/
node/3405

ကင်ဆာ၏ ပါရာဒိုင်းများ (အပိုင်း - 1)

Category
ဆရာ၀န်ကြီးများ ၏ ဆောင်းပါးများ

        ကင်ဆာဖြစ်ပြီဆိုတာနဲ့ ဘယ်အဆင့်ရောက်နေပြီလဲလို့ သိချင်ကြတာ သဘာ၀ပဲ။ ဘာကြောင့်လဲ။ အဖြေကရှင်းပါတယ်။ ကင်ဆာဆဲလ်တွေ ေ၀းေ၀းကို ပျံ့လေလေအသက်ရှင်ဖို့ အချိန်နည်းသွားလေလေ မို့လို့ပေါ့။ အဆင့်လွန်ပြီး ဟိုရောက်သည်ရောက်ဖြစ်နေတဲ့ Metastasis ကင်ဆာတွေတွေ့တဲ့ အခါမှာ ဆေးပညာရှင်တွေဟာသည်လိုကင်ဆာတွေကို မဖြစ်ခင်ကတည်းက စောစောစီးစီး သိခဲ့ကြရင် ကောင်းမှာပဲဆိုတဲ့ အတွေကိုတွေးမိကြပါတယ်။ သည်လိုနဲ့ ကင်ဆာကိုမဖြစ်ခင်ကတည်းက ကြိုပြီးရှာဖွေထားကြမယ်ဆိုတဲ့ အယူအဆပေါ်ပေါက်လာတာပါ။

           ခွဲစိတ်ပညာမှာ နာမည်ကျော်တဲ့ ၀ီလီယံဟောစတတ်ဆိုတဲ့ အမေရိကန်ပြည်ထောင်စုက ဆရာ၀န်တစ်ဦးရှိခဲ့ဖူးတယ်။ သူ့အမြင်အရဆိုရင် ကင်ဆာဆိုတာနေရာတစ်နေရာတည်းကနေ အစပြုတယ်။ ပြီးရင် အနီးအနားကပျံရည် ကျိတ်တွေ ဆီပျံ့နှံ့သွားကြတယ်။ ပြီးတော့မှ အေ၀းမှာရှိတဲ့ ကိုယ်အင်္ဂါတွေဆီ ပျံ့နှံ့သွားကြတယ်လို့ဆိုပါတယ်။ အဲဒီ အတွေးအခေါ်ကို Halstedian paradigm “ ဟောစတတ်ရဲ့ အမြင် ” လို့ခေါ်ကြတယ်။ ဒီအယူအဆသာ မှန်ကန်မယ်ဆိုရင် ကင်ဆာရောဂါတစ်ခုဟာ နေရာတစ်နေရာမှာ စဖြစ်ပြီဆိုကတည်းက စောစောသိလိုက်တာနဲ့ ကုသလိုက်မယ်ဆို်ရင် အေ၀းကိုပျံ့နှံ့တာတွေ မဖြစ်နိုင်တော့ဘူးလို့ဆိုရမှာပေါ။ အဲဒီအယူအဆဟာ အမြဲမှန်သလားလေ့လာ ကြည့်ရအောင်။

           သည်ဘက်ခေတ်မှာ ရောဂါကြိုတင်ကာကွယ်ရေးအတွက် နာမည်ကြီးတဲ့ ရင်သားကင်ဆာနဲ့ ဆီးကျိတ် ကင်ဆာနှစ်မျိုးကို နှိုင်းယှဉ်ပြီးလေ့လာကြည့်ကြမယ်။ SEER လို့ အတိုကောက်ခေါ်တဲ့ ကင်ဆာသုတေသနတစ်ခုရှိခဲ့ ဖူးတယ်။ အဆင့် (4) ဖြစ်ပြီးသား၊ တစ်နည်းအားဖြင့် တခြားနေရာတွေကို ပျံ့နှံ့နေပြီးသားအဆင့်မှာ ရောက်လာတဲ့ ကင်ဆာလူနာတွေကို မူတည်ပြီးပြုလုပ်တဲ့ သုတေသနပါ။ အဆင့်နုစဉ်မှာ ကင်ဆာကိုစသိပြီး နောက်ပိုင်းမှာ အဆင့် (4) ဖြစ်သွားတဲ့လူနာတွေတော့ မပါဘူးပေါ့။ အဲဒီ သုတေသနအဖြေထွက်လာတော့ ရင်သားကင်ဆာအဆင့် (4) မှ စပြီး သိခွင့်ရတဲ့ လူနာများရဲ့ အရေအတွက်ဟာ 1975 ခုနှစ်ကစလို့ ယနေ့အထိပြောင်းလဲခြင်း မရှိဘူးဆိုတာကို သွားတွေ့ရတယ်။ သဘောက 1975 ခုနှစ်အတွင်းလူဦးရေ တစ်သိန်းတိုင်းမှာ အဆင့် (4) ရင်သားကင်ဆာလူနာ 18 ဦး တွေ့တယ်ဆိုရင် 2010 ပြည့်နှစ်မှာလည်း သည်နှုန်းအတိုင်းပဲ ဖြစ်နေတာကိုပြောတာ။

