/
node/3407

နည်းနည်းလေးလည်း အရေးကြီး

Category
ဆရာ၀န်ကြီးများ ၏ ဆောင်းပါးများ

        မိုးရာသီ ကုန်ဆုံးသောအခါ မိုင်းတုံ၏ အလှသည် ပိုပီပြင်လာသည်။ နံနက်မိုးလင်းသည်နှင့် အရှေ့ဘက်က နေ၀န်း၊ မြောက်နှင့်တောင်က တောင်တန်းပြာပြာ၊ အလယ်မှာက မြေပြန့်၊ နမ်းပန်ချောင်းက မိုင်းတုံနှင့် နောင်ပါရက်ကို အလယ်မှဖြတ်ကာ တငြိမ့်ငြိမ့် စီးဆင်းနေသည်။ ကြည်လင်သော ကောင်းကင်ပြင်၌ ငှက်တွေက ပျံ၀ဲလျက်။ တစ်ခါ တစ်ခါမိုးကလေး တဖွဲနှစ်ဖွဲရွာ။ ထိုအခါမှာ သက်တံကလေးက တောက်လို့။

           “ဆရာ- ရွာထဲက လမ်းလျှောက်ရအောင်။ ဒီအချိန် ရှင်းတယ်” ဟု ဗိုလ်ကြီးကိုလေးကပြောသည်။ “ရတယ်။ အခုပဲ လူနာတွေ စဲသွားတယ်။ အားလုံးရှင်းသွားပြီ။ ဘယ်အချိန်ရှိပြီလဲ။”

          “၁၁ နာရီ”

          “အတော်ပဲ ဆရာ။ ကျွန်တော့်ယောက္ခမအိမ်မှာ ထမင်းစားကြပါ။ ကျွန်တော့်မိန်းမက ရှမ်းထမင်းချဉ်လုပ်ထားတယ်။”

          “ကောင်းတာပေါ့”

          “ကောင်းမှာပေါ့ ဆရာ။ ဗိုလ်ကြီးကိုလေးက ဒီရွာအပိုင် စားထားတာ။ သူ့မိန်းမက မိုင်းတုံရဲ့ ကွမ်းတောင်ကိုင်။ တစ်ရွာလုံးက သူ့အမျိုးတွေ။ ဘာမဆို လက်ဖျစ်တီးလိုက်ရုံပဲ။ အားလုံးရတယ်” ဟု ဘေးမှပါလာသော ဗိုလ်လှမြင့်က ပြော၏။

          “ဗိုလ်ကြီးလှမြင့်က နောက်တာပါဆရာ။ ကျွန်တော့်မှာ လူကတပ်မတော်က။ မိန်းမအမျိုးတွေက ရှမ်းသူပုန်။ နှစ်ဖက်ကြားမှာ အဆင်ပြေအောင်နေရတာ။ ဆူးကြားကဗူးသခွားသာသာပါ” ဟု ဗိုလ်ကြီးကိုလေးက ပြော၏။

          “ဒါလည်း ကောင်းတာပဲ။ ခင်ဗျား နှစ်ဖက်ချစ်ကြည်ရေးကို ဆောင်ရွက်နိုင်တာပေါ့” ဟု စာရေးသူကပြောရ၏။

          “ချစ်စိန်။ ငါဒီမနက် ဆေးရုံမှာ ထမင်းမစားတော့ဘူး။ ဗိုလ်ကြီးကိုလေးအိမ်မှာ သွားစားမယ်” ဟုပြောသည်။

