/
node/3427

ကျီးပါးစပ်နာ (သို့မဟုတ်) နှုတ်ခမ်းထောင့်ကွဲခြင်း

Category
ဆရာ၀န်ကြီးများ ၏ ဆောင်းပါးများ

        ပါးစပ်ထောင့်တွေကွဲပြီး အနာဖြစ်တဲ့ပြဿနာကို ရံဖန်ရံခါကြုံရတတ်ပါတယ်။ အရပ်ထဲမှာတော့ တချို့က ကျီးကန်းပါးစပ်လို့တောင် ခေါ်ကြပါတယ်။ ပါးစပ်ထောင့်တွေမှာ ကွဲအက်ပြီး အနာတစိုစိုနဲ့ ဖြူဝါဝါရောင်ဖြစ်နေတာမို့ ကျီးပါးစပ်နဲ့ နှိုင်းလိုက်တာပါ။ ကြည့်လို့ ရုပ်ဆိုးပါတယ်။ ဖုံးလို့ဖိလို့ရတဲ့ကိစ္စမဟုတ်တော့ အခက်သား။

 

ပါးစပ်နာလား၊ နှုတ်ခမ်းနာလား

        တကယ်တော့ နှစ်ခုစလုံးနဲ့ ပတ်သက်နေတာပါ။ ပါးစပ်နဲ့ နှုတ်ခမ်း ဆက်စပ်တဲ့ထောင့်နေရာမှာ ဖြစ်တဲ့ပြဿနာ မို့ တချို့ကလည်း Angular Chelitis တဲ့။ နှုတ်ခမ်းထောင့်ရောင်ခြင်းပေါ့။ တချို့ကတော့ ပါးစပ်ထောင့်နာ (Augular Stomatitis) တဲ့။ ပါးစပ်ထောင့်နာဆိုပါတော့။ အခေါ်အေဝါ်ကွဲပြားပေမဲ့ ပြဿနာရဲ့ဖြစ်စဉ်ကတော့ ပါးစပ်ရော၊ နှုတ်ခမ်းရော ပတ်သက်နေတာပါ။ အတူတူပါပဲ။ ဆက်စပ်နေတာကိုး၊ တစ်ခါတလေကျတော့ ပါးစပ်ထောင့်တင်မကဘဲ အနီးအနားက ပါးနဲ့မေးစေ့ဘက်ထိတောင် ပြန့်တာမျိုးလည်းရှိတာမို့ ဘောင်ခတ်လို့မရပါဘူး။

 

ကျီးပါးစပ်နာရဲ့ လက္ခဏာ

        တစ်ယောက်နဲ့တစ်ယောက်တော့ ရောဂါရေရှည်လက္ခဏာ တူချင်မှတူပေမဲ့ ပါးစပ်ထောင့်မှာ နီရဲရောင်ရမ်းမှုနဲ့ အစပျိုးတာတော့ တူလေ့ရှိပါတယ်။ စဖြစ်ခါစမှာ နှုတ်ခမ်းထောင့်မှာ ခပ်ရဲရဲ၊ ခပ်ထူထူ၊ ခပ်ကြမ်းကြမ်း အနာဖြစ်တာပါ။ ကြာတော့မှ ထောင့်တည့်တည့်မှာ ကွဲရာအက်ရာ ပေါ်လာတာပါ။ များသောအားဖြင့် ပါးစပ်ထောင့်နှစ်ခုစလုံး မှာ ဖြစ်လေ့ရှိပေမဲ့ တချို့ကျတော့ တစ်ဖက်တည်းသာဖြစ်တတ်ပါတယ်။ နှစ်ဖက်လုံးဖြစ်ရင်တော့ ကျီးပါးစပ်နဲ့ပိုတူတာပေါ့။ ကွဲအက်တဲ့အနာဟာ ကြာတော့နှုတ်ခမ်းထောင့်မှာ ယပ်တောင်ရိုးလို ဖြာထွက်သွားပါတယ်။ တချို့ကျီးပါးစပ်နာက ပါးစပ်ထောင့်ကနေ အနီးအနားက အရေပြားကို ပြန့်သွားတာမျိုး ရှိတတ်ပါတယ်။ ပါးစပ်ထောင့်ကနေ ပါးပေါ် ဒါမှမဟုတ် ဘေးဘက်အထိ နီနီရဲရဲရောင်ရမ်းသွားတာလည်းရှိပါတယ်။

