/
node/3364

မိဘများသတိထားစရာ သားသမီးကို ဆုံးမရာ

Category
ဆရာ၀န်ကြီးများ ၏ ဆောင်းပါးများ
Author
Dr. ဦးမြသိန်းဟန် (ပါမောက္ခ)

      ရာနှုန်းပြည့်နီးပါး မိဘတိုင်းဟာ မိမိသားသမီးကို ဆင်းစီးလို့မြင်းရံပြီး ကောင်းစားစေချင်တာ သဘာ၀ပဲဖြစ် ပါတယ်။ ရာနှုန်းပြည့်နီးပါးလို့ ဆိုရတာကတော့ တချို့မိဘမဆန်တဲ့ မိဘတွေဟာ သားသမီးတွေမွေးထားပြီး မိမိသားသမီးကို လိမ္မာရေးခြားရှိအောင် ဆုံးမသွန်သင်ခြင်း၊ ပညာသင်ကြားပေးခြင်း၊ အ၀တ်အစားဆင်မြန်းပြီး အစာရေစာကျေွးမွေးခြင်းတွေကို မိမိတို့တတ်နိုင်သမျှ လုပ်သင့်သမျှမလုပ်ကြဘဲ တစ်ကိုယ်ကောင်းဆန်ကာ မိမိတို့အတွက်ကိုသာ ဦးစားပေးနေထိုင်တတ်ကြလို့ပါပဲ။ တချို့ကတော့ မလိုချင်လှဘဲ သားသမီးရလာလို့ တန်ဖိုးမထားဘဲ တာ၀န်ကျေရုံကျေွးမွေးစောင့်ရှောက်ပြီး ကြီးလာပါက ဘယ်လိုခိုင်းစားကြမယ်ဆိုတာကိုပဲ အလေးထားကြပါတယ်။ စာရေးသူတို့ငယ်စဉ်က တောရွာမှာ ကြီးပြင်းလာကြရပါတယ်။ ရွယ်တူအတော်များများဟာ နွားကျောင်း၊ လယ်ထဲဆင်းပြီး အရွယ်နှင့်မမျှ ထင်းခုတ်၊ မြက်စင်း၊ ကောက်စိုက်၊ ပျိုးနုတ်၊ ငါးမျှား၊ ငါးဖမ်းလုပ်ကြရပါတယ်။ မိဘဖြစ်သူတွေရဲ့ အသိဉာဏ် ပညာခေါင်းပါးမှု၊ တစ်ကိုယ်ကောင်းဆန်ကာ အရက်သောက်၊ ဖဲရိုက်၊ သန်းရှာ၊ အတင်းအဖျင်းပြောကြပြီး ကလေးတွေကို မနိုင်၀န်ထမ်းစေကာ ခိုင်းစားကြတာများပါတယ်။ စာရေးသူ၏ မိခင်ကိုပင် အိမ်နားနီးချင်းတွေက “ဟဲ့ လှစိန်၊ နင့်သားတွေကို ဘာဖြစ်လို့မခိုင်းစားဘဲ ကျောင်းထားနေရတာလဲ၊ သူတို့ကို ခိုင်းစားရင် နင်လည်း ပို၀င်ငွေရပြီး သက်သောင့်သက်သာလည်းနေနိုင်တာပေါ့”လို့ိ ဆိုပြီး ဆွယ်ကြပါသေး တယ်။ ဒါပေမယ့် အမေက “ငါ့သားတွေကို ဒီလိုပင်ပန်းလှတဲ့အလုပ်တွေကို ဘာမှမလုပ်ခိုင်းဘူး၊ ငါ့သားတွေ ပညာတတ်လေးတွေဖြစ်အောင် ငါပညာသင်ပေးမယ်” ဆိုပြီး စာအုပ်ဖိုးအလွယ်တကူမရှိတဲ့အခါမှာ သူ့နားက နားတောင်းကို ရောင်းပြီးသားတွေကို စာအုပ်များ၀ယ်ပေးခဲ့တဲ့ အမေ့ရဲ့စေတနာနဲ့ ကျေးဇူးတရားကို အမြဲသတိမမေ့နိုင်ဘဲဖြစ်နေမိပါတယ်။ ဒါကတော့ အမေ့ရဲ့သားတွေအပေါ်စေတနာထားပြီး အခြားသူတွေက ခိုင်းစားဖို့တိုက်တွန်းပေမယ့် ကြီးမားလှတဲ့မေတ္တာကြောင့် သားတွေ ပညာရေးတိုးတက်ဖို့ကိုပဲ ကြိုးစားအားထုတ်ခဲ့ပါတယ်။ ဒါကတော့ မိဘအများစုရဲ့ မေတ္တာစေတနာဖြစ်ပါတယ်။ တချို့ကျတော့လည်း အရက်သောက်၊  ဖဲရိုက်၊ အပျင်းထူပြီး သားသမီးရှေ့ရေးကို စဉ်းစားတွေးတော အားပေးမှုမပြုဘဲ လောလော လတ်လတ် မိမိသက်သာရေး၊ ၀င်ငွေတိုးပွားရေးကို အလေးထားသူတွေလည်း မနည်းလှပါဘူး။

