Slim Fit
ကျွန်တော် ခေတ်ဟောင်းအဖြူအမဲဇာတ်လမ်းတွေ ကြည့်ရတာသဘောကျတယ်။ ဇာတ်အိမ်ဖွဲ့တာ အားကောင်းတယ်လို့ ခံစားမိတယ်။ ဒိုင်ယာလော့ အပြောအဆိုတွေကို ကြိုက်တယ်။ ဒါပေမယ့် မင်းသမီးတွေကိုတော့ လှတယ်လို့မထင်။ ကျွန်တော့်အမြင်မှာ ကိုယ်လုံးကိုယ်ပေါက်ကြီးလွန်းလှတယ် လို့မြင်တယ်။ အဲဒီခေတ်တုန်းကတော့ ဒါမျိုးမှ လှတယ်ထင်တာကိုး။ ဒီဘက်ခေတ် အလှအပ Definition ပြောင်းသွားပြီ။ လူတွေက Slim fit ဖြစ်ချင်ကြတယ်။ ကြီးကြီးငယ်ငယ် ပိန်ပြီးသွယ်ချင်ကြတယ်။ နည်းမိျုးစုံ သုံးပြီးကြိုးစားကြတယ်။ အဆီချခန်းတွေ သွားကြတယ်။ အဆီကျတယ်လို့ ပြောတဲ့ဆေးတွေ၊ သောက်ကြတယ်။ အချို့ နည်းစနစ်မှန်မှန်နဲ့ ဆရာကောင်း၊ သမားကောင်းနဲ့ တွေ့ကြသလို အချို ့လဲ ပိုက်ဆံသာကုန်သွားတတ်ကြတယ်။ လေ့ကျင့်ခန်း မလုပ်ဘဲ ပိန်ချင်တဲ့သူတွေ၊ မြန်မြန်ပိန်ချင်တဲ့သူတွေ ပိုပြီးအလိမ်ခံရတတ်တယ်။ လှပကျစ်လစ်တဲ့ Slim fit ကိုယ်လုံးလေးဖြစ်ဖို့ Short cut ဖြတ်လမ်းမရှိပါဘူး။
သင်အ၀လွန်နေပြီလား ? ကမ်ဘာ့ကျန်းမာရေးအဖွဲ. (WHO) ကြေငြာချက်အရ ၁၉၈၀ ခုနှစ်တွေ နဲ့ နှိုင်းယှဉ်ပါက အ၀လွန်တဲ့လူဦးရေဟာ နှစ်ဆလောက်များလာတယ်လို့ သိရပါတယ်။ အ၀လွန်တဲ့သူ တစ်ယောက်ဟာ သွေးတိုး၊ ဆီးချို၊၊ နှလုံးသွေးကြောကျဉ်းခြင်း စတဲ့ ရောဂါတွေဖြစ်ဖို့ သိပ်လွယ်ပါတယ်။ အ၀လွန်နေတာ ကို သိဖို့ Body Mass Index ( BMI ) နဲ့ တိုင်းတာနိုင်တယ်။ အ၀လွန်နေတဲ့သူ တစ်ယောက်က ကိုယ်အလေးချိန် လျှော့ချဖို့ အရင်ဆုံး စဉ်းစားသင့်တယ်။ ပြီးမှသာ အဆီပိုတွေကို ဖယ်ရှားဖို့ လုပ်သင့်တယ်။ ကိုယ်အလေးခိျန်ချတာနဲ့ အဆီချတာ နှစ်မျိုးက ကုသပုံ တခုနဲ့တခုမတူပါဘူး။ အင်္ဂလိပ်လိုကတော့ ရှင်းပါတယ်။ ကိုယ်အလေးခိျန်ချတာကို weight loss/anti-obesity treatment လို့ သုံးနှုန်းပြီး အသားရေကျစ်လျစ်ပြီး အဆီပိုဖယ်ရှားတာကို Body contouring လို့ဆိုပါတယ်။
Weight Loss/ Anti-obesity Treatment
