/
node/3271

ဆိုးလိုက်တဲ့ချောင်း သောက်လိုက်ရတဲ့ဆေး

Category
ဆရာ၀န်ကြီးများ ၏ ဆောင်းပါးများ
Author
Dr. ဦး၀င်းနိုင် (ပါမောက္ခ)

        ဆိုးလိုက်တာမှ အရမ်း။ တွေ့မရှောင်၊ ရှောင်မရဆိုးသည့်ချောင်း၊ ဆိုးပေမပေါ့ “အချစ်နဲ့ချောင်း” အတူတူဘဲ လို့ဆိုစကားရှိသည် မဟုတ်လား။ အောင့်အီးထားမရတာလေ။ အချစ်နဲ့ကင်းသူ လူ့ပြည်မှာ မရှိတဲ့။ ချောင်းဆိုးတာကလည်း လူဖြစ်ကတည်းက ဆိုးလာတတ်တာ။ သူလည်းဆိုး၊ ကိုယ်လည်း ဆိုးနဲ့ပေါ့။ ဆေးခန်းမှာများ ဆိုးနေလိုက်ကြတာ။ ဆရာ၀န်ကိုယ်တိုင် အပါအ၀င်နော်။ ကိုယ်တိုင်ချောင်းဆိုးတဲ့အခါများ အဆုတ်ဆရာ၀န်ချောင်းဆိုးနေတာ လူမိမှာတော့ အကြောက်သား။ မိတဲ့အခါတော့ လူနာတွေက ပြောတတ်တယ်။ “အဆုတ်ဆရာ၀န်လည်း ချောင်းဆိုးနေသကိုးတဲ့”။ ဆိုးမှာပဲလေ။ ဆရာ၀န်လည်း လူထဲက လူ။

          ချောင်းဆိုးရင် “ချောင်းခြောက်”တဲ့၊ သလိပ်မထွက်တဲ့ချောင်းပါ။ “ချောင်းစို” တဲ့၊ သလိပ်ရတဲ့ ချောင်းပါ။ “ချောင်းဆိုးသွေးပါ” တဲ့ သွေးနည်းနည်း၊ များများ ထွက်တတ်တဲ့ ချောင်းပေါ့။ “ရင်ကျပ်ချောင်းဆိုး” တဲ့ ရင်ထဲကျပ်ကျပ်ပြီး ဆိုးတဲ့ချောင်းပေါ့။ တစ်ခါတစ်ရံတရွှီရွှီပါမြည်သေးတယ်လေ။ ဒီလိုမျိုးနှယ် ချောင်းဆိုးတာကို အမျိုးမျိုးခွဲခြားကြပါတယ်။

          လူနာတွေက ချောင်းဆိုးရုံသက်သက်နဲ့ဆို ချက်ခြင်းပြခဲတယ်။ ရက်ကြာလာရင်တော့ လာပြကြပြီ။ တီဘီ ကြောက်လို့တဲ့။ အဆုတ်ကင်ဆာကြောက်လို့တဲ့၊ ဟုတ်သပ။ ၂ ပတ် ၃ ပတ်ကြာလာရင် တီဘီတို့၊ ကင်ဆာတို့ကိုစိုးရိမ် ရပြီလေ။ သာမန်ချောင်းက ကြာလှ ၁ ပတ်၊ ၂ ပတ်ပေါ့။ အဲတချို့ ကတော့ သွေးစသွေးခဲတွေ ချောင်းဆိုးရင် ထွက်လာတတ်ပါတယ်။ သွေးပါတိုင်း ရောဂါကြီး မဟုတ်ပေမယ့် သွေးပါရင်တော့ သတိထားရမှာပဲဆိုတာ လူနာတွေက နားလည်ကြပါတယ်။

          အဲ တချို့ကျတော့လည်း သလိပ်ဝါလို့၊ စိမ်းလို့၊ နံလို့တဲ့။ ဆရာ၀န်ကတော့ အဆုတ်ထဲ ပိုး၀င်ပြီလို့ စဉ်းစားပြီပေ့ါ။ တချို့ကျတော့လည်း ချောင်းဆိုးတာကို မကြောက်ဘဲချောင်းဆိုးရင် ဆီးမထိန်းနိုင်တာတို့၊ ဗိုက်ကျောနာတာတို့၊ မူးမိုက်တာတို့ကြောင့် လာပြတာတွေလည်းရှိတယ်။ သက်ကြီးအမျိုးသမီးများဆို ဗိုက်ကြော ဆောင့်ဆွဲခံရလို့ ဗိုက်နာတတ်တယ်။ နံရိုးကျိုးတာတောင် ရှိပါတယ်။ ဆက်တိုက်မရပ်မနားဆိုးပြီး သတိလွတ်၊ မျက်ဖြူလန်သွားတာတွေလည်း ရှိတတ်ပါတယ်။ လည်ပင်းယားပြီး ချောင်းဆိုးတာ၊ သလိပ်မရလို့ လာပြကြသူတွေလည်း အများသားပါ။ နေ့ခင်းဆိုးတာထက် နားချိန်၊ အိပ်ချိန်ဆိုးတာက ပိုဆိုးတာပေါ့လေ။

