/
node/3321

ကိုယ်၀န်ဆောင်ချိန်တွင် ကြုံတွေ့ရသော ကိစ္စများ

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

1.   အရောင်စုံပင့်ကူမျှင်သဏ္႑ာန်သွေးကြောမျှင်များပေါ်လာခြင်း

          ကိုယ်၀န်ဆောင်ချိန်မှာ သေးငယ်တဲ့အနီရောင်သွေးကြောလေးတွေကနေ အနီရောင်၊ အပြာရောင်နဲ့ ခရမ်းရောင်ရှိတဲ့ ပင့်ကူမျှင်သဏ္႑ာန်သွေးကြောမျှင် (Spider Vein) လေးတွေအဖြစ်ပြောင်းလဲ သွားတတ်ပါတယ်။ အထူးသဖြင့် ခြေထောက်နဲ့ မျက်နှာမှာ ပေါ်လာတတ်ပါတယ်။ ၎င်းသွေးကြောလေးများဟာ ကိုယ်၀န်ဆောင် ကာလ လေးလပတ်အတွင်းဖြစ်လေ့ရှိပြီး၊ ကိုယ်၀န်ဆောင်စဉ်ကာလတွင် အီစထရိုဂျင်ဟော်မုန်း ပမာဏ မြင့်တက်လာခြင်းကြောင့်ဖြစ်ပါတယ်။ အများစုကတော့ ကလေးမွေးပြီး ရက်သတ္တပတ် အနည်းငယ်အတွင်း ပျောက်ကွယ်သွားလေ့ရှိပါတယ်။ အကယ်၍မပျောက်ဘဲ ကျန်နေပါက ဓါတ်ဆား (Saline) ထိုးသွင်းခြင်းနည်းဖြင့်ဖြစ်စေ၊ လေဆာအသုံးပြု၍ဖြစ်စေ ကုသနိုင်ပါတယ်။

 

2.   ၀မ်းဗိုက်သားယားယံခြင်း

          ကိုယ်၀န်ဆောင်ချိန်မှာ ဟော်မုန်းအပြောင်းအလဲကြောင့် အသားအရေခြောက်သွေ့လာခြင်းနဲ့ သနေ္ဓသားကြီးထွားလာခြင်းကြောင့် အရေပြားဆန့်ထွက်လာခြင်းတို့ဟာ ၀မ်းဗိုက်သားကိုယားယံစေပါတယ်။ ဗိုက်သားယားယံခြင်းသက်သာစေရန် ရေဓါတ်ဖြည့်တင်းပေးနိုင်သော လိုးရှင်းကို တစ်နေ့မှာ ၃-၄ ကြိမ် လိမ်းပေးနိုင်ပါတယ်။

 

3.   သွားဖုံးသွေးယိုခြင်းနှင့် နှာခေါင်းသွေးလျှံခြင်း

          ကိုယ်၀န်ဆောင်ချိန်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ သာမန်လက္ခဏာတစ်ခုဖြစ်ပါတယ်။ ကိုယ်၀န်ဆောင် ပထမကာလ ၃ လအတွင်းမှာ ဟော်မုန်းအပြောင်းအလဲများပါက ပါးစပ်နှင့် နှာခေါင်းသို့ သွေးစီးဆင်းမှု ကို မြင့်တက်စေတာကြောင့် နှာခေါင်းသွေးလျှံခြင်းနှင့် သွားဖုံးသွေးယိုခြင်းတို့ ဖြစ်လေ့ရှိပါတယ်။ ကိုယ်၀န်ဆောင်ချိန်မှာ သွားကျန်းမာရေးကို မဖြစ်မနေဂရုစိုက်သင့်ပါတယ်။

 

4.   အိပ်မက်ဆိုးမက်ခြင်း

          ကိုယ်၀န်ဆောင်မိခင်များသည် တစ်ခါတရံတွင်မွေးဖွားလာမည့် ကလေးနှင့်ပတ်သက်သော အိမ်မက်များ၊ ထူးဆန်းသောအိမ်မက်များကို မက်လေ့ရှိပါတယ်။ ဒါဟာသာမာန်ဖြစ်စဉ်တစ်ခုဖြစ်သော်လည်း မကောင်းသော အိမ်မက်များမက်ပါက အတိတ်နိမိတ်မကောင်းဘူးလို့ ယူဆတာကြောင့် အမျိုးသမီးအများစုက ထုတ်ဖော်ပြောလေ့ မရှိပါဘူး။