           ချစ်စိန်မှာ စာရေးသူနှင့် အတူနေသော ရဲဘော်အကူ။ အင်္ဂလိပ်လို Batman ဟုခေါ်၏။ လင်းနို့လူမဟုတ်ပါ။ တောက်တိုမယ်ရ ခိုင်းရသူဖြစ်ပါသည်။ အထက်လူကြီးက စိတ်ချရမှ ဘက်တ်မင်း (Batman) ဖြစ်ပါသည်။ စိတ်မချရ ကမဖြစ်ပါ။ တောက်တိုမယ်ရ ခိုင်းရသူဟူ၍ အထင်မသေးပါးနှင့်။ အရှင်မွေးက ချက်ချင်းကြီးပါသည်။ 1988 ခုနှစ် အရေးအခင်းကာလက သမ္မတ ဦးစိန်လွင်သည် ယခင်သမ္မတ ဗိုလ်ချုပ်ကြီးနေ၀င်း၏ သက်တမ်းဖြစ်ပါသည်။ ဤသည် ကို ဗိုလ်ချုပ်ကြီးနေ၀င်းက ပုံဂံမှာဗြိတိသျှမင်းသမီး အလက်ဇန္ဒရား (Princess Alexandra) နှင့် လှည်းယာဉ်စီးရင်း သူ့တိုင်းမှူး ဗိုလ်ချုပ်စိန်လွင်(ထိုစဉ်က) ပြောသွားခဲ့ပါသည်။

           မိုင်းတုံရွာတန်းရှည်မှာအရှေ့မှာ အနောက်သို့ လမ်းမကြီးကိုရံကာအိမ်များဆောက်ထား၏။ များသောအားဖြင့် ကျွန်းအိမ်နှင့် တဲများ။ မိုင်းတုံမြို့နယ်မှာ ကျွန်းပေါလှရာတတ်နိုင်သူများက ကျွန်းခုတ်ကာအိမ်ဆောက်ကြသည်။ သစ် တောအုပ်ကြီး ဦးကွန်းကလည်း သဘောကောင်းသည်။ ကျွန်းခုတ် ခွင့်တောင်းသူတိုင်းကို လွယ်ကူစွာ ခွင့်ပြုသည်။ သူ့အိမ်ကလည်း ကျွန်းနှင့် ဆောက်ထား၏။ နှစ်ထပ်။ သူ့မှာ ကလေးမရှိ၊ မိန်းမက ရှမ်းအစစ်၊ ဖြူဖြူချောချောတောင့် တောင့်။

           “ဦးကွန်း- ဒီရောက်နေတာကြာပြီလား” ဟု စာရေးသူက မေးသောအခါ -

          “ကြာပြီ ဗိုလ်ကြီး။ ဆယ်နှစ်လောက်ရှိပြီ”

          “ဘယ်မြို့သားလဲ”

          “မုံရွာအနောက် ဆားလင်းကြီးကပါ။ ဆယ်တန်းဖြေပြီး မအောင်တာနဲ့ သစ်တောဌာန ၀င်လိုက်တာ။ အစက မန္တလေးမှာ။ နောက်တောင်ကြီး၊ လွိုင်လင်း၊ အခုဒီကိုရောက်လာတယ်။”

          “ကောင်းတာပေါ့။ ကျွန်တောက မုံရွာက 13 နှစ်သားက မုံရွာက ထွက်လာတာ။ အဖေ၊ အမေတော့ မုံရွာမှာ ရှိသေးတယ်။”

          “ကြားတယ်။ ဗိုလ်ကြီး မုံရွာသားဆိုတာ သိတယ်”

          “ဦးကွန်းလည်း လိုက်ခဲ့။ ကျွန်တော့်အိမ် ထမင်းလိုက်စားပါ” ဟု ဗိုလ်ကြီးကိုလေးက ဖိတ်၏။

          “အတော်ပဲ။ ကျွန်တော့်မိန်းမလွိုင်လင်သွားတာ မနေ့ကမှ၊ အခုကျွန်တော်တစ်ယောက်တည်း” ဟု ဖြေကာ ဦးကွန်းလည်း အပေါ်ရှပ်အကျႌ၀တ်ကာ လိုက်လာ၏။

           မိုင်းတုံမြို့ထဲမှာ အရှေ့၊ အနောက်၊ တောင်၊ မြောက် အကုန်လျှောက်ကြည့်ကြသည်။ တစ်ခါဖူးမျှ စာရေးသူရွာ ထဲမလျှောက်ဖူး၍ လူတွေက၀ိုင်းကြည့်ကြ၏။ ဗိုလ်ကြီးကိုလေးမှာ ဟိုလူလက်ပြ၊ ဒီလူနှုတ်ဆက်နှင့် အသိတွေကများ လှသည်။