ကိုယ်အလေးခိျန်လျှော့ချဖို့ ဆေးတစ်မျိုးထဲကို အားကိုးနေလို့ မရပါဘူး။ အစားအသောက်၊ အနေအထိုင် ကို Healthy lifestyle ဖြစ်အောင် ကြိုးစားသင့်ပါတယ်။ ကျွန်တော်တို့ ဆေးပညာမှာ ကျန်းမာရေး မထိခိုက်ဘဲ ၀ိတ်ကျဖို. မိမိကိုယ်အလေးချိန်ရဲ ့ ၁၅%ကို ၃လလောက်အတွင်း ဖြည်းဖြည်းချင်းချရတယ်။ ဆိုလိုတာက ပေါင်၂၀၀ ၀တဲ့လူအတွက် ပေါင် ၃၀သာ လျော့ချလို့ရမယ်။ ဒီထက်ပိုပြီးချရင် ကျန်းမာရေး ထိခိုက်မယ်။ ရုပ်ကျပြီး ပိုအိုစာမယ်လို့ ယူဆတယ်။ ပြီးတော့ YO-YO effect ( ယိုယို အကိျုးဆက် )အရ ရုတ်တရက် အမြန်၀ိတ်ကျသွားရင် တခဏအတွင်း rebound ပြန်၀တတ်တယ်။ ဒါတွေကို သိထားရပါမယ်။ စိတ်လောလို့ အကျိုးမရှိဘူး။
ကြော်ငြာတဲ့ဆေးတွေများတော့လဲ ဘယ်ဆေးသောက်ရမလဲ ဆိုတာပြဿနာပါ။ ဈေးကွက်ထဲမှာ ရှိတဲ့ဆေးကို အကြမ်းဖျင်း သုံးမျိုးခွဲနိုင်ပါတယ်။ ပထမဆုံးအမျိုးအစားက အစာစားချင်စိတ်ကို ထိန်းချုပ်တဲ့ဆေးမျိုး ပါ။ ဦးနှောက်ကနေ မကြာခဏ စားချင်စိတ်ဖြစ်နေတဲ့သူတွနဲ့ ဆီလျော်ပါတယ်။ အစာမစားခင် နာရီ၀က် ကြိုသောက်သင့်ပါတယ်။ ကမ်ဘာမှာ သိပ်ခေတ် မစားတော့ဘူး။ ဆေးအချို ့ဆို ဈေးကွက်ကနေ ပြန်ရုတ်သိမ်း သွားပြီ။
ဒုတိယ အမျိုးအစားက စားလိုက်တဲ့အစာကို အူကနေမစုပ်ဘဲ ၀မ်းထဲကို တိုက်ရိုက်သွားစေတဲ့ဆေးပါ။ Carbohydrate blocker နဲ. Fat blocker ဆိုပြီး နှစ်မျိုးရှိပါတယ်။ Carbohydrate blocker က ထမင်းအစားများတဲ့သူတွေသောက်သင့်ပြီး Fat blocker ကတော့ အဆိီ၊အဆိမ့် ကြိုက်တဲ့သူတွေ အတွက် ဆီလျော်ပါတယ်။ ဆေးကို အစာမစားမိီ သို့မဟုတ် စားပြီး ၁၅ မိနစ်အတွင်း သောက်သင့်ပါတယ်။ Fat blocker သောက်တဲ့သူတွေ သတိထားသင့်တဲ့တချက်က ၀မ်းသွားရင် အဆီတချွဲချွဲ ဖြစ်တတ်ပြီး အချို့သူတွေ ၀မ်းနဲ့ လေနဲ့ မကွဲတာမျိုးဖြစ်နိုင်ပါတယ်။
နောက်ဆုံးအမျိုးအစားကတော့ Thermogenic metabolic rate booster ဖြစ်ပါတယ်။ အားလုံးဘဲ ကြုံဖူးကြပါတယ်။ ငယ်ငယ်က ဘယ်လောက်စားစား မ၀ဘူး။ အခု နဲနဲစားတာတယ် ၀လာတယ်ဆိုပြီး သံသယဖြစ်မိကြမှာပါ။ အဓိက အသက်အရွယ် ကြီးလာတာနဲ့အမှျှ ကျွန်တော်တို့ရဲ ့ Basal Metabolic Rate (BMR) က နှေးလာပြီး စားလိုက်တဲ့အစာကို အရင်ကလောက် လောင်ကျွမ်း မပေးနိုင်တော့ပါဘူး။ Green tea extract, CLA, Garcinia extract, L-carnitine တို့ဟာ အဆီလောင်ကျွမ်းခြင်းကို အားပေးသော energy booster များဖြစ်ကြပါတယ်။