 

5.   နုံးခွေခြင်း

          ကိုယ်၀န်ဆောင် ပထမကာလ ၃ လနှင့် ကိုယ်၀န်နောက်ဆုံး ကာလများတွင် နုံးခွေခြင်း၊ မောပန်းခြင်းတို့ကို ခံစားရလေ့ရှိပါတယ်။ သနေ္ဓသားတဖြည်းဖြည်း ကြီးထွားလာခြင်းကြောင့် အာဟာရဓါတ်များ ခွဲေ၀ပေးရခြင်း၊ သွေးအားနည်းခြင်းတို့ကြောင့် နုံးချိခြင်းကို ခံစားရပါတယ်။ ထို့ကြောင့် အာဟာရပြည့်၀အောင် စားသုံးခြင်း၊ ကောင်းမွန်စွာအိပ်မက်ခြင်း၊ သံဓါတ်အားဆေးမှီ၀ဲခြင်း၊ သင့်လျော်သော လေ့ကျင့်ခန်းပြုလုပ်ခြင်းတို့ကို ပြုလုပ်ပေးသင့်ပါတယ်။

 

6.   စောစီးစွာနို့ရည်ထွက်ခြင်း

          အဖြစ်များလေ့ရှိသော လက္ခဏာတစ်ခုဖြစ်ပြီး စိုးရိမ်စရာတော့မရှိပါဘူး။ ကိုယ်၀န်ဆောင် ဒုတိယ ၃ လ တွင် ပရိုလက်တင်ဟော်မုန်းပမာဏ မြင့်တက်လာမှုကြောင့် နို့ရည်စတင်ထုတ်လုပ်နိုင်ပါတယ်။ လိုအပ်ရင် နို့တိုက်မိခင်တွေအတွက် ထုတ်လုပ်ပေးထားတဲ့ နို့ရည်ခံဂွမ်းထုပ်ကို အသုံးပြုနိုင်ပါတယ်။

 

7.   ၀မ်းချုပ်ခြင်း

          ကိုယ်၀န်ဆောင်နေစဉ်ကာလအတွင်းမှာ ပရိုလက်တင်ဟော်မုန်းထွက်ရှိမှု များပြားတာကြောင့် အူလမ်းကြောင်းတလျှောက် လှုပ်ရှားမှုများနှေးကွေးသွားပြီး ၀မ်းချုပ်တတ်ပါတယ်။ ဒါ့အပြင် သံဓာတ်အားဆေးကြောင့်လည်း ၀မ်းချုပ်နိုင်ပါတယ်။ အမျှင်ဓါတ်များများပါသော အစားအစာများစားခြင်း၊ ရေများများသောက်ခြင်းဖြင့် ၀မ်းချုပ်ခြင်းကိုသက်သာစေပါတယ်။

 

8.   သွေးသားဆန္ဒများပြောင်းလဲခြင်း

          New York မြို့၊ Cornell Medical Center ရှိ သားဖွားနဲ့မီးယပ်လက်ထောက် ပါမောက္ခ Dr.Ernst G.Bartsich က “ကိုယ်၀န်ဆောင်ချိန်မှာ အမျိုးသမီးတွေရဲ့ သွေးသားဆန္ဒတွေဟာ တက်လိုက်၊ ကျလိုက်ဖြစ်တတ် ပါတယ်။ အိမ်ထောင်ဖက်နဲ့ အတူနေခြင်း၊ မနေခြင်းဟာ ကိုယ်၀န်နဲ့ပတ်သက်တဲ့ ကျန်းမာရေးပြဿနာမရှိတဲ့ ပုံမှန်ကိုယ်၀န်ဆောင် အမျိုးသမီးတစ်ဦးချင်းစီရဲ့ စိတ်ဆန္ဒအပေါ်မှာပဲ မူတည်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

 

Dr. Htet Htet Aung

www.drmyanmar.com