အဆီကျိတ်
အရေပြားမှာ ဘာအဖုအကျိတ်မှမရှိတာ အကောင်းဆုံးပါ။ လူမြင်သူမြင်နေရာမှာ ရှိပြီဆိုရင် မကြာခဏ ဘာအဖုလဲ၊ ဘာအကျိတ်လဲဆိုပြီး အမေးခံရတတ်ပါတယ်။ ရှက်မယ်ဆိုရင်လည်း ရှက်စရာပေါ့။ ဖုံးလို့ဖိလို့မှ ရတာမဟုတ်ပဲကိုး။
အရေပြားအောက်က အဆီကျိတ်
အဆီကျိတ်ဆိုပြီး ခြုံငုံပြောလိုက်ပေမဲ့ တကယ်တော့ အခုဆွေးနွေးမှာက အရေပြားက အဆီကျိတ်ပါ။ အရေပြားမှာ အပေါ်လွှာ၊ အလယ်လွှာ၊ အောက်လွှာဆိုပြီး အလွှာ (3) ခုရှိတဲ့အနက် အတွေ့များတဲ့အဆီကျိတ်က အရေပြားအောက်ဆုံးလွှာထဲမှာရှိတဲ့ အဆီကျိတ်ပါ။ ဆေးေဝါဟာရအရ ပြောရရင် Subcutaneous Lipoma ပေါ့။ အဆီကျိတ်ကို လိုက်ပိုးမား (Lipoma) လို့ခေါ်ပါတယ်။ Subcutaneous ဆိုတာကတော့ အရေပြားရဲ့အောက်မှာလို့ အဓိပ္ပါယ်ရပါတယ်။ တကယ်တော့ အရေပြားရဲ့ အောက်လွှာမှာ အဆီဆိုတာရှိပြီးသားပါ။ အဲဒီအဆီတွေကြောင့် အရေပြားဟာ မို့မို့ဖောင်းဖောင်းဖြစ်စေတဲ့အပြင် ခန္ဓာကိုယ်ရဲ့ အပူချိန်ကိုလည်း အထိုက်အလျောက်ထိန်းညှိပေး ပါတယ်။ ပင်ကိုရှိပြီးသား အဆီကလာပ်စည်းတွေကနေ အဆီကျိတ်ဖြစ်တာမို့ အရေပြားအောက်က အဆီကျိတ်လို့ သမုတ်လိုက်တာပါ။
မြင်ဖူး တွေ့ဖူးကြမှာပါ
အဆီကျိတ်ကိုတော့ သူသူငါငါ မြင်ဖူး၊ ကြုံဖူးကြမှာပါ။ လူမြင်သူမြင် လက်မောင်း၊ လက်ဖျံ၊ လည်ပင်း၊ နဖူးတို့ တွေ့နိုင်သလို အ၀တ်အစားနဲ့ ဖုံးကွယ်နေတဲ့ ပေါင်၊ ကျော၊ ဗိုက်၊ ချိုင်း(ဂျိုင်း) စတဲ့နေရာတွေ မှာလည်း ဖြစ်နိုင်ပါတယ်။ အရွယ်အစားကလည်း အမျိုးမျိုးပါ။ ကုလားပဲစေ့လို သေးသေးလေးအရွယ်ကနေ ကြက်ဥလို၊ ဂေါက်သီးအရွယ်လို အထိလည်းကြီးနိုင်ပါတယ်။ တချို့ကျတော့ ငုံးဥလိုအရွယ်လောက်ပဲရှိတာပါ။ များသောအားဖြင့် တစ်လုံးတည်းရှိတတ်ပေမဲ့ တချို့ကျတော့လည်း ဟိုနားတစ်လုံး၊ ဒီနားတစ်လုံးနဲ့ တော်တော် များများတွေ့ရတတ်ပါတယ်။
အမျိုးသမီးတွေမှာ အဆီကျိတ်ဖြစ်ရင် တစ်လုံးလောက်ပဲရှိတတ်ပေမဲ့ အမျိုးသားတွေမှာ ဆိုရင်တော့ တော်တော်များများတွေ့ရလေ့ရှိပါတယ်။