           နှစ်ထပ်အိမ်သန့်သန့် တစ်ခုသို့ရောက်သောအခါ ဗိုလ်ကြီးကိုလေးက-

          “ဆရာ ဒီအိမ်ခဏ၀င်ရအောင်။ ကျွန်တော့်မိန်းမ အဒေါ်”

          “၀င်တာပေါ့”

          “ဒေါ်ကြီး၊ ကျွန်တော်လာလည်တယ်။ ဆရာ၀န် ဗိုလ်လုံလည်း ပါတယ်” ဟု ဗိုလ်ကြီးကိုလေးက အော်ပြော၏။

          “၀င်လာကြပါ။ လာကြပါ။ ကျွန်မ ဆင်းလာပါပြီ”ဟု အပေါ်ထပ်မှ မိန်းမသံကြားရ၏။

          စာရေးသူတို့ ဧည့်ခန်းတွင် ထိုင်နေစဉ် အသက် 50 ကျော်၊ အရပ်မမြင့်၊ မနိမ့် ၀၀အဘွားကြီးတစ်ဦး ဆင်းလာ ၏။

          “ထိုင်ကြပါ ဗိုလ်ကြီးတို့၊ ကျွန်မအခါးရည် လုပ်ပါဦးမယ်” ဟု သူမကပြော၏။ အခါးရည်ဟူသည် လက်ဖက်ရည် ကြမ်းဖြစ်ပါသည်။

          စာရေးသူက သူမအား စိုက်ကြည့်နေရာ ဗိုလ်ကြီးကိုလေးက ”ဆရာ ဘာသတိထားမိလဲ” ဟုမေး၏။

          “ကျွန်တော်အထင် ခင်ဗျားအဒေါ်မှာ လည်ပင်းအကျိတ်နည်းနည်းကြီးနေတယ်။ သွားတာလာတာ နှေးတယ်။ စကားပြောတာလေးတယ်။ အသားအရေကတော့ ရှမ်းမို့ဖြူတယ်ထား ဝါလွန်းတယ်။ သိုင်းရွိုက်ရောဂါရှိနေတယ်ထင် တာပဲ”

          “ဟုတ်တယ်ဆရာ။ အဲဒါ ဆရာ့ကိုပြပါဆိုတာ သူကကြောက်နေလို့”

          “အို- ဘာရှက်စရာရှိလဲ။ ဒီက ထမင်းစားပြီး အပြန်ခေါ်ခဲ့လေ”

          “ကောင်းပါပြီ ဆရာ”

          “စမ်းသပ်လို့ရတာကတော့ သိုင်းရွိုက်အကျိတ်လုပ်ငန်း ချို့တဲ့နေတယ်ဆိုတာ သေချာတယ်။ အခြေခံ ဇီ၀လုပ် ငန်း (Basal Metabolic Rate) က အနုတ်ပြနေတယ်။ ဆေးကောလိပ်ရှိတဲ့ အရပ်မှာတော့ စပိုင်ရိုမီတာ (Spirometer) နဲ့တိုင်းလို့ရတယ်။ ဒီမှာတေ့ ဖော်မြူလာနဲ့ကျွန်တော်တွက်ယူတာ”