          လူနာတွေမေးတတ်တာက ချောင်းဘာကြောင့် ဆိုးနေရတာလဲတဲ့။ အမေးကလွယ်ပြီး တိုတုတ်တယ်။ အဖြေကများပြီး ရှည်နေတယ်။ ပြန်ပြီးမေးလိုက်ချင်မိတယ်။ လူတွေမှာဘာကြောင့် အချစ်ရှိနေရတာလဲလို့။ ဒါပေမဲ့ ပြန်မမေးဖြစ်ပါဘူး။ ပိုရှုပ်ကုန်မှာပေါ့။ ချောင်းဆိုးတာ အကြောင်းရင်းခံရှိလို့ပေါ့။

          အအေးမိ၊ တုပ်ကွေးဖျားနာ၊ နမိုးနီးယား၊ တီဘီ၊ ရင်ကျပ်၊ ပန်းနာ၊ လေပြွန်ရောင်၊ အဆုတ်ကင်ဆာ စသဖြင့်ပေါ့။ အဆုတ်ရောဂါတွေအပြင် တခြားဟာတွေရှိသေးတာပေါ့။ နှလုံးရောဂါ၊ ထိပ်ကပ်နာ၊ စားချဥ့်ပြန်ရောဂါစုံလို့ပါပဲ။ ဒီ့ပြင် ဆေးဝါးဘေးထွက်ဆိုးကျိုးများ (ဥပမာ - Enalapril) တွေလည်းပါသေး။ အဲ အစာသီးရင်လည်း ချောင်းဆိုးဦးမှာပေါ့။

          အဲချောင်းဆိုးတာနဲ့ပတ်သက်ပြီး လူနာတွေက မေးတတ်ကြတယ်။ စုံလို့ပဲ။

 

ချောင်းဆိုးတာ ကောင်းသလားတဲ့

        ဘယ်ကောင်းပါ့မလဲ။ အဲ …. ဒါပေမဲ့ တချို့မှာတော့ ကောင်းပါတယ်။ ရှုပ်နေမလားမသိ။ ချောင်းဆိုးခြင်းဟာ ခန္ဓာကိုယ်က မိမိကိုယ်ကို မိမိကောင်းအောင်လုပ်တဲ့ကာကွယ်ကုသချက်ပါ။ အဆုတ်လေပြွန်ရောင်သွားအောင် တွန်းထုတ်ပစ်တာလေ။ အမှုန့်၊ ချွဲ၊ သလိပ်တွေကို အပြင်ပြန်ရောက်သွားအောင် တွန်းထုတ်ပစ်တာလေ။ ချောင်းဆိုးဒဏ်ခံရလို့ မကောင်းပေမဲ့ ခန္ဓာကိုယ် ပြန်ကျန်းမာအောင် လုပ်ပေးတာမို့ကောင်းပါတယ်။

 

ချောင်းဆိုးပျောက်ဆေး သောက်ရမှာလား။

ဘာဆေးအကောင်းဆုံးလဲတဲ့ …..

        အစာသီးလို့ ချောင်းဆိုးတာမျိုးကတော့ ချောင်းဆိုးပျောက်ဆေးမလိုဘူးပေါ့။ ချောင်းဆိုးရောဂါတွေ မှာတော့ ချောင်းဆိုးဒဏ်သက်သာဖို့ သောက်နိုင်ပါတယ်။ ဘာဆေးအကောင်းဆုံးလဲဆိုတော့ ပျောက်တဲ့ဆေးပဲပေ့ါ။ စဉ်းစား ကြည့်ဦးလေ။ ချောင်းဆိုးပျောက်ဆေးတွေ များမှများပဲ။ တစ်ခုတည်းက အကောင်းဆုံးမဖြစ်နိုင်ဘူးလေ။

 

ချောင်းဆိုးပြီဆိုတိုင်း ဆေးစစ်ရတော့မလား …. ဆေးပဲ စသောက်ရမလားတဲ့ ….

        သာမန် အအေးမိချောင်းဆိုးတာက ဆေးမသောက်လည်းပျောက်ပါတယ်။ ဒါပေမဲ့ ၁ ပတ်ကျော်လို့ မပျောက်ရင် သတိထားပေတော့။ ၂ ပတ်၊ ၃ ပတ်ကျော်ရင်တော့ အရေးကြီးနိုင်တယ်။ အဖျားနှင့်တွဲရင် ပိုအရေးကြီးမယ်။ သွေးစပါ၊ သလိပ်ဝါ၊ စိမ်းရင် ရက်ရှည် မစောင့်အပ်။ ဆရာ၀န်နှင့်သာ ပြလေတော့။

 

ချောင်းပြန်မဆိုးအောင် လုပ်ပေးပါ။ ချောင်ဆိုးရင် သောက်ဖို့ ဆေးွှန်းပေးထားပါတဲ့ ….