တကယ်တော့ ဒီလိုအဆီကျိတ်မျိုးက ကလေးငယ်တွေမှာ မရှိသလောက်ရှားပါတယ်။ လူလတ်ပိုင်းမှာသာ အတွေ့များတာပါ။ ပြောရရင် အသက်လေးဆယ်နဲ့ ခြောက်ဆယ်ကြားအရွယ်တွေမှာမှ ပိုအတွေ့များတာပါ။
ပျော့ပျော့ပျောင်းပျောင်း
အဆီကျိတ်ဆိုတော့ အခြားအရေပြားအကျိတ်တွေနဲ့ မတူပဲ ကိုင်ကြည့်ရင် ပျော့ပျော့ပျောင်းပျောင်းပါ။ နာလည်းမနာပါဘူး။ ဟိုဘက်ဒီဘက်ကို တွန်းကြည့်ရင်လည်း နည်းနည်းပါးပါးရွေ့ပါတယ်။ အရေပြားအောက်က အကျိတ်ဆိုတော့ အရေပြားနဲ့ လွတ်လွတ်ကင်းကင်းပါပဲ။ ရှင်းရှင်းပြောရရင် ဒီအဆီကျိတ်က အရေပြားနဲ့ ကြွက်သားကြားထဲမှာ ရှိနေတာပါ။
ဒါပေမဲ့ နဖူးမှာပေါက်တတ်တဲ့ အဆီကျိတ်ကျတော့ အရေပြားအောက်က နဖူးကြွက်သား (Frontalis muscle) ထဲထိ နက်နက်ရှိုင်းရှိုင်းအခြေတည်နေတတ်ပါတယ်။
အဆီကျိတ်ဟာ သူ့ကိုလွှမ်းခြုံထားတဲ့ အကာအမျှင်တွေထဲမှာ သီးသန့်ရှိနေပြီး အခြားပုံမှန်အဆီ ကလာပ်စည်းတွေနဲ့ ရောနေတာ မဟုတ်ပါဘူး။
ကင်ဆာဖြစ်မှာ ကြောက်တယ်
အရေပြားမှာ ဘာအဖုအကျိတ်ဖြစ်ဖြစ် ကင်ဆာများလားဆိုပြီးတော့ ကြောက်တတ်ကြပါတယ်။ တကယ်တော့ အန္တရာယ်ရှိတဲ့ရောဂါကို ကြောက်တတ်တာကောင်းပါတယ်။ ဒါပေမဲ့ ဒီအဆီကျိတ်တွေကတော့ တကယ့်ကို ရေမြွေပါ။ အန္တရာယ်မပေးသလောက်ပါပဲ။ ကင်ဆာလည်း မဖြစ်ပါဘူး။ ချက်ချင်းကြီးလည်း ၀ုန်းဒိုင်းဆိုပြီး တအားကြီးထွားမလာပါဘူး။ တဖြည်းဖြည်းချင်းသာ ကြီးလာပြီး တစ်ချိန်ကျတော့ ရပ်သွား၊ တန့်သွားတာပါ။ ဒါကြောင့် များသောအားဖြင့် အဆီကျိတ်တွေကို မခွဲမပြု ဒီတိုင်းပဲ ထားကြတာပါ။ ခွဲရင်ပိုက်ဆံကုန်မယ်၊ အမာရွတ်ထင်မယ်၊ နာမှာကြောက်တယ် စတဲ့ အကြောင်းပြချက်တွေ နဲ့ သေရာပါတဲ့အထိ ဒီအတိုင်းပဲထားကြတာပါ။ ဒုက္ခမှ မပေးပဲကိုး။
ဒါပေမဲ့ ပေါင်မှာဖြစ်တဲ့ အဆီကျိတ်က ထောပတ်သီးအရွယ်လောက်ထိ ကြီးနေတယ်ဆိုရင်တော့ ကင်ဆာဖြစ်နိုင်ခြေရှိတယ်လို့လည်း တချို့ဆိုပါတယ်။ ဒါကြောင့် သိပ်ကြီးရင်တော့ မပေါ့စေချင်ပါဘူး။
ဘာကြောင့် အဆီကျိတ်ဖြစ်တာလဲ