 

          တကယ်တော့ သားသမီးတွေကို ဆုံးမပဲ့ပြင်သွန်သင်ရာမှာ ကလေးတွေရဲ့အသက်၊ အသိဉာဏ်များနဲ့ သူတို့ရဲ့စိတ်နေသဘောထားပေါ်မူတည်ဆောင်ရွက်ပေးကြရသလို သူတို့ရဲ့ဝါသနာအကျင့်စရိုက်ကိုလည်း အလေး ထားရမှာဖြစ်ပါတယ်။ တကယ်တော့ 3 နှစ်သားအထိ စဉ်းစားဆင်ခြင်တတ်မှုသိပ်မရှိသေးလို့ သူတို့ကို ဆိုဆုံးမ ခြောက်လှန့်ခြင်းဖြင့် ဆုံးမဖို့ခက်ခဲပါတယ်။ ဘာကြောင့့် အရိုက်အဆူခံရတယ်ဆိုတာ မသိနိုင်ကြလို့ ချော့မော့ခြင်း၊ ပုံတိုပတ်စများပြောပြခြင်း၊ ဆုများချီးမြှင့်ခြင်းဖြင့် အားပေးဆုံးမမှုဟာ အသုံး၀င်လှပါတယ်။ အသက် 5/6 ကနေ 10/11 အသက်အရွယ်မှာတော့ စဉ်းစားဆင်ခြင်တတ်မှု နည်းပါးသေးသော်လည်း အကြောက်တရားနှင့် ချီးမြှောက်မှုကို သိတတ်လာပြီဖြစ်လို့ ဆုပေး၊ ဒဏ်ပေးစနစ်ဖြင့် ဆုံးမမှုဟာ ပိုပြီးအကျိုးဖြစ်စေနိုင်တာမို့ ဒီအရွယ်အပိုင်း အခြားမှာတော့ ချော့မော့သိမ်းသွင်းလို့မရတဲ့အခါမှာ ဆူပူကြိမ်းမောင်းပြီး လိုအပ်ပါက နောက်အလားတူ အပြစ်များ မလုပ်ရဲစေရန် ခြောက်လှန့်ရိုက်နှက်သည်အထိ တချို့က ဆောင်ရွက်ကြပါတယ်။ ဒီလိုဆုံးမမှုမျိုးက နောင်အခါမှာ မိဘများအပေါ် မကျေနပ်မှုများ၊ အာဃာတ ရန်ညှိုးများဖြစ်ပေါ်စေတတ်လို့ တတ်နိုင်သမျှ အသုံးမပြုသင့်ပါဘူး။ မိဘများကိုယ်တိုင် နမူနာကောင်းပြပြီး ကလေးတွေကို်လည်း လိမ္မာကာ စာရိတ္တကောင်းမွန်သော သူငယ်ချင်းများ နှင့်ပေါင်းသင်းဆက်ဆံစေရန် ဖန်တီးအားပေးခြင်းပြုကြရပါမည်။ အများနှင့်ဆက်ဆံတတ်ပြီး တစ်ကိုယ်ကောင်း စိတ်ထားမှုနည်းပါးစေရန် စုပေါင်းဆောင်ရွက်ရသော အားကစားလှုပ်ရှားများမှာ အားပေးပြီးပါ၀င်လှုပ်ရှားမှုများမှာ အားပေးပြီး ပါ၀င်လှုပ်ရှားကစားစေခြင်း၊ ဆုပေးဒဏ်ပေးမှုများဖြင့် ထိန်းကျောင်းပြုပြင်ပေးကြရမှာဖြစ်ပါတယ်။