        လူတချို့က ပြောကြတယ်။ တစ်ဘ၀မှာ တစ်ချစ်ပဲတဲ့။ ဟုတ်ရင်လည်း ဟုတ်ပေမပေါ့။ သူတို့အချစ်ကို သိမှ မသိနိုင်ဘဲနဲ့။ ချောင်းဆိုးကတော့ မရ။ ခဏခဏ ပြန်ဆိုးသူလည်းရှိတယ်။ အကြာကြီးနေပြီးမှ တစ်ခါတစ်ခါဆိုးတာလည်း ရှိတယ်။ ချောင်းတစ်ခု မပြီးသေးဘူး။ နောက်တစ်ချောင်းက လာတာလည်းရှိတယ်။ (ဥပမာ - ရင်ကျပ်ရောဂါနဲ့ တီဘီတွဲနေတာမျိုး)။ ဘာကြောင့်လဲ၊ ဘယ်တော့လဲ မသိဘဲနဲ့ ဆေးညွှန်းဘယ်လို ရေးရပါ့မလဲ။

 

ဘာတွေရှောင်ရမလဲ၊ ဆောင်ရမလဲတဲ့။

-      ရှောင်ရမှာက မကောင်းတာတွေပေါ့။ ချောင်းဆိုးတာက အစားအသောက်၊ အနေအထိုင်၊ ရာသီပြောင်းလဲတာတွေနဲ့ ပတ်သက်တယ်လေ။ ဆေးလိပ်၊ အရက် ရှောင်ရမှာပေါ့။ ဖုန်၊ အမှုန်၊ စူးရှအနံ့တွေရှောင်ရမယ်။ အပူအအေးမျှ အောင်နေရမယ်။ ရာသီပြောင်းချိန် ပိုသတိထားရမယ့် တုပ်ကွေး၊ အအေးမိတာမဖြစ်အောင် နေရမှာပေါ့။

-      ဆောင်ရမှာက မေတ္တာ။ ကိုယ့် ချောင်းဆိုး သူများထံမကူးစေဖို့ပေါ့။ ကိုယ့်မခံစားလိုသည့်ချောင်း လူအများထံမ ကူးစက်စေရန် မေတ္တာထားပြီး တားရမှာပါ။ တားနည်းက (၃) ချက်တည်းပါ။

1)   ကိုယ့်ချောင်းဆိုးရောဂါ မြန်မြန်ပျောက်အောင်ကုပါ။

2)   ကိုယ်ချောင်းဆိုတိုင်း နှာခေါင်း၊ ပါးစပ်ကို လုံလုံခြုံခြုံအုပ်ကာပြီးမှ ဆိုးပါ။ ဒီနေရာမှာ ဘာနဲ့အုပ်ရမှာလည်းပေါ့။ အကောင်းဆုံးက နှာခေါင်းစည်း (Mask) ပေါ့။ ဒါမှမဟုတ် လက်ကိုင်ပဝါ၊ တစ်သျှူးစက္ကူပေါ့လေ။ ဒါတွေရှာမရဘူး။ အရေးပေါ်ချောင်းဆိုးမယ်ဆိုရင်တော့ အဲ …. အရေးပေါ် ချောင်းဆိုးနည်းကတော့ မိမိလက်မောင်းနဲ့နှာခေါင်း၊ ပါးစပ်ကို ဖိအုပ်ပြီး ဆိုးလို့ရပါတယ်။

3)   တံတွေးကို စည်းကမ်းတကျထွေးပါ။ (သလိပ်ခွက်ထဲ အုပ်အုပ်ဆိုင်းဆိုင်းထွေး၊ မိလ္လာကျင်းအိုးထဲ သွန်)

          လူဖြစ်လာကတည်းက ကင်းမရတဲ့ချောင်း၊ အခွင့်အခါပေါ်တိုင်း ဆိုမည့်ချောင်း၊ နောက်မဖြစ်အောင် လုပ်မရတဲ့ ချောင်း၊ ဒီချောင်းကိုဖြင့် တစ်သက်မှာ တစ်ခါသာလို့ပြောဖို့ခက်လေပြီ။ ချောင်းမျိုးကွဲပေါင်းကလည်းများစွာ မာယာကလည်းရှိလေသမို့ သတိတော့ထားရမယ်။ ချောင်းဆိုးပြီဆိုလျှင်ဖြင့် မေတ္တာရယ်မျှ လုံအောင်ရယ်ကာ အုပ်ဆိုင်းပြီးဆိုး၊ မြန်ကာမနှေး ပျောက်ကင်းစေဖို့ ဆေးချက်တင်လိုက်ကြပါစို့ဟု။

 

ပါမောက္ခ ဦး၀င်းနိုင် (အဆုတ်နှင့် ရင်ခေါင်းအထူးကု)

ဇီ၀က (ကျန်းမာရေး၊ အလှအပ၊ သုတ၊ ရသ) မဂ္ဂဇင်း

No. 240, January 2015

www.drmyanmar.com