/
node/3374

မျက်ကပ်မှန်နှင့် မျက်စိအန္တရာယ်

Category
ဆရာ၀န်ကြီးများ ၏ ဆောင်းပါးများ

        မျက်လုံးပြာပြာ အနောက်နိုင်ငံသူများနှင့်အပြိုင် မျက်ကပ်မှန်ပြာပြာလေးတွေတပ်ပြီးမှလှတယ်လို့ ထင်နေကြရှာတဲ့ ဆယ်ကျော်သက်လေးတွေအတွက် ဒီတစ်ပတ်မှာ မျက်ကပ်မှန်တစ်မျိုးပြီးတစ်မျိုး ပြောင်းတပ် ရှိုးထုတ်တဲ့အတွက် မျက်ကြည်လွှာလေးတွေပွန်းပဲ့ပြီး ပုံမှန်အရေပြားတို့ထက် ပိုပြီးကူးစက်ပိုး၀င်ရောက်မှု ခံရလွယ်တတ်ကြောင်း သတိပေးလိုက်ပါတယ်။

           လူဆိုတာ ကိုယ့်မှာမရှိနိုင်တဲ့ပစ္စည်း သို့မဟုတ် ကိုယ်မလုပ်နိုင်တဲ့အရာကို ပို၍တွယ်တာမြတ်နိုးတန်ဖိုးထား တတ်တာသဘာ၀ပါ။ သို့သော်လုပ်ယူရတဲ့အရာ မှန်သမျှဟာ ကောင်းတာတွေရှိသလို ဘေးထွက် ဆိုးကျိုးတွေ ပေးလာတတ်တာတွေလည်း အမျိုးမျိုးရှိပါသေးတယ်ဆိုတာ မမေ့အပ်ပါဘူး။

           မျက်ကပ်မှန်ရောင်စုံတပ်လာကြတာ ဆယ်စုနှစ် ၂ ခုမကတော့ပေမယ့် ဆယ်ကျော်သက်တွေတင်မက 30 အရွယ် အမျိုးသမီးတွေတိုင်း အလွယ်တကူ အသုံးပြုအလှဆင်လာတာမို့ မျက်ကပ်မှန်ထုတ်လုပ်ကြသူတွေ အနေဖြင့် စီးပွားရေးတစ်ခုတည်း အကျိုးအမြတ်ကိုကြည့်ပြီး အနာဂတ်ရဲ့ လူငယ်လေးတွေ၏ မြင်ကွင်းထိခိုက်မှုကိုကြိုတင်တွေး မိကြမှာတောင်မဟုတ်ပါဘူး။ မိဘများအနေဖြင့် မိမိတိ့ု၏ ဆယ်ကျော်သက်လေးတွေ မျက်ကပ်မှန်တပ်တာ ရှိ၊ မရှိ သတိထားစောင့်ကြည့်ပါ။ ပြီးရင် ဘာတွေထိခိုက်နိုင်သလဲဆိုတာ ပြောပြသတိပေးသင့်ပါတယ်။

           မျက်လှည့်ပြလိုက်သလို လူကိုလည်းလှပစေပြီး မြင်ကွင်းကိုလည်း ရှင်းစေတဲ့ မျက်ကပ်မှန်လေးတွေရဲ့ အစွမ်းကို ပျိုမြစ်နုနယ်တဲ့ ဆယ်ကျော်သက်လေးတွေ သဘောကျတာဟာ မဆန်းလှပါဘူးတဲ့။ အဲ . . . ခက်တာက မျက်ကပ်မှန်တွေကို သန့်သန့်ရှင်းရှင်းထားရ သိမ်းရ သုံးစွဲရတဲ့ အချက်တွေပါပဲ။