သွေးထဲမှာ အဆီတွေများလို့လား၊ လူက၀လို့လား၊ အထိုင်များလို့လား စသဖြင့် အဆီကျိတ်ဘာလို့ ဖြစ်ရတာလဲဆိုပြီး မေးတတ်ကြပါတယ်။ တကယ်တော့ သူ့ဟာ သူဖြစ်ချင်လို့ ဖြစ်လာတာပါ။ မျိုးရိုးဗီဇပါလာလို့ပါ။ သွေးထဲက အဆီတွေနဲ့လည်း မဆိုင်သလို အ၀လွန်တာနဲ့လည်း မပတ်သက်ပါဘူး။ တချို့လူက ပိန်ပိန်ပါးပါးနဲ့ အဆီကျိတ်တွေ ဟိုတစ်လုံး၊ ဒီတစ်လုံးရှိရင် ရှိနေတာပါ။ ကျွန်တော်လက်ရှိနေထိုင်တဲ့ အိမ်ရာမှာ ဗေလု၀လို့ အမည်ပြောင်ပေးထားတဲ့ ခပ်ပိန်ပိန် လုံခြုံရေး၀န်ထမ်းရဲ့ နဖူးအလယ်တည့်တည့်မှာ ကွမ်းသီးလုံးလောက် အဆီကျိတ်တစ်လုံးနဲ့ပါ။ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကတည်းကရှိနေတာ ကြီးလည်းမလာပါဘူး။ အကျိတ်က နဖူးမှာရှိတဲ့အပြင် သူ့မှာ သွေးတိုးလည်းရှိနေတော့ ကျွန်တော်က ခွဲစိတ်ပေးရမှာကို လက်တွန့်နေတာမို့ ကြာနေတာပါ။
တချို့ကျတော့ ထိခိုက်မိတာကနေ အဆီကျိတ်ပေါ်လာတာမျိုးရှိပါတယ်။ ဥပမာ လက်ဖျံနဲ့ တစ်ခုခုတိုက်မိတာ၊ ရိုက်မိရာက အဲဒီနေရာမှာကြာတော့ အဆီကျိတ်ထွက်လာတာမျိုးပါ။ နဂိုဗီဇအခံပါခဲ့ရင် ပိုပြီးဖြစ်လွယ်တာပေါ့။
ဝါဝါမြင်တိုင်း ရွှေမဟုတ်ပါ
အရေပြားပေါ်မှာ အဖုအကျိတ်တွေ့တိုင်း အဆီကျိတ်ပဲ ဖြစ်မှာပါလို့ တထစ်ချ မှတ်ယူလို့မရပါဘူး။ အဖု အကျိတ်ဖြစ်နိုင်တဲ့ အခြားအရေပြားပြဿနာတွေကလည်း အများသား။ Xanthoma ဆိုတဲ့ အဆီကျိတ်တစ်မျိုးလည်း အရေပြားမှာရှိတတ်တာမို့ပါ။ ဒီအဆီကျိတ်က အရေပြားရဲ့ အလယ်လွှာထဲမှာ အခြေတည်တဲ့အကျိတ်ပါ။ အဆီဓာတ်တွေကို ခံတပ်သွေးဖြူဥကြီးတွေက ဝါးမျိုးပြီးမှ ဖြစ်လာတဲ့အကျိတ်ပါ။ အဝါရောင်အဖု သေးသေးလေးတွေ၊ ပြားချပ်ချပ် အပြင်လိုက်အဖုငယ်လေးတွေအဖြစ် အတွေ့များတာပါ။ ဘယ်ညာ အပေါ်အောက်မျက်ခွံတွေပေါ်မှာ ညိုဝါဝါအဖု အပြင်အနေနဲ့လည်း ပေါ်တတ်ပါတယ်။ ဒါပေမဲ့ ဒူး၊ တံတောင်ဆစ်၊ ခြေမျက်စိစတဲ့ အဆစ်တွေမှာတော့ အဖုအကျိတ် ကြီးတွေပေါ်တတ်ပါတယ်။ ဒီအခါမှာ အရေပြားအောက်က အဆီကျိတ်က ပုံမှန်အသားရောင်ပဲ ရှိပေမဲ့ Xanthoma အဆီကျိတ်ကတော့ ဝါတာတာ၊ ညိုတိုတိုပါ။ ကိုင်ကြည့်ရင် Xanthoma က ခပ်မာမာပါ။ Lipoma ဆိုတဲ့ အရေပြားအောက် အဆီကျိတ်ကတော့ ရှေ့ပိုင်းမှာ ပြောခဲ့တဲ့အတိုင်း ပျော့ပျော့ပျောင်းပျောင်းပါ။ ပြောရရင် အီကြာကွေး၊ ပလာတာလုပ်ဖို့ နယ်ထားတဲ့ နှပ်ထားတဲ့ ဂျုံလုံးကို ကိုင်ကြည့်ရသလိုကို ပျော့တာပါ။ နောက်ပြီး Xanthoma အဆီကျိတ်ရှိသူတချို့မှာ သွေးထဲက အဆီဓာတ်တွေမြင့်နေတတ်တာပါပဲ။
အခြားမှားနိုင်တဲ့ ပြဿနာတစ်ခုကတော့ နူရိုဖိုက်ဘရိုးမား (Neurofibroma) အကျိတ်တွေပါ။ ဒီအကျိတ် ကလည်း အရေပြားအောက်မှာပဲရှိပြီး ပျော့ဖတ်ဖတ်ပါ။ အကျိတ်ရဲ့အလယ်ကို ဖိကြည့်ရင် ချိုင့်တောင်၀င်သွားတာပါ။ ကြယ်သီးပေါက် (buttonhole) လိုချိုင့်၀င်နေတဲ့လက္ခဏာပါ။ ဒီအကျိတ်က ဖိုက်ဖရင် (Fibrin) ဆိုတဲ့ အမျှင်တွေနဲ့ ဖွဲ့စည်းထားပြီး တစ်လုံးစ၊ နှစ်လုံးစဆိုရင် ပြဿနာမရှိပါဘူး။ အများအပြား ရှိနေရင်တော့ နူရိုဖိုက်ဘရိုးမားတိုးစစ် Neurofibromatosis ဆိုတဲ့ရောဂါဖြစ်တာပါ။ နောက်ထပ် မှားနိုင်တာတစ်မျိုးကတော့Epitdermal Cyst ဆိုတဲ့ အရည် ပျစ်ချွဲချွဲတွေအောင်းနေတဲ့ အဖုအကျိတ်ပါ။ ဒီအရည်အိတ်ဟာ ကြာရင်နာလာပြီး ပေါက်ထွက်တာများပါတယ်။
နာရင်သတိထား
ပုံမှန်အားဖြင့် အခုဆွေးနွေးနေတဲ့ အဆီကျိတ်တွေဟာ လုံး၀မနာပါဘူး။ ဒါပေမဲ့ တစ်ခါတလေ အာရုံကြောတွေ ရဲ့ အနားမှာရှိနေခဲ့ရင် ဒါမှမဟုတ် အဆီကျိတ်ထဲမှာ သွေးကြောမျှင်တွေ များနေခဲ့ရင် နာတတ်ပါတယ်။ အ၀လွန်တဲ့သူတွေ၊ ဒါမှမဟုတ် သွေးဆုံးပြီးတဲ့ အမျိုးသမီးတွေမှာ ရှားရှားပါးပါးတွေ့ရတတ်တဲ့ အဆီကျိတ်တွေကတော့ နာတတ်ပါတယ်။ Adiposis dolorosa လို့ခေါ်တဲ့ ရောဂါပါ။ ဒီရောဂါမှာ အဆီကျိတ်က ဘယ်ဘက်ရော၊ ညာဘက်ပါ စုံဖြစ်လေ့ရှိပြီး နာရုံတင်မကဘူး၊ အားအင်နုံးချည့်တာ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားမှုတွေ ဖြစ်တတ်ပါတယ်။ နာရင်သတိထားဖို့ လိုအပ်သလို အဆီဖုတွေ အများအပြားရှိနေရင်လည်း မပေါ့ဆဖို့လိုပါတယ်။ အခြားရောဂါတွေနဲ့ ပတ်သက်မှုတွေရှိနိုင်လို့ပါ။ အလွန်ရှားတဲ့ လောင်းဒင်ရောဂါစု (Lowden Syndrome) ဂါနာရောဂါစု (Gardner Syndrome) စတာတွေနဲ့ ဆက်စပ်မှုရှိနိုင်လို့ပါ။ ဒီရောဂါစုတွေဟာ မွေးရာပါ ဗီဇကြောင့် ဖြစ်ရပြီး ကင်ဆာဖြစ်နိုင်ခြေများပါတယ်။