          ဖြစ်စေတဲ့အကြောင်းပေါ်မူတည်ပြီး တချို့ကျတော့ ပျားရည်ရောင် အနာဖေးကပ်နေတာမျိုး လည်း ဖြစ်နိုင်သလို ပြည်တည်တာ၊ အကြေးခွံလန်တာ၊ အရည်ကြည်ဖုပေါက်တာလည်း ဖြစ်ကြပါတယ်။ သိပ်ကြာသွားရင် အသားမာတက် သလိုမျိုးထူသွားတာလည်း ရှိတာပေါ့။ အများစုကတော့ ကျီးပါးစပ်နာဖြစ်ရင် နာတာ၊ ကျဉ်တာ၊ ပူတာ၊ စပ်တာ၊ ယားတာတစ်ခုခုတော့ အနည်းဆုံးခံစားရတာချည်းပါ။ ဖြစ်ခါစမှာ ပါးစပ်ခပ်ဖြဲဖြဲဟလိုက်ရင် သိသိသာသာကို နာပါတယ်။

 

ဘီတာမင်ချို့တဲ့လို့လား

          နှုတ်ခမ်းကွဲရင် ဘီတာမင်ချို့တဲ့လို့လား၊ ဘာဓာတ်လိုလို့ဖြစ်ရတာလဲဆိုပြီး မကြာခဏမေးလေ့ရှိပါတယ်။ တကယ်တော့ ကျီးပါးစပ်နာဖြစ်ရတဲ့အကြောင်းတွေက များမှများပါ။ စုံမှစုံပါ။ မှိုပိုးကြောင့်ဖြစ်နိုင်သလို ဗက်တီးရီးယားပိုးကြောင့်လည်း ဖြစ်နိုင်တာပါ။ တံတွေးတို့၊ နှုတ်ခမ်းနီဆိုးဆေးတို့နဲ့ လောင်တာ၊ ဓာတ်မတည့်တာလည်း အကြောင်းတစ်ခုပါ။ အံကပ်က အထာမကျလို့ ဒါမှမဟုတ် အသက်ကြီးပြီး ဇရာထောင်းတာကြောင့် ပါးရေတွဲလွန်းလို့ ပါးစပ်ထောင့်မှာ အရေပြားတစ်ခုနဲ့တစ်ခု ဖိမိတာကြောင့်လည်း ဖြစ်နိုင်တာ ပါပဲ။ သောက်လိုက်တဲ့ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုး အနေနဲ့ နှုတ်ခမ်းတွေခြောက်ပြီး ကွဲအက်သွားတာလည်း ရှိနိုင်တာပါ။ အများယူဆသလို ဗီတာမင်ဘီချို့တဲ့ လို့လည်း ဖြစ်နိုင်သလို သွေးထဲမှာ သံဓာတ်အားနည်းရင်လည်း ဒီပြဿနာကြုံနိုင်ပါတယ်။ ပြောရရင် အများကြီးပါ။ ဒါကြောင့် တစ်ချက်တည်းကိုပဲ လက်ညိုးထိုးလို့ မရပါဘူး။ အကြောင်းတရားတွေ တစ်ခုမက ဆုံးပြီးတော့မှ ဖြစ်တတ်တာပါ။ Multifactorial disorder ပေါ့။

 

မှိုကြောင့်ဖြစ်တာများပါတယ်

        ဒီလိုအကြောင်းတရားတွေထဲမှာ ကန်ဒီဒါရိ(စ်)မှို (Candida) တွေကြောင့်ဖြစ်တာကလည်း မနည်းပါဘူး။ လေ့လာမှုတစ်ခုအရ ပါးစပ်ထောင့်ကွဲနာတွေရဲ့ (20) ရာခိုင်နှုန်းဟာ ဒီမှိုပိုးတစ်မျိုးတည်းကြောင့်ပဲ အဓိကဖြစ်ရတယ် လို့ဆိုပါတယ်။ တကယ်တော့ ဒီကန်ဒီဒါမှိုဆိုတာ သာမန်ကျန်းမာနေတဲ့ပုဂ္ဂိုလ်တွေရဲ့ (40)ရာခိုင်နှုန်းမှာ ပါးစပ်ထဲမှာ ဘာရောဂါမှမပေးဘဲရှိနေပြီးသားပါ။ ဒါကြောင့် ဘာကြောင့်ပဲ ကျီးပါးစပ်နာဖြစ်ဖြစ်ကန်ဒီဒါမှိုတွေကို တွေ့နေရတာပါ။ ပြောရရင် ကျီးပါးစပ်နာဖြစ်သူတွေရဲ့ (93) ရာခိုင်နှုန်းမှာ ဒီမှိုပိုးတွေ တွေ့ရတယ်ဆိုပဲ။