           မှန်သည်။ စာရေးသူဒုတိယနှစ် အမ်ဘီဘီအက်စ်အတန်းတွင် ရှိစဉ်က လူကပိန်၊ ချေွးကထွက်၊ နှလုံးတုန် ရင်ခုန်နေတာ ဆရာဒေါက်တာပေတိုး (ထိုစဉ်က မန္တလေးဆေးကောလိပ်သရုပ်ပြ၊ နောက်ပါမောက္ခ) က စပိုင်ရိုမီတာ နှင့် အခြေခံဇီ၀လုပ်ငန်းကို တွက်ပေးသည်။ စာရေးသူမှာ အပေါင်း 20 ရှိသဖြင့်“မင်း- ဘီအမ်ကများတယ်၊ စိတ်ငြိမ် ငြိမ်ထား၊ နွားနို့သောက်”  ဟုဆရာက ညွှန်းပါသည်။ 1960 ပြည့်နှစ် ရန်ကုန်ဆေးကောလိပ်ရောက်သောအခါ ဆေးပညာသင်ကြားစဉ် စပိုင်ရိုမီတာ မသုံးဘဲ ဇီ၀လုပ်ငန်းကို ဖော်မြူလာဖြင့်တွက်တတ်လာ၏။ တစ်မိနစ်သွေးခုန်နှုန်း အပေါင်း သွေးဖိအားကွာခြားချက် အနုတ် 111 ဖြစ်သည်။ ယခုဗိုလ်ကြီးကိုလေး၏ အဒေါ် နန်းခင်မြိုင်မှာ 70+30-111= -11 ဖြစ်နေသည်။ သိုင်းရွိုက်အကျိတ်လုပ်ငန်း နည်းနေ၏။ ချို့တဲ့နေ၏။ (Thyroid Deficiency)၊ လည်ပင်းက သိုင်းရွိုက်အကျိတ်မှာမူ သိပ်မကြီး (Not Nodular, Diffuse)။

           “အဲဒါဆို ဘာလုပ်ရမလဲ ဆရာ၊ ခွဲဖို့လိုသလား”

          “ခွဲဖို့မလိုပါဘူး။ အခုဟာက အိုင်အိုဒင်းဓာတ်ချို့တဲ့လို့ဖြစ်တာ။ အိုင်အိုဒင်းပါတဲ့ အစာတွေ စားရမယ်။ အဲဒါတွေ က ပင်လယ်ငါး၊ ပင်လယ်မှော်၊ အိုင်အိုဒင်းပါတဲ့ ဆားတွေစား၊ ငံပြာရည်သုံး၊ မုန်လာထုပ်တွေ၊ မုန်ညှင်းတွေ မစားနဲ့။ ကျွန်တော့်ဆီမှာ သိုင်းရွိုက်ဆေးပြား (Thyroid Extract) တွေရှိတယ်။ အဲဒါတစ်နေ့တစ်ပြား မှန်မှန်စား။ 3-4 လ နောက်တစ်ခါ စစ်ကြည့်တာပေါ့”

          “ဟုတ်ကဲ့ဆရာ”

           မှန်သည်။ ထို 1960 ပြည့်နှစ်လွန် ကာလများက မြန်မာနိုင်ငံမှာ အိုင်အိုဒင်းချို့တဲ့မှု ခံစားနေရချိန်ဖြစ်သည်။ ရှမ်းပြည်နယ်၊ ကချင်တောင်တန်းဒေသ၊ ချင်းပြည်နယ်နှင့် နာဂဒေသတို့မှာ အဆိုးဝါးဆုံး ခံစားကြရသည်။ ရှမ်းပြည် နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့မှာ ဒေါက်တာဆီးဂရေ့ဗ်သည် သိုင်းရွိုက်အကျိတ်များကို တစ်ပတ်နှစ်ခါလောက်ခွဲရသည်။ မန္တလေး၊ မုံရွာ၊ မိတၳီလာ စသော ပြည်မအရပ်များကပင် သွားရောက်ခွဲကြသည်။ နာဂတောင်တန်းမှ စာရေးသူ၏ သူငယ်ချင်း ဒေါက်တာသိန်းလှိုင်သည် နာဂလည်ပင်းကြီးရောဂါသည်များကို ခွဲစိတ်ပေးလွန်း၍ “နာဂသိန်းလှိုင်” ဟုပင် နာမည်ကျော်ကြားခဲ့သည်။