           အားလုံးသိတဲ့အတိုင်း လူသားတစ်ဦးမှာမြင်နိုင်တဲ့ အန္တရာယ်နှင့် မမြင်ရတဲ့ ပိုးမွှားအန္တရာယ် (ဥပမာ ဗိုင်းရပ်စ်ပိုး၊ ဗက်တီးရီးယားပိုး၊ မှိုပိုးစသည်တို့) အမျိုးမျိုးရှိပါတယ်။ မျက်စိဆိုတာ မျက်ရည်လေးတွေနဲ့ စိုစိုလက်လက်ရှိနေတဲ့ နေရာတစ်ခုပါ။ သင်ဟာထိုနေရာကို မျက်ကပ်မှန်ထည့်သွင်းအသုံးပြုရာမှာ သန့်ရှင်းမှုဟာ မဖြစ်မနေလုပ်ရပါလိမ့်မယ်။ ဟန်းချိန်း သို့မဟုတ် လက်ပတ်နာရီ သို့မဟုတ် လက်စွပ်တစ်ကွင်း၀တ်ဆင်ရသလို မလွယ်ကူပါဘူး။ ထိုအလှဆင်အပို ပစ္စည်းလေးတွေကို ခြောက်ခြောက်သွေ့သွေ့ထားပြီး သင့်လက်မှာ အချိန်မရွေးဖြုတ်လိုက်တပ်လိုက် ၀တ်ဆင်ပေးရတာလွယ်ပါတယ်။ ဒါပေမယ့် မျက်ကပ်မှန်တွေကို အသုံးမပြုခင်ရော သုံးပြီးရင်ရော သန့်သန့်ရှင်းရှင်းထားရန်၊ သိမ်းဆည်းရန် အထူးလိုအပ်ပါတယ်။ မဟုတ်ပါက ကူးစက်ပိုး၀င်ရောက်ရန် အကောင်းဆုံးနေရာကြီးတစ်ခုဖြစ်လာစေနိုင်ပါတယ်လို့ နယူးယောက်ယူနီဗာစီတီဆေးတက္ကသိုလ်မှ တွဲဘက်ပါမောက္ခမာရီယာဂလိုရီယာက သတိပေးပြောကြားလိုက်ပါတယ်။ မျက်စိတွေမှာ သဘာ၀အားဖြင့် ကူးစက်ပိုးမ၀င်ရောက်မထိုးဖောက်နိုင်အောင် ခုခံနိုင်စွမ်းရှိပါတယ်။ ဒါပေမယ့် လက်သန့်ရှင်းရေးနဲ့ သင့်ရဲ့မျက်ကပ်မှန်ကို သန့်ရှင်းအောင်ထိန်းသိမ်းနိုင်တဲ့စွမ်းရည်နဲ့ သင့်ရဲ့ပဉ္စလက်ဆန်တဲ့ မျက်ကပ်မှန်လေးတွေကို မျက်စိထဲ အသွင်းအထုတ်က နူးည့ံပြီး ဟန်ချက်ညီရန်လိုတယ်။ ထိုအချက် 2 ချက်ကို မထိန်းထားနိုင်တဲ့နေ့မှာ သင့်မျက်စိတွေရဲ့ မျက်ကြည်လွှာမှာ ပွန်းကာပဲ့ကာ ဒဏ်ရာရစေသလို ကူးစက်ပိုး၀င်နိုင်ပါတယ်လို့ သတိပေးလိုက်တာဖြစ်ပါတယ်။

           ထိုသုတေသနအဖွဲ့ရဲ့ သုတေသနပြုချက်များအရ မျက်ကပ်မှန်တပ်သူတွေနဲ့ မတပ်တဲ့သူတွေအကြားမတူ ကွဲပြားမှုက မျက်ကပ်မှန်တပ်သူတွေရဲ့ မျက်လုံးအိမ်ထဲမှာ ဗက်တီးရီးယားပိုးတွေ အုံဖွဲ့နေတာပိုမိုတွေ့ခဲ့ရတယ်လို့ ဆိုတယ်။

           ဘာကြောင့် ဗက်တီးရီးယားပိုးတွေ များနေရသလဲဆိုတဲ့အကြောင်းရင်းကို ဆန်းစစ်ကြတဲ့အခါ လက်အရေပြားမှတစ်ဆင့် ပိုးတွေ၀င်ကြတာပဲဆိုတာ သိလိုက်ရပါတယ်။ အရင်းအမြစ်ဆန်းစစ်ရင် လက်လေးတွေနှစ်ဖက်စလုံး မျက်ကပ်မှန်မသုံးခင် မိတ်ကပ်လိမ်းပြီး လက်တွေနဲ့မျက်စိထဲထည့်ပြီး အပြင်ထွက်တဲ့သူတွေ သတိထားဖို့လိုပါပြီ။

           နောက်ဆက်တွဲအနေနဲ့ ဒီလိုသာကြာကြာဖြစ်လာရင် မျက်မြှေးရောင်ရမ်းခြင်း၊ မျက်ကြည်လွှာရောင်ရမ်းခြင်းနှင့် မျက်စိအတွင်းတစ်ခုလုံးရောင်ရမ်းခြင်းစတဲ့ ပြဿနာတွေတက်လာနိုင်ပါကြောင်း သတိပေးတင်ပြလိုက်ပါတယ်။

 

 

 

Credit; ဒေါက်တာရည်ညွန့်မေ

Health Digest Journal (Vol: 12, No: 37)

www.drmyanmar.com