 

ဗက်တီးရီးယားပိုးလည်း တရားခံ

        ကျီးပါးစပ်နာတွေထဲမှာ ဗက်တီးရီးယားပိုးတွေလည်း တွေ့ရပါတယ်။ Staphylococcus Aureus ဗက်တီးရီး ယားပိုးကို လူနာတစ်ရာမှာ (20)ယောက်လောက်ထိ တွေ့ရပါတယ်။ ဒီပိုးက အနာစက်တွေဖြစ်စေတဲ့ပိုးပါ။ အနာမီး အနာလျှံလို့ခေါ်တဲ့ ပြည်တည်နာလေးတွေ ဖြစ်စေတဲ့ပိုးပါ။ ဒါကြောင့် ကျီးပါးစပ်နာဟာ တစ်ခါတလေ အနာစက်ကြောင့် ဖြစ်ရတာပါ။ အနာစက်ဆိုတာ ကလေးတွေရဲ့ နှာခေါင်းနဲ့ ပါးစပ်၀န်းကျန်မှာ အတွေ့များတဲ့ညိုဝါဝါ အနာဖေး ဖုံးနေတဲ့အနာလေးတွေပါ။ တကယ်တမ်းကျတော့ ကျီးပါးစပ်နာတော်တော်များများမှာ မှိုပိုးတွေနဲ့ ဗက်တီးရီးယားပိုး တွေရောထွေးပြီး တွေ့ရတာများပါတယ်။ ဒီလို ပိုးတွေစုံရတဲ့အထဲ တစ်ခါတလေ ရေယုန်ဗိုင်းရပ်စ်ပိုးကလည်း တစ်မှောင့်ပါ။ နှုတ်ခမ်းထောင့်မှာ ရေယုန်ပေါက်ခဲ့ရင် ကျီးပါးစပ်နာနဲ့ ခပ်ဆင်ဆင်တူပါလေရော။ ပေါက်ခါစမှာတော့ အရည်ကြည်ဖုသေးသေးလေးတွေ စုပြုံပြီး တွေ့ရပေမဲ့ ကြာတော့ ရေယုန်ပုံသဏ္႑ာန်မပီပြင်တော့ပါဘူး။ အရည်ကြည်ဖုလေးတွေက ပဲ့သွားတော့ အနာစက်လိုလို၊ မှိုစွဲတာလိုလိုနဲ့ စဉ်းစားရခက်စရာပါ။

 

ဓာတ်မတည့်တာ၊ လောင်တာလည်း ဖြစ်နိုင်တယ်

        နှုတ်ခမ်း၊ ပါးစပ်တို့နဲ့ ထိတွေ့တဲ့ပစ္စည်းတွေကို ဓာတ်မတည့်ရင် နှုတ်ခမ်းထောင့်မှာ ရောင်ရမ်းပြီး အနာဖြစ် တတ်ပါတယ်။ ပြောရရင် အလာဂျီဖြစ်တယ်ဆိုပါတော့၊ နှုတ်ခမ်းဆိုးဆေး၊ သွားတိုက်ဆေး၊ ပလုတ်ကျင်းဆေးရည်၊ ပီကေလို့အလွယ်ခေါ်တဲ့ ချူးရင်းဂန်း (Chewing Gum) စတာတွေနဲ့ အခန့်မသင့်လို့ ဓာတ်မတည့်ရင် ကြုံပါလေရော။ ၀က်ခြံလိမ်းဆေးတွေ၊ အလှပြင်ပစ္စည်းတွေကြောင့် လည်း နှုတ်ခမ်းထောင့်မှာ ပြဿနာပေးတတ်ပါသေးတယ်။ အထွေထွေနှုတ်ခမ်းရောင်ရမ်းခြင်းရဲ့ 20 ရာခိုင်းနှုန်းဟာ အလာဂျီကြောင့်လို့ဆိုပါတယ်။