           ဤသည်မှာ ထိုအရပ်မှ လူများသည် အိုင်အိုဒင်းဓာတ်ကို လုံလောက်စွာမရကြ၍ ဖြစ်သည်။ တကယ့်လိုအပ်ချက်က မဖြစ်စလောက်သာ။ နေ့စဉ်လိုအပ်ချက်က တစ်မီလီဂရမ်ထက်ပင် နည်းသေးသည်။ မိုက်ကရိုဂရမ်နှင့် ချိန်ပေးရ၏။ တစ်မိုက်ကရိုဂရမ်သည် တစ်ဂရမ်၏ တစ်သန်းပုံတစ်ပုံ။ သို့သော် နာဂလူမျိုးများစားသည့်အစာထဲမှာ ယင်းအိုင်အိုဒင်းကမပါ။ ကမ်ဘာကြီးမှာ တောင်ပေါ်မြေပြန့် အိုင်အိုဒင်းဓာတ်တွေရှိပါလျက်ကမ်ဘာမြေပြင်ပေါ် မိုးရွာချ၊ ရေတွေ လွှမ်းသောအခါယင်းဓာတ်အားလုံး ပင်လယ်ထဲပါသွားသည်။ ကုန်းတွင်းပင်လယ်နေ တိရစၧာန်နှင့် ရေမှော်များ၊ အပင် များမှာသာ အိုင်အိုဒင်းက ရှိတော့သည်။ ယင်းကိုရသောသူများက ပုံမှန်ကြီးထွားကြ၏။ မထုံမထိုင်း၊ လည်ပင်းမကြီး၊ အိုင်အိုဒင်းမရသူများက ပုံမှန်မကြီးထွား၊ အရပ်ပု၊ ၀၊ အရေပြားက ထူ၊ ဉာဏ်က ထိုင်း၊ လည်ပင်းလည်းကြီးနိုင်၏။ သူတို့က မွေးလာသော ကလေးများမှာ မွေးကတည်းက လေးလံထိုင်းမှိုင်းဉာဏ်ထိုင်းသူများ (Cretins) လေးများဟု ခေါ်သည်။

           တစ်နေ့တာ လူတစ်ယောက်အိုင်အိုဒင်း လိုအပ်ချက်မှာ ဇယားပါအတိုင်းဖြစ်သည်။

လူတစ်ဦး တစ်နေ့တာအိုင်အိုဒင်း လိုအပ်ချက်

မိုက်ခရိုဂရမ်

ကျား

လူကြီး (19 နှစ်အထက်)

ကလေး (13 နှစ်အောက်)

ကိုယ်၀န်သည်

150

90

150

120

250

 

အိုင်အိုဒင်းပါ၀င်သော အစားအသောက်များ

စဉ်

အစားအစာ

ပမာဏ

ပါ၀င်သောအိုင်အိုဒင်း

(မိုက်ခရိုဂရမ်)

1

2

3

4

5

6

7

8

9

ပင်လယ်မှော်

ငါးကြီး (COD)

ဒိန်ချဉ် (Yogurt)

နွားနို့

ငါး

ပုစွန်ဆိတ်

ကြက်ဥကြီး

တူနာငါး

အိုင်အိုဒင်းပါဆား

1 ဂရမ်

3 အောင်စ

1 ခွက်

1 ခွက်

3 အောင်စ

3 အောင်စ

1 လုံး

1 ဘူး

10D 12ED Salt

(လက်ဖက်ရည်ဇွန်း 1 ဇွန်း)

16 မှ 2984

99

75

56

54

35

24

17

71

 

 

          သိုင်းရွိုက်အကျိတ်လုပ်ငန်း ချို့တဲ့မှုလက္ခဏာများမှာ အောက်ပါတိုင်းဖြစ်ပါသည် -

(1) ဆံပင်များကြမ်း၍ ပါးလာခြင်း

(2) အရေပြားခြောက်၍ ကြမ်းလာခြင်း

(3) လက်သည်း၊ ခြေသည်းများကျိုးလွယ်ခြင်း

(4) အရေပြား ဝါလာခြင်း

(5) ခန္ဓာကိုယ်လှုပ်ရှားမှု နှေးကွေးလာခြင်း

(6) ကိုယ်အေးစက်လာခြင်း

(7) အအေးမခံနိုင်ခြင်း

(8) မောပန်းလွယ်ခြင်း

(9) စိတ်လေးလံထိုင်းမှိုင်းလာခြင်း

(10) ရာသီလာ နည်းခြင်း

(11) လိင်စိတ်ကုန်ခန်းခြင်း

(12) မှတ်ဉာဏ်မကောင်းခြင်း

 