Body contouring
Body Contouring အဆီပိုဖယ်ရှားတာကို ခွဲစိတ်ပြီး ဖယ်ရှားတာမျိုးရှိပါတယ်။ Liposuction လို့ခေါ်ပါတယ်။ ဆရာ၀န်က အရေပြားကို အပေါက်ဖောက်ပြီး အဆီပိုတွေကို အရည်ဖျော်ပြီး စုပ်ထုတ်တာ ဖြစ်တယ်။ လေဆာကို အသုံးပြုရင်တော့ Laser assisted liposuction လို့ခေါ်တယ်။ မေ့ဆေးပေးစရာ မလိုဘူး။ ထုံဆေး၊ အိပ်ဆေးတော့ ပေးရတယ်။ အဆီထုတ်ပြီး အရေပြားတွဲကျနေပါက ဆရာ၀န်က ပိုနေတဲ့ အရေပြားကို ဖြတ်တောက်ပြီး ချုပ်ပေးရတယ်။ ဒီလိုခွဲစိတ်မှုမျိုးကို abdomenoplasty လို့ခေါ်တယ်။ ဆေးရုံ မှာ ခဏတဖြုတ် နားနေဖို့လိုတယ်။ နှစ်ပတ်လောက်ထိ ခွဲစိတ်မှုဒဏ်ရာကနေ နာနေနိုင်တယ်။ ဒါကြောင့် လူတိုင်းနဲ့ အဆင်မပြေနိုင်ဘူး။
မခွဲစိတ်ချင်သူတွေအတွက်တော့ non-surgical body contouring ကုသမှု တွေရှိတယ်။ ခုလောလောဆယ် လူစိတ်အ၀င်စားဆုံး ကုသမှုကိုပြောပါဆိုရင်တော့ Cryolipolysis လို့ ဆိုရမှာဖြစ်ပါတယ်။ Cryolipolysis ဆိုတာ အအေးလှိုင်းကို အသုံးပြုပြီး အဆီဆဲလ်တွေကို အေးခဲစေတာပါ။ ဟားဗက် တက္ကသိုလ်က လေ့လာတွေ့ရှိမှုတရပ်ဖြစ်ပြီး အေးခဲသွားတဲ့အဆီဆဲလ်တွေဟာ တစ်လအတွင်းမှာ တဖြည်းဖြည်း သေသွားကြတယ်လို့ဆိုပါတယ်။ ဒီနည်းစနစ်ပေါ်တာ အခုဆို ၅နှစ်ကျော်လာပါပြီ။ ရလဒ်ကောင်းတွေလဲတွေ့ရပါတယ်။ အဆီကျလိုသောနေရာ ( ဗိုက်၊ လက်မောင်း ) ကို အအေးလှိုင်းကိုအသုံးပြုပြီး တစ်နာရီခန့်အေးခဲစေမှာဖြစ်ပြီး တစ်လ တစ်ကြိမ် နဲ့ ၃ခါ လုပ်ဖို့လိုပါတယ်။
နောက်တစ်မျိုးက အသံလှိုင်းဖြင့် အဆီချတာပါ။ Ultrasonic Lipolysis လို့ခေါ်တယ်။ အဆီဆဲလ် တစ်ခုနဲ့တစ်ခုဟာ ဆဲလ်နံရံတွေ ပေါင်းစပ်ပြီး အဆီခဲထုထည် အနေနဲ့ နေတတ်ကြပါတယ်။ အသံလှိုင်းက အဆီဆဲလ်များကို ဖြိုခွဲပေးခြင်းဖြင့် အဆီပိုများကို တဖြည်းဖြည်းလျှော့ချပေးတာပါ။ ပုံမှန်တစ်ပတ် တစ်ခါ ပြုလုပ်ပေးသင့်သော ကုသမှုမျိုးဖြစ်ပြီး ပိုမိုကောင်းမွန်သော ရလာဒ်ရရှိရန် လေ့ကျင့်ခန်း