          ကိုယ့်ပါးစပ် တံတွေးနဲ့ အရေပြားထိတွေ့ဖန်များပြီး လောင်တာလည်းအကြောင်းတစ်ခုပါ။ ပါးစပ်ထဲက တံတွေး ဟာ ပါးစပ်ထဲမှာပဲ ရှိနေရမှာပါ။ နှုတ်ခမ်းနဲ့ အနီးအပါး ပါးစပ်၀န်းကျင်ကို မကြာခဏရောက်သွား ရင်တော့ လောင်ပါလေရော။ နှုတ်ခမ်းကို လျှာနဲ့လျက်တဲ့အကျင့်ရှိသူတွေ ကြုံရတဲ့ကိစ္စပါ။ Lip Licker’s  Dermatitis လို့ခေါ်ပါတယ်။ လက်စုပ်တဲ့အကျင့်ရှိတဲ့သူတွေ၊ ဘောပင်၊ ခဲတံကိုက်တဲ့အကျင့်ရှိသူတွေလည်း ဒီပြဿနာပါ။ အဲဒီလိုအကျင့်ဆိုးတွေကြောင့် တံတွေးတွေအမြဲလိုလိုစိုနေပြီး လောင်တော့တာပါ။ တံတွေးမှာ အစာခြေဖို့ အက်ဆစ်တွေ၊ အင်ဇိုင်းတွေပါတာမို့ ကြာတော့လောင်သွားတာပါ။

 

ဇရာအိုတွေ ကြုံမှ ကြုံ

        သွားမရှိတဲ့ ဇရာအိုတွေခမျာ ပါးတွေအိတွဲကျပြီး နှုတ်ခမ်းထောင့်မှာ အရေပြားခေါက်တွန့်နေတတ်ပါတယ်။ အံကပ်တပ်ထားလို့ အံမကျရင်လည်း ဒီလိုပါပဲ။ ပါးစပ်ထောင့်မှာ ကြာတော့အမြဲလိုလိုစိုစွတ်ပြီး မှိုတွေခိုအောင်းရာ နေရာကောင်းဖြစ်သွားပါတယ်။ ဒါကြောင့် ဇရာအိုမင်းသူတွေခမျာ နှုတ်ခမ်းထောင့် ကွဲနာဖြစ်ရလေ့ရှိတာပါ။ အိုပေမဲ့ ပါးရေ၊ နားရေ မတွန့်ဘဲ အကြောတင်းနေသူတွေကတော့ ကြုံရခဲပါတယ်။ အံကပ်တပ်ရရင်လည်း အံကျအောင် ဂရု စိုက်ပေးရမှာပါ။ တွန့်ခေါက်နေသူတွေလည်း ပါးစပ်ထောင့်နှစ်ဖက်မှာ အရေပြားတွေတွန့်ခေါက်နေတတ်ပါတယ်။ အဲဒီ အတွန့်အခေါက်တွေဟာ မှိုတွေအကြိုက်ပေါ့။

 

ဆေးနဲ့ အာဟာရ

        ဆေးတွေကြောင့်လည်း နှုတ်ခမ်းခြောက်၊ နှုတ်ခမ်းကွဲတာတွေကြုံရတတ်ပါတယ်။ အထူးသဖြင့် ဆင်၀က်ခြံ တွေကိုကုရာမှာ သုံးလေ့ရှိတဲ့ အိုင်အိုထရက်တီနွိုင်း (Isotretinoin) ဆေးပေါ့။ ဗီတာမင် A မျိုးကွဲတစ်ခုပေါ့။ HIV ကုရာမှာသုံးတဲ့ Indinavir ဆေးလည်း နှုတ်ခမ်းခြောက်တတ်တာပါပဲ။ ဒီဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးကို ကြိုသိထား ရင်ကောင်းတာပေါ့။ အရေပြားလှအောင်၊ မျက်စိအားကောင်းအောင်ဆိုပြီး ဗီတာမင် A တွေကိုအလွန်အမင်းမှီ၀ဲရင်လည်း အသားတွေ၊ နှုတ်ခမ်းတွေ ခြောက်တတ်တာကိုလည်း သတိထားစရာပါ။