သိုင်းရွိုက်အကျိတ် ပုံမှန်အလုပ်မလုပ်တိုင်းတာခြင်း

(1) သိုင်းရွိုက်ဟော်မုန်းပမာဏကို ခန့်မှန်းခြင်း

          လူနာ၏သွေးကိုယူ၍ စစ်ဆေးသည် (TSH r T3, T4)

(2) သိုင်းရွိုက်အကျိတ်အလုပ် လုပ်၊ မလုပ် ဆေးထိုး၍ ဓာတ်မှန်ရိုက်ကြည့်သည်။ (Radio Active Iodine Up take) (RAIU နှင့် Thyroid Scan)

(3) သိုင်းရွိုက်လုပ်ငန်းနှင့် ပတ်သက်သော အခြေခံဇီ၀လုပ်ငန်း (BMR) ကို တိုင်းတာသည်။

(4) သိုင်းရွိုက်လုပ်ငန်းချို့တဲ့က သိုင်းရွိုက်ဆေးပြားသို့မဟုတ် သိုင်းရွိုက်ဟော်မုန်းပေး၍ ကုသသည်။ 3-4 လ ကြာလျှင် သို့မဟုတ် 6 လတစ်ခါလုပ်ငန်းနှင့် ဟော်မုန်းကိုစစ်ဆေးသည်။

(5) သိုင်းရွိုက်အကျိတ်လုပ်ငန်းပိုလုပ်က (Hyperthyroidsim ဖြစ်က) ဆေးပေး၍ ကုလျှင်ကု သို့မဟုတ် ခွဲစိတ်ကုသ သည်။ နောက်ပုံမှန်တစ်လတစ်ခါ သို့မဟုတ် 3-4 လ တစ်ခါ စစ်ဆေးကြည့်သည်။

           “အရင်ကထက် စာရင်တော့ ကောင်းလာပါပြီ” ဟု ဘိလိယက်ထိုးရင်း ဗိုလ်ကြီးကိုလေးက ပြောသည်။ မိုင်းတုံ ရှိ အရာရှ်ိများမှာ ညနေဆိုလျှင် ထမင်းစားပြီး ဘိလိယက်အပျော်ထိုးကြသည်။ စာရေးသူက ကောင်းစွာမထိုးတတ်သေး။ ခလရ (၅) မှ အရာရှိများက ၀ိုင်း၍ သင်ပေးကြပါသည်။

          “ကောင်းတာပေါ့။ ကြုံတဲ့အခါ ကျွန်တာ်ကြည့်ပေးမယ်လေ။ အခုမြင်တွေ့နေရတာကတော့ သူကောင်းနေတာပဲ။ အရင်ကထက် ပိုသွက်လာတယ်။ အရေပြားလည်း ပိုချောလာတယ်” ဟု စာရေးသူကပြောသည်။

          “ဆရာ့ကို ကျေးဇူးတင်ပါတယ်။ ဆရာ”

          “ဟာ- မလိုပါဘူး။ ကျွန်တော်က ကူညီရတာကိုပဲ ၀မ်းသာလှပါပြီ။ ဒါနဲ့ နောက် 3-4 လဆို ကျွန်တော်လည်း လားရှိုးပြောင်းရမယ် ထင်တယ်။”

          “အို- အားငယ်စရာ။ မပြောင်းခင် ဒေါ်လေးဆီ ၀င်ထမင်းစားသွားဦးလေ။ ကျွန်တော်ပြောလိုက်မယ်။”

          “အို- အားနာစရာ”

           သို့သော် 1963 ခုနှစ်၊ ဖေဖော်ဝါရီလတွင် မိုင်းတုံမှ လားရှိုးသို့ပြောင်းခဲ့ရာ သူတို့အိမ်မှာ ဒုတိယအကြိမ်ထမင်း စားဖြစ်ခဲ့ပါ၏။ လူနာမှာလည်း လူကောင်းပြန်ဖြစ်နေပါပြီ။

 

 

 

Credit; ဒေါက်တာ မောင်မောင်ညို

Health Digest Journal

Vol: 12, No: 41