           အဲ….. ထူးခြားချက်ရှိတာကတော့ အမျိုးသားတွေမှာဖြစ်တဲ့ ဆီးကျိတ်ကင်ဆာရောဂါ။ ဆီးကျိတ်ကင်ဆာ အဆင့် (4)တွေ့ရှိမှုနှုန်းကတော့ 1988 ခုနှစ်နောက်ပိုင်းမှာ သိသိသာသာ ချည်းကိုတစ်ဟုန်ထိုးကျဆင်းလာခဲ့တာ ကိုတွေ့ကြရပါတယ်။ အကြောင်းရင်းကတော့ PSA ခေါ်တဲ့ ဓာတ်တစ်မျိုးကိုသွေးဖောက်ပြီးသိနိုင်ရာက တစ်ဆင့် ဆီးကျိတ်ကင်ဆာတွေကို စောစောစီးစီးသိလာကြရလို့ပါ။ ပုံမှန်ယောကျ်ားတစ်ယောက်မှာ PSA ပုံမှန်ဖောက်နေရာက တက်လာပြီဆိုတာနဲ့ ဆီးကျိတ်ကင်ဆာကို ရှာဖွေပြီး ဖြစ်နေရင် စောစောစီးစီးကုသခွင့်ရကြတဲ့အတွက် အဆင့် (4) အထိ မရောက်ကြတော့တာဖြစ်ပါတယ်။

           ကောင်းပြီ။ ဆီးကျိတ်ကင်ဆာအဆင့် (4) တွေ့ရှိမှုကကျဆင်းပြီး ရင်သားကင်ဆာအဆင့် (4) ကတော့ ဘာလို့တန်းနေသလဲ။ ရင်သားကင်ဆာကြိုတင် ရှာဖွေရေးဆိုိပြီး ရင်သားကိုဓာတ်မှန်ရိုက်ပြီး ရှာဖွေနည်းတွေ ပေါ်နေပြီ ပဲ။ ဖြစ်နိုင်ခြေကနှစ်ခုပါ။ တစ်ခုကတော့ အစကတည်းက ရင်သားကင်ဆာအဆင့် (4) တန်းဖြစ်သွား ရလောက်အောင် ပြင်းထန်တဲ့ ရင်သားကင်ဆာအမျိုးအစားဟာ အရင်တုန်းက အတိုင်းမပြောင်းမလဲပဲရှိနေလို့ပါ။ ဘယ်လောက်ကြိုရှာရှာသည် အမျိုးအစား ရင်သားကင်ဆာကတော့ လွတ်နေမှာပဲဆိုတဲ့ သဘောပေါ့။ နောက်ဖြစ်နိုင်ခြေတစ်ခုကတော့ ရင်သားဓာတ်မှန်ရိုက်ပြီးရောဂါရှာဖွေနေတာဟာ လိုအပ်ချက်တွေများရှိနေလို့လားဆိုတဲ့ မေးခွန်းပေါ့။