အဆီကျိတ်တွေ ပျောက်ချင်တယ်
ဘာမှပြဿနာမပေးရင်တော့ မကုဘဲထားလို့ရပါတယ်။ စိတ်သောကရောက်စရာမလိုပါဘူး။ ဒါပေမဲ့ လူမြင် သူမြင်နေရာမှာရှိနေလို့ အလှပျက်တာ၊ စိတ်အနှောင့်အယှက်ဖြစ်တာ ရှိနေရင်တော့ ဖယ်ရှားပစ်ရမှာပါ။ ဒါ့အပြင် အကျိတ်ဟာအရမ်းကြီးနေရင် ဒါမှမဟုတ် နာကျင်နေရင်လည်း ကုသမှုခံယူရမှာပါ။ ကုသနည်းတွေကတော့ အားလုံးသိကြတဲ့ ခွဲစိတ်ဖယ်ထုတ်ပစ်လိုက်ခြင်းပါပဲ။ အရေပြားအောက်ကြွက်သားထဲမှာ နက်နက်နဲနဲ အမြစ်တွယ်ကပ်နေတတ်တဲ့ နဖူူးပေါ်က အဆီအိတ်မျိုးဆိုရင်တော့ ဂရုစိုက်ပြီး သေသေချာချာကို ခွဲထုတ်ပစ်မှရမှာပါ။ ကြွက်သားတွေကိုမထိခိုက်ဖို့ အရေးကြီးပါတယ်။
ဒီနည်းကတော့ ပြန်ဖြစ်တာမျိုးမရှိပါဘူး။ ခွဲတယ်ဆိုတော့ အခန့်မသင့်ရင် အမာရွတ်တော့ ကျန်နိုင်ပါတယ်။ ဒုတိယနည်းကတော့ အရေပြားကို နည်းနည်းလေးပဲခွဲပြီးတော့ အဆီကျိတ်ကို ညှစ်ထုတ်တဲ့နည်းပါ။ အဆီတွေကို ခွဲထားတဲ့ အပေါက်ကပဲ ထွက်သွားအောင် ညှစ်လိုက်တာပါ။ ဒါပေမဲ့ အဆီအိတ်ရဲ့ အကာကျန်ခဲ့နိုင်တာမို့ ပြန်ဖြစ်နိုင်ပါတယ်။ နောက်တစ်နည်းကတော့ အဆီတွေကို စုပ်ယူတဲ့နည်းပေါ့။ Liposuction လို့ခေါ်တဲ့နည်းပါ။ ၀မ်းဗိုက်ကအဆီပြင်တွေကို ဒီနည်းနဲ့ပဲ စုပ်ထုတ်နေကြတာပါ။
သွေးထဲက အဆီပဲဖြစ်ဖြစ်၊ ဗိုက်ခေါက်ထဲက အဆီပဲဖြစ်ဖြစ်၊ အရေပြားအောက်က အဆီကျိတ်ထဲက အဆီပဲ ဖြစ်ဖြစ်၊ ပုံမှန်ထက်ပိုလျှံနေရင် မကောင်းပါဘူး။ ပြဿနာပေးနိုင်တဲ့ အဆီပို၊ အဆီလျှံမှန်သမျှ လျော့ပါးကင်းစင်သွားအောင် ဖယ်ရှားပေးနိုင်ရင် အကောင်းဆုံးပါ။
Credit; ဒေါက်တာကျော်ကျော် (အရေပြားအထူးကုဆရာ၀န်ကြီး)
ဇီ၀က (ကျန်းမာရေး၊ အလှအပ၊ သုတ၊ ရသ) မဂ္ဂဇင်း
No. 241, February 2015




