          အာဟာရချို့တဲ့တာကလည်း အနည်းနဲ့အများကြုံနေရတဲ့ကိစ္စပါ။ ဗီတာမင် B၊ သံဓာတ်၊ ဇင့်ဓာတ်တွေ ချို့တဲ့ရင်လည်း နှုတ်ခမ်းထောင့်ကွဲတာပါ။ အာဟာရချို့တဲ့နေတဲ့ ကလေးငယ်တွေမှာ အတွေ့များတဲ့ ပြဿနာပါ နောက်ပြီး အရက်ပဲသောက်ပြီး အစားနည်းသွားတဲ့ အရက်ဂျိုးတွေမှာလည်း နှုတ်ခမ်းကွဲတာပါပဲ။ ဘယ်လိုအကြောင်းကြောင့်ပဲ အာဟာရချို့တဲ့ပါစေ နှုတ်ခမ်းမှာလာပြီးသက်သေပြတာပါပဲ။

 

ရှောင်ရန် ဆောင်ရန်

        ကျီးပါးစပ်နဲ့ နှီးနွှယ်ပတ်သက်တဲ့ အကြောင်းတရားတွေကများလွန်းလို့ ရှောင်သင့် တာ ရှောင်၊ ဆောင်သင့်တာဆောင်ဖို့ပဲ အကြံပြုချင်ပါတယ်။ အာဟာရမျှတဖို့လိုသလို ပါးစပ်ကျန်းမာသန့်ရှင်းရေးလည်း ဂရုပြုရမှာပါ။ နှုတ်ခမ်းကို လျှာနဲ့လျက်တဲ့အကျင့်ဆိုး၊ လက်စုပ်တဲ့ အကျင့်ဆိုးတွေလည်း ပြင်ရပါတယ်။ နှုတ်ခမ်းဆိုးဆေး၊ သွားတိုက်ဆေးကအစ ကိုယ်နဲ့တည့်မတည့် သတိပြုဖို့လည်းလိုပါတယ်။ သွားမရှိတဲ့သူတွေ၊ ဇရာအိုတွေရဲ့ ပါးရေတွဲလောင်းကျနေတာ ကိုလည်း ပြုပြင်မှုတွေလုပ်ပေးရပါမယ်။ အံကပ်ကိုလည်း စနစ်တကျတပ်ဖို့လိုသလို မကြာခဏ ဆေးကြော သန့်စင်ပေးရမှာပါ။ နောက်ပြီး အရက်စွဲနေရင် အရက်ဖြတ်ပေါ့၊ ဆေးလိပ်စွဲနေရင် ဆေးလိပ်ဖြတ်ပေါ့။

 

ကုသရေးနည်းလမ်းတွေ

        ဆရာ၀န်တွေက ရောဂါရာဇ၀င်မေးရင်လည်း စိတ်ရှည်လက်ရှည်ဖြေပေးဖို့လိုပါတယ်။ ဒါမှ အဖြေရှာရာမှာ အထောက်အကူပြုမှာပါ။ မေးမြန်းစမ်းသပ်ချက်အရ အဖြေအတိအကျသိရမှ ကုသချက်ကထိရောက်မှာပါ။ ဒါပေမဲ့ များသောအားဖြင့် မှိုသတ်ဆေး၊ ဗက်တီးရီးယားပိုးသတ်ဆေး၊ စတီးရွိုက်အပျော့စားပါတဲ့ ခရင်မ်တွေလိမ်းတာနဲ့သက် သာသွားတာများပါတယ်။ မှိုတွေ၊ ဗက်တီးရီးယားပိုးတွေကို ရောရောနှောနှောနဲ့ အတွေ့များတာမို့ပါ။ နောက်ပြီး ဗီတာမင် B နဲ့ သတ္တုဓာတ်တွေ ဖြည့်စွက်ပေးရင် လုံလောက်ပါပြီ။

 

 

 

Credit; ဒေါက်တာကျော်ကျော် (အရေပြားအထူးကုဆရာ၀န်ကြီး)

ဇီ၀က (ကျန်းမာရေး၊ အလှအပ၊ သုတ၊ ရသ) မဂ္ဂဇင်း

No. 248, Spetember 2015