           ဘားနတ်ဖစ်ရှာ (Bernard Fisher) ဆိုတဲ့ ပညာရှင်တစ်ဦးရဲ့ အဆိုအရတော့ ရင်သားကင်ဆာဟာစဖြစ်ပြီဆို ကတည်းက သွေးထဲကနေတစ်ဆင့်တစ်ကိုယ်လုံးကိုပျံ့နှံ့နေပြီးသားပါတဲ့။ Systemic disease လို့သုံးပါတယ်။ ဟော စတတ်ရဲ့ အယူအဆနဲ့ဆိုရင်တော့ လုံး၀ကွဲသွားပြီပေါ့။ ဒါကိုတော့ ဖစ်ရှာရဲ့ ပါရာဒိုင်းလို့ခေါ်ကြတယ်။ လက်ရှိကာလ မှာတော့ ကင်ဆာဆရာ၀န်တွေက ဖစ်ရှာရဲ့ ပါရာဒိုင်းနဲ့ပဲရင်သားကင်ဆာဟာ ရင်သားကိုခွဲထုတ်လိုက်တာနဲ့ မပြီးသေး ဘူးမဟုတ်လား။ အဆင့် (1)ဖြစ်ဖြစ်၊ အဆင့် (2)ဖြစ်ဖြစ် ကင်ဆာဆေးတွေ သွေးထဲကနေတစ်ဆင့် သွင်းပြီးကုနေ ကြတာလေ။ သဘောကသွေးထဲမှာရှိတဲ့၊ တစ်ကိုယ်လုံးပျံ့နှံ့နေတဲ့ ရင်သားကင်ဆာဆဲလ်တွေကို ချေမှုန်းပစ်တဲ့ သဘောပေါ့။ တချို့ အကျိတ်တွေထိပျံ့နေတဲ့သူတွေဆို ဓာတ်ရောင်ခြည်နဲ့တောင်ကုသခံကြရသေးတာလေ။

           အမျိုးသမီးတွေရဲ့ ရင်သားကင်ဆာဖြစ်ပွားမှု ပျမ်းမျှအသက် (mean age) က 63 နှစ်ပါတဲ့။ အဲသည်အသက် အရွယ်ကလည်း လွန်ခဲ့တဲ့ နှစ်ပေါင်း 37 နှစ်အတွင်းမပြောင်းလဲဘူး။ သည်တော့ ရင်သားကင်ဆာနဲ့ ပတ်သက်လို့ခြုံ ပြောမယ်ဆိုရင် ရင်သားကင်ဆာရဲ့ သဘောသဘာ၀ဟာ ဖစ်ရှာရဲ့ပါရာဒိုင်းအတိုင်းသွားတယ်။ စဖြစ်ကတည်းက ပျံ့နှံ့ နေပြီးသားလို့မှတ်ရမယ်။ ရင်သားဓာတ်မှန်နဲ့ ကြိုတင်စစ်ဆေးတာတောင်မှ တချို့သောရင်သားကင်ဆာအမျိုးအစား တွေမှာစဖြစ်ကတည်းက အဆင့် (4)ကိုတန်းသွားတတ်တာမို့ လွတ်သွားတာတွေရှိနိုင်တယ်လို့ ဆိုရမှာပေါ့။

           အမျိုးသားများမှာပဲဖြစ်တဲ့ ဆီးကျိတ်ကင်ဆာများကျတော့ ဟောစတတ်ပါရာဒိုင်းနဲ့ အံ၀င်ခွင်ကျဖြစ်သလိုရှိတယ်။ တစ်ဆင့်ပြီးမှ တစ်ဆင့်သွားတတ်တဲ့ ကင်ဆာအမျိုးအစားမို့ PSA ဖောက်ပြီး ပုံမှန်စစ်ဆေးနေရုံနဲ့ ဖြစ်ခါစဆီးကျိတ်ကင် ဆာကိုမိနိုင်တယ်။ စောစောစီးစီးခွဲထုတ်လိုက်တာနဲ့ လုံး၀ပျောက်ကင်းသွားနိုင်တယ်။ ဒါကြောင့်မို့လည်း လွန်ခဲ့တဲ့ နှစ်ပေါင်း 30 လောက်အတွင်းမှာ အဆင့်လွန်ဆီးကျိတ်ကင်ဆာ ဖြစ်ပွားနှုန်းတွေ သိသိသာသာလျော့ကျလာတာ ဖြစ်ပါတယ်။ နေရာတိုင်းမှာ ခြွင်းချက်လေးတွေတော့ ရှိတတ်ပါတယ်။ ဆီးကျိတ်ကင်ဆာမှာ PSA ပထမဆုံးတက်တာ ကိုတွေ့တွေ့ချင်းပဲအဆင့် (4) ဖြစ်နေတဲ့ လူနာမျိုးတွေတော့ အနည်းအကျဉ်းရှိမှာပေါ့။ ဒါပေမယ့် အများစု နှစ်စဉ်ပုံ မှန် PSA ဖောက်နေတဲ့ ယောကျာ်းသားများအတွက်တော့ ဆီးကျိတ်ကင်ဆာအဆင့် (4) ဖြစ်ဖို့ဆိုတာ သုသေတနများအရ အလားအလာနည်းတယ်လို့ ဆိုရမှာပါ။

ဆက်ရန်

 

 

 

Credit; ဒေါက်တာလွှမ်းမိုးဟန်

Health Digest Journal

Volume; 13, No; 19 (February 3, 2016)