ ဖတ်ဖူးပါတယ်။
လက်ရှည်နဲ့ လက်တိုအကျႌ၀တ်ဆင်မှုတွေမှာလည်း အယူအဆအမျိုးမျိုးရှိကြပါတယ်။ ဘာသာရေးနှင့် ယဉ်ကျေးမှုကို ဦးစားပေးတဲ့ နိုင်ငံအချို့မှာ လက်ရှည်၀တ်မှ လေးစားရာကျတယ်ဆိုပြီး ၀တ်စားလေ့ရှိပါတယ်။ ဥပမာ - ဖေဖေ ယိုးဒယားပြည်ရဲ့ မြဘုရားကို သွားဖူးစဉ်မှာ ဘုရားကျောင်းပရ၀ုဏ်ထဲကို ၀င်မယ်ဆိုရင် လက်ရှည်အကျႌနှင့် ပေါင်မပေါ်သော အ၀တ်အစား၀တ်သူများကိုသာ ၀င်ခွင့်ပြုတာမှတ်သားမိပါ တယ်။ မြန်မာပြည်မှာလည်း ကျောင်းဆရာမများကို ကျောင်းသားများနှင့် အမြင်တော်စေရန် လက်ရှည်အကျႌများ ၀တ်ဆင်ကြရန် ညွှန်ကြားပုံကိုလည်း မှတ်မိနေပါတယ်။
သို့သော်လည်း အခုခေတ်မှာတော့ ရာသီဥတုနဲ့ လိုက်ရန် ဆရာ၀န်နှင့် ဆေး၀န်ထမ်းတွေဟာ လူနာများကို ကိုင်တွယ်စမ်းသပ်ပြီးရင် လက်ဝါးနှင့် လက်ကောက်၀တ်များကို အမြဲတစေ ဆေးကြောနေရန်အတွက် တံတော်ဆစ် အောက်မှာ အ၀တ်မ၀တ်ရန် လူနာများကို ရောဂါကူးစက်စေနိုင်သော လည်စီး၊ အ၀တ်အစားပေါ်မှ၀တ်သော ဆရာ၀န်၊ ၀န်ထမ်းများ၏ အကျႌအဖြူတွေကိုတောင် ၀တ်ထားရန်မသင့်ဆိုပြီး အနောက်နိုင်ငံက ဆေးရုံတချို့မှာ ညွှန်ကြားကြောင်းလည်း ဖေဖေတွေ့ရှိပါတယ်။ ဒါဟာလည်း သိပ္ပံနည်းကျကျ လေ့လာပြီးမှ ပြောဆိုတာမဟုတ်ဘဲ မိမိဆေးရုံ၏ မူဝါဒအရ ညွှန်ကြားတာလည်းဖြစ်နိုင်ပါတယ်။
ယနေ့တိုးတက်တဲ့နိုင်ငံအချို့မှာတောင် ခေတ်၏ပြောင်းလဲမှုအရ ဆရာ၀န်များနဲ့ ဆေး၀န်ထမ်းများရဲ့ ၀တ်စား မှုတွေကို ထိန်းချုပ်မှုအားနည်းလာတာကြောင့် ဂျင်းဘောင်းဘီ၊ လမ်းလျှောက်ဖိနပ်များနဲ့ လုပ်ငန်းတာ၀န်တွေ ထမ်းဆောင်နေကြတာသူတွေကိုလည်း ဖေဖေတွေ့ဖူးပါတယ်။ ဒါပေမဲ့ ယနေ့ အမေရိကန်နဲ့ အင်္ဂလန်၊ ဥရောပမှာရှိတဲ့ အောင်မြင်ကျော်ကြားသော ဆေးရုံတွေမှာ ဆရာ၀န်ကြီးတွေဟာ သပ်ရပ်စွာအနောက်တိုင်း ၀တ်စုံအပြည့်နဲ့ အဖြူရောင်လုပ်ငန်းခွင်ကုတ်အကျႌများကို ၀တ်နေကြဆဲပဲဆိုတာကို သားဂရုပြုမိသင့်ပါတယ်။
ဖေဖေတို့၊ သားတို့ ဆရာ၀န်၊ ဆေးပညာရှင်တွေဟာ သပ်ရပ်စွာ ၀တ်စားဆင်ယင်တာဟာ ကြွားဝါချင်လို့ မဟုတ်ဘဲ မင်္ဂလာဆောင်တွေမှာ သတို့သမီးနဲ့ သတို့သားကို ဂုဏ်ပြုတဲ့သဘောမျိုးအတိုင်း လူနာအပေါင်းကို လေးစားတဲ့အနေနဲ့ ၀တ်ပြခြင်းလို့ မှတ်ယူသင့်ပါတယ်။
ဖေဖေဟာ ဆရာ၀န်များနှင့် ဆေး၀န်ထမ်းများ၏ လုပ်ငန်းခွင်အတွင်း ၀တ်စားဆင်ယင်မှုတွေကို သားကိုရေးပြ သော်လည်း ၀တ်ဆင်မှုနှင့် အစားမထိုးနိုင်သော ပိုမို၍အရေးကြီးသော ဆရာ၀န်နှင့် ဆေး၀န်ထမ်းများမှာ ရှိအပ်တဲ့ အရည်အသွေးကို သားနားလည်အောင်ပြောပြချင်ပါတယ်။
လူနာအတော်များများကို စစ်တမ်းပြုစုရာမှာ သပ်ရပ်ကြည်ညို လေးစားလောက်တဲ့ အ၀တ်အစား၊ အပြင် အဆင်ရှိတဲ့ ဆရာ၀န်၊ ၀န်ထမ်းများထက် လူနာအပေါ်မှာ နွေးထွေး၊ ကြင်နာစွာ ဂရုစိုက်ပြုစုစောင့်ရှောက်ခြင်း၊ ယုံကြည်လေးစားအားကိုးလောက်တဲ့ ဆရာ၀န်နှင့် ၀န်ထမ်းများကိုသာ ပိုမိုနှစ်သက်၊ သဘောကျ ကြကြောင်း တွေ့ရှိရတာမို့ သားဟာလည်း သင့်တင့်လျှောက်ပတ်တဲ့အ၀တ်အစား ၀တ်တတ်ပြီး မိမိကုသတဲ့လူနာတွေရဲ့ ယုံကြည်အားထားမှု၊ လေးစားမှု၊ ကိုယ်ချင်စားတတ်ပြီး ရောင့်ရဲတင်းတိမ်နိုင်တဲ့ ဆရာ၀န်ကောင်းလေးတစ်ဦးကို မေမေနှင့် ဖေဖေက မွေးထုတ်ခွင့်ရရင် နေပျော်ပါပြီ သားရေ ……..။
Credit: ပါမောက္ခဦးသန်းအေး (ဆီးနှင့်ကျောက်ကပ်ခွဲစိတ်ပါရဂူ)
ဇီ၀က (ကျန်းမာရေး၊ အလှအပ၊ သုတ၊ ရသ) မဂ္ဂဇင်း
No. 246, July 2015






























