/
node/3331

ကလေးတွေရဲ့ အမူအကျင့်တွေဟာဖခင်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအခြေအနေနဲ့ ဆက်စပ်နေ

Category
ကလေးများနှင့်ကျန်းမာရေး

        ဖခင်တစ်ယောက်ရဲ့စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်တွေဟာသူ့ရဲ့လမ်းလျှောက်တတ်ခါစကလေးရဲ့ စိတ်အခြေအနေနဲ့ အမူအကျင့်ပိုင်းဆိုင်ရာပြောင်းလဲတိုးတက်မှုတွေနဲ့ ဆက်စပ်နေပါတယ်။

        ဒီလေ့လာတွေ့ရှိမှုဟာ Norwegian ကလေးငယ်တွေနဲ့ မိဘပေါင်း ၃၁,၀၀၀ ကျော်ကိုလေ့လာခဲ့ရာမှ သိရှိခဲ့ခြင်းဖြစ်ပြီး Pediatrics ဂျာနယ်မှ ထုတ်ဖော်ရေးသားခဲ့ခြင်းဖြစ်ပါတယ်။

        ပြီးခဲ့တဲ့အရင် လေ့လာတွေ့ရှိချက်တွေက ကိုယ်၀န်ဆောင်နေစဉ်နဲ့ ကိုယ်၀န်ဆောင်ပြီး နောက်ပိုင်းမှာ မိခင်တစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအခြေအနေဟာ ကလေးရဲ့ကျန်းမာရေးကိုသက်ရောက်မှု ရှိနိုင်တယ်လို့ ပြသခဲ့ပါတယ်။ ၎င်းတို့ထဲက လေ့လာတွေ့ရှိချက်တစ်ခုဟာဆိုရင် စိတ်ကျန်းမာရေး အလွန်ချို့တဲ့နေတဲ့ မိခင်တစ်ယောက်နဲ့ အတူနေထိုင်နေရတဲ့ ကလေးတွေဟာ ၎င်းတို့ရဲ့ ရေရှည်ကျန်းမာရေးနဲ့ဖွံ့ဖြိုးမှုတွေကို ထိခိုက်မှုရှိနိုင်တယ်လို့လည်း သိရှိခဲ့ရပါတယ်။

        ဒီလေ့လာတွေ့ရှိချက်က အရင်ကကလေးတွေရဲ့ ဖွံ့ဖြိုးမှုဟာ မိခင်တွေနဲ့ပဲသက်ဆိုင်မှုရှိတယ်လို့ သိထားရာကနေ အခုတော့ ဖခင်ရဲ့စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအခြေအနေဟာလည်း ကလေးတွေဖွံ့ဖြိုးမှုအတွက် အန္တရာယ်ဖြစ်နိုင်တယ်ဆိုတဲ့အချက်ကို ထောက်ပြနေတယ်လို့ နော်ေ၀း Bergen တက္ကသိုလ်မှ စိတ်ပညာအထူးပြု နဲ့ဒေါက်တာဘွဲ့ရရှိထားတဲ့ သုတေသီ Anne Lise Kvalevaag က ပြောကြားခဲ့ပါတယ်။ ဒါကြောင့် ဖခင်ရဲ့စိတ်ကျန်းမာရေးကို စစ်ဆေးမှုခံတာရော ဆေးကုသမှုခံယူတာရော ၂ ခုလုံးပြုလုပ်သင့်ပါတယ်။

        ကျွမ်းကျင်ပညာရှင်တွေအဖွဲ့က မိခင်တွေကိုယ်၀န် ၅ လ၊ ၆ လ လောက်ရှိလာတဲ့အခါမှာ ဖခင်တွေကို မေးမြန်းစစ်ဆေးမှုတွေပြုလုပ်ခဲ့ကြပါတယ်။ ဥပမာအားဖြင့်တော့ စိတ်ဓာတ်ကျဆင်းမှုတွေ ရှိနေလား၊ ထိတ်လန့်ကြောက်ရွံ့မှုတွေ ရှိနေလားဆိုတဲ့ စိတ်အခြေအနေတွေကိုမေးမြန်းကြတာပဲဖြစ်ပါတယ်။

        ကလေးမွေးဖွားလာပြီးနောက်ပိုင်း သိပ္ပံပညာရှင်တွေဟာ ဒီကလေးတွေရဲ့ ထူးခြားတဲ့ချို့ယွင်းချက်တွေကို ကြည့်ခြင်းထက် မကြာခဏဖြစ်တတ်တဲ့ စိတ်နေစိတ်ထားပြောင်းလဲမှုတွေ၊ ရန်လိုမှုတွေ ဒါမှမဟုတ် စိုးရိမ်ကြီးမှုတွေကိုအပေါ်မှာ အခြေခံပြီးအချက်အလက်တွေကို စုဆောင်းခဲ့ကြတယ်လို့ Kvalevaag က ရှင်းလင်းပြောကြားခဲ့ပါတယ်။

        အသက် ၃ နှစ်အရွယ်လောက်မှာ စိတ်ပိုင်းဆိုင်ရာပြဿနာအများဆုံးရှိတဲ့ ကလေးတွေဟာ ဖခင်တွေရဲ့ စိတ်ပိုင်းဆိုင်ရာချို့ယွင်းမှုကြောင့်ပဲ ဖြစ်တယ်ဆိုတာကိုသွားတွေ့ရပါတယ်။ ဒီလေ့လာချက်ဟာ အကျိုးအကြောင်း ဆက်စပ်မှုကိုတော့ တိုက်ရိုက်မပြသနိုင်သေးဘူးလို့ သုတေသီတွေကထောက်ပြခဲ့ပါတယ်။

        ဖခင်တစ်ယောက်ဟာ စိတ်ဖိစီးမှုဒဏ်ကို အကြီးမားဆုံးခံစားနေရမယ်ဆိုရင် ကိုယ်၀န်ဆောင်စဉ်အတွင်း မိခင်ရဲ့ဟော်မုန်းတွေကို ထိခိုက်နိုင်ပြီး အဲဒီသက်ရောက်မှုကသူမရဲ့ သနေ္ဓသားအထိ ကူးစက်ထိခိုက်နိုင်တယ်လို့ Miami Miller School ၊ ဆေးတက္ကသိုလ်က ကလေးဖွံ့ဖြိုးရေးဆိုင်ရာ အဓိကစင်တာရဲ့ ဒါရိုက်တာလည်းဖြစ် Pediatrics ဂျာနယ်ရဲ့ ပါမောက္ခလည်းဖြစ်တဲ့ Daniel Armstrong ကပြောကြားခဲ့ပါတယ်။

 

 

Dr. Htet Htet Aung

www.drmyanmar.com