နဲ. တွဲဖက်ပေးသင့်ပါတယ်။ ဘာလို့လဲဆိုတော့ ဖြိုခွဲပြီးတဲ့ အဆိီဆဲလ်များကို ပြန်ရည်ကြော (lymphatic) မှတဆင့် အဆီတွေစွန့်ထုတ်ဖို့ လှုပ်ရှားမှု တခုခုလိုအပ်ပါတယ်။ အနည်းဆုံး လမ်းလျှောက်တာမျိုး မဟုတ်ရင် အဆီဆဲလ် နံရံများ ပြန်ပေါင်းပြီး အဆီခဲအဖြစ် ပြန်ဖြစ်န်ိုင်လို့ပါ။
နောက်တစ်မျိုးကတော့ radio frequency (ရေဒီယိုအပူလှိုင်း) ဖြင့် အဆီပိုများကို ဖယ်ရှားတဲ့ နည်းစနစ်ပါ။ Unipolar နဲ. Bipolar ဆိုပြီး နှစ်မျိုး ရှိပါတယ်။ Unipolar က အရေပြားအတွင်းပိုင်း အဆိီပိုများ( deep fat layer ) ကို ဦးတည်ပြီး အပူပေး ဖယ်ရှားနိုင်ပါတယ်။ ဗိုက်ခေါက်ထူတဲ့ သူတွေအတွက် သင့်တော်ပါတယ်။ Bipolar ကတော့ အဆီဖယ်ရှားပြီးနောက် ပျော့အိနေတဲ့ အရေပြားကို ပြန်လည်တင်းရင်းစေရန် ကော်လဂျင်များကို နိုးဆွပေးဖို့ အသုံးပြုပါတယ်။
ခေါင်းမာတဲ့ ဗိုက်ခေါက်တွေကျ ဖို့ အဆီပျော်ဆေး (lipodissolve) ထိုးလို့ရပါတယ်။ Meso therapy လုပ်တယ်လို့လဲ ခေါ်ကြတယ်။ အဓိကပါ၀င်သော ဆေးမှာ deoxycholic acid ဖြစ်ပြီး အဆီပိုများဖယ်ရှားဖို့ ဥရောပမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုနေတာ ဆယ်စုနှစ် နှစ်ခုမကတော့ပါဘူး။ US FDA ကတော့ ပြီးခဲ့တဲ့ နှစ်ကမှ Kybella အမည်နဲ့ တရား၀င် အသုံးပြုခွင့်ပြုလိုက်ပါတယ်။ အဆီကျချင်တဲ့နေရာကို ဆေးရည် အနည်းငယ်စီ နှံ့အောင်ထိုးသွင်းရမှာ ဖြစ်ပြီး ယေဘူယျအားဖြင့် နာကျင်မှုမရှိသော ကုသမှုဖြစ်ပါတယ်။ အဆီပြင်အထူပေါ်မူတည်ပြီး ဆေးရည်ပမာဏနှင့် အကြိမ် အရေအတွက် ကွားခြားနိုင်ပါတယ်။ ဆေးဓာတ် မတည့်မှု ဖြစ်နိုင်ချေ နည်းပါးသော်လည်း ပထမဆုံးအကြိမ်မှာ ထိုးသင့်တဲ့ပမာဏ အောက်လျှော့ထိုးတာမျိုး၊ ဒါမှမဟုတ် skin test လုပ်တာမျိုး လုပ်သင့်ပါတယ်။ ခေတ်မှီနည်းပညာ၊ ဆေးဝါး အကူအညီနဲ့သွယ်လျတဲ့ ကိုယ်လုံးလေးဖြစ်အောင် အထောက်အပံ့ပေးနိုင်မှာပါ။ ဒါပေမယ့် သုံးတတ်ရင်ဆေး၊ မသုံးတတ်ရင် ဘေးဖြစ်တတ်တဲ့သဘောကိုတော့ သတိထားသင့်ပါတယ်။
Dr. Ye Thwyn (Clinique de Skin)






