 

          အထူးအရေးကြီးတဲ့အချက်ကတော့ 12 နှစ်ကနေ 18 နှစ်အထိ ဆယ်ကျော်သက်အရွယ်တွေကို ဆုံးမပြုပြင်ရတာပဲဖြစ်ပါတယ်။ ဒီအရွယ်မှာ သူတို့ဟာ သူငယ်ချင်းတွေကို ခင်မင်တွယ်တာပြီး ကြီးမားတဲ့ အရှက်အကြောက်လည်းရှိကြပါတယ်။ သူတို့ကိုဆဲဆိုကြိမ်းမောင်းရိုက်နှက် ဆုံးမလို့မရသလို ချော့မော့ရုံနှင့် လည်း သူတို့ရဲ့ယုံကြည်ခံယူချက်ကို မပြောင်းလဲနိုင်ပါဘူး။ သူတို့ရဲ့ခင်မင်ယုံကြည်လေးစားမှုကို ရရှိအောင် မိမိကိုယ်တိုင်ကလည်း ပြုမူနေထိုင်ကျင့်ကြံပြီး နမူနာပြကာ သူတို့ကိုလည်း အကျိုးအကြောင်းပြ ဆွေးနွေး သဘောပေါက်စေမှုကို အကြိမ်ကြိမ်ဆောင်ရွက်ပါက မိမိဖြစ်စေချင်သည့် လမ်းကြောင်းပေါ်ကို ရောက်ရှိစေနိုင် ပါတယ်။ ဒါဟာ ယေဘုယျသဘော မှန်ကန်နိုင်ပေမယ့် တစ်ဦးချင်းစီ၏ စိတ်နေသဘောထား၊ အသိအမြင်၊ အကျင့်စရိုက်တွေပေါ်မှာလည်း မူတည်ပါတယ်။ ဆယ်ကျော်သက်အရွယ်ကို အများရှေ့မှာ ဆူပူရိုက်နှက်ခြင်း၊ အရှက်ရစေရန် အပြစ်ဒဏ်ပေးခြင်း ဥပမာ ခေါင်းတုံးကွက်ကြားရိတ်ခြင်း၊ လည်ပင်းတွင် စာတန်းချိတ်ဆွဲကာ သူငယ်ချင်းများရှေ့တွင် ရပ်ခိုင်းခြင်း၊  လမ်းလျှောက်စေခြင်းစတဲ့ လူ့သိက္ခာကို ထိခိုက်ကျဆင်းစေတဲ့ ဆုံးမမှုများဟာ အသုံးမ၀င်လှသလို ကလေးကိုလည်း စိတ်လိုက်မာန်ပါလုပ်နိုင်စေကာ ဒုက္ခအတွင်းသက်ဆင်းစေနိုင်သလို ဆုံးမပဲ့ပြင်သူမိဘများကိုလည်း ကိုယ်စိတ်နှစ်ပါးဆင်းရဲစေတတ်ပါတယ်။

 

          လောလောလတ်လတ်မှာပဲ စာရေးသူ၏ မိတ်ဆွေမိသားစုတစ်ခုဟာ ဒီဆုံးမပြုပြင်ရာမှာ သိရှိလိုက်နာ ရမည့်နည်းလမ်း၊  စည်းကမ်းကို လျစ်လျူရှုမိလို့ မိမိတို့ချစ်လှတဲ့သားငယ်ကို ဆုံးရှုံးရသလို မိမိတို့အမှားအတွက် တစ်သက်တာလုံး နောင်တတရားရကာ စိတ်ဆင်းရဲနေရမှာဖြစ်ပါတယ်။ ဖြစ်ပုံက ကျောင်းတွေပြန်ဖွင့်ရာမှာ န၀မတန်းတက်ရမည့်သားဖြစ်သူအား Game များမကစားရန်ဆုံးမရာ မရသဖြင့် မောင်းမဲကြိမ်းမောင်း ရိုက်နှက်ရုံတင်မက ကတုံးကွက်ကြားတုံးပေးလိုက်ရာ ဆယ်ကျော်သက်ရွယ် သားငယ်မှာ ကြိတ်မှတ်သည်းခံရသော်လည်း နောက်ဆုံး ဆွဲကြိုးချကာ မိမိအသက်ကို အဆုံးစီရင်သွားလို့ သားကို ကောင်စားစေလိုတဲ့မိဘနဲ့ ဆွေမျိုးသားချင်းများ၊ ပူးဆွေးသောက ဗျာပါဒရောက်ကြရပါတယ်။ မိမိသားသမီးရဲ့စိတ်ဓာတ်သဘောကို အကဲခတ်ပြီး သူ့အသက်အရွယ်လိုက် ပြောင်းလဲတတ်တဲ့ စိတ်သဘောကို သိရှိပြီး အချိန်နေရာဒေသအခြေအနေတွေပေါ်မူတည်ပြီး မလွန် မကျွံ၊ မဇိ္ဈမ နည်းလမ်းအရ ဆုံးမတတ်ဖို့ လိုအပ်လှပါတယ်။

 

          စာရေးသူကတော့ ကလေးငယ်စဉ်မှာ ဆန့်ကျင်တဲ့စိတ်ဓာတ်ရှိတတ်လို့ ချော့မော့သိမ်းသွင်းကာ ပုံပြင်များ ပြောပြတတ်သလို  6 နှစ်က 11 နှစ်အထိမှာတော့ အနည်းငယ် နားလည်သဘောပေါက်နိုင်လာ ပြီမို့ ပြောဆိုဆုံးမခြင်း၊ ဆုပေးဒဏ်ပေးနည်းဖြင့် ပြုပြင်ဆုံးမကြဖို့ အကြံပြုပါတယ်။ ဆယ်ကျော်သက် ရှက်တတ်၊ ခင်မင်တတ်တဲ့အရွယ်မှာတော့ သူတို့အတွက် အချိန်ပေး၊ နီးနီးကပ်ကပ်ပေါင်းသင်းဆက်ခံပြီး ကျိုးကြောင်းပြဆွေးနွေးအကြံပြုကာ ဆုံးမပဲ့ပြင်ဖို့ အထူးလိုအပ်လှပါတယ်။ သူတို့ရဲ့လူ့သိက္ခာ အရှက်ဖြစ်စေ မည့် ဘယ်လိုနည်းလမ်းကိုမှ အသုံးပြုကာ ဆုံးမခြင်းမပြုလုပ်မိဖို့ မိဘများသတိထားရှောင်ရှားကြဖို့ အကြံပြုသတိပေးရပါကြောင်းဖြင့် နိဂုံးချုပ်အပ်ပါတယ်။

 

 

Credit; ပါမောက္ခဒေါက်တာဦးမြသိန်းဟန် (ခွဲစိတ်အထူးကုဆရာ၀န်ကြီး)

Health Digest Journal, 2-7-2014

အတွဲ ( 11 )၊ အမှတ် ( 38 )

www.drmyanmar.com