/
node/3431

အဆစ်ပျော့ရောဂါ (Hypermobility Syndrome)

Category
ဆရာ၀န်ကြီးများ ၏ ဆောင်းပါးများ

        အဆစ်ပျော့ရောဂါဟာ လူသိနည်းပေမဲ့ ကိုယ်ပတ်၀န်းကျင်မှာ သတိထားပြီး ရှာကြည့်ရင် မရှားတဲ့ရောဂါတစ်ခုပါ။ ပြီးခဲ့တဲ့အပတ်က ပီကင်းမြို့က ကပွဲတစ်ခုမှာ မိန်းကလေးငယ်ငယ်တချို့က ပန်းကန်ပြားတွေကို တုတ်နဲ့ထောက်လို့ထိန်းထားပြီး ခန္ဓာကိုယ်ကိုအမျိုးမျိုး လှည့်ပြတာ၊ ခြေထောက်နှစ်ချောင်းကြားထဲက ခေါင်းထည့်ပြတာ၊ လေးဖက်ထောက်ထားပြီး ခန္ဓာကိုယ်ကို တစ်ပတ်လှည့်ပြတာ စတဲ့ပြကွက်တွေ တွေ့ရတော့ ဒီရောဂါကိုသတိရပါတယ်။ မြန်မာပြည်မှာလည်း တချို့ကလေးတွေက လက်ချောင်းလေးတွေကို လှန်ပြီးချိုးပြတာကို အချင်းချင်းနောက်ပြောင် ကစားကြတာတွေ တွေ့ဖူးမှာပါ။ သူတို့တွေကတော့ ကိုယ့်အဆစ်တွေဟာ သူများတွေထက် ပိုပျော့ပျောင်းတယ်၊ အများသူငါ လုပ်နိုင်တဲ့လှုပ်ရှားမှု ကန့်သတ်ချက်တွေထက် ပိုလုပ်နိုင်တယ်ဆိုတာကို သတိပြုမိကြတဲ့သူတွေပေါ့။

          တချို့ကတော့ ကိုယ့်အဆစ်တွေ ပျော့တာကို ကိုယ့်ဘာသာကိုယ် သတိမထားမိဘဲ အဲဲဒါရဲ့နောက်ဆက်တွဲဲဖြစ်တဲ့ ကိုက်တာ၊ ခဲတာပဲ သတိထားမိပြီး ဆရာ၀န်တွေဆီကိုရောက်လာကြပါတယ်။

 

အဆစ်ပျော့ရောဂါ ဘာလဲဲ၊ ဘယ်လဲ။

        အဆစ်ပျော့ရောဂါက ကလေးတွေမှာအဆစ်တွေကိုက်တယ်၊ နာတယ်ဆိုပြီးလာတတ်ပေမဲဲ့ ပိုးကြောင့်ဖြစ်တာ၊ သွေးကြောင့်ဖြစ်တာမဟုတ်ဘဲ ဗီဇကြောင့် ဖြစ်တဲ့ရောဂါပါ။ အဆစ်ဆိုတာ အရိုးနှစ်ခုကို ဘေးက ပတ္တာလိုအရွတ်လေးတွေနဲ့ တွယ်ဆက်ပေးထားလို့ တံခါးလိုပဲ ခိုင်လည်းခိုင်တယ်၊ လှုှုပ်လည်းလှုပ်ရှားနိုိင်တယ် ဖြစ်နေ တာပေါ့။ တချို့သူတွေမှာ အဲဒီအရွတ်လေးတွေက တောင့်တင်းမှုအားနည်းနေလို့ အဆစ်ရဲ့ လှုပ်ရှားနိုင်တဲ့အကျယ်အ၀န်းဟာ သူများတွေထက်ပိုကျယ်လာပါတယ်။ ဥပမာ - ကိုယ့်လက်ကောက်၀တ်ကို လက်ဖဝါးဘက်ကိုချိုးကြည့်ရင် ထောင့်မှန်ကျအောင် ချိုးနိုင်တာကိုတွေ့နိုိင်ပေမဲ့ ဒီထက်ပိုချိုးရင်တော့ မရတော့ဘဲနာကျင်မှုကို ခံစားရမှာဖြစ်ပါတယ်။ ဒီလိုပဲ လက်ဖမိုးဘက်ကို ကော့ကြည့်ရင် ထောင့်မှန်ကျအောင် ချိုးနိုင်တာကို တွေ့နိုင်ပေမဲဲ့ ဒီထက်ပိုချိုးရင်တော့ မရတော့ဘဲ နာကျင်မှုကို ခံစားရမှာဖြစ်ပါတယ်။ ဒီလိုပဲ လက်ဖမိုးဘက်ကို ကော့ကြည့်ရင်လည်း ထောင့်မှန်ကျအောင် ကော့နိုင်ပေမဲ့ ဒီထက်ပိုကော့ဖို့ ကြိုးစားလို့မရတော့တာ တွေ့မှာပါ။ ဒါဟာ လက်ကောက်၀တ်ရှေ့နဲ့နောက်မှာရှိတဲ့အရွတ်တွေက ထိန်းပေးထားတာပါ။ ဘာနဲ့တူလဲဆိုတော့ ပြတင်းပေါက်တံခါးတွေဖွင့်တဲ့အခါ လေတိုက်ရင်အဆုံးပွင့်သွားပြီး တအုံးအုံးမမြည်အောင် ဘောင်ချိတ်နဲ့ချိတ်ပြီး ထိန်းထားပေးရသလိုပေါ့။ အဲဒီအရွတ်တွေကို “ကော်လဂျင်” လို့ခေါ်တဲ့ တွယ်ဆက်ပစ္စည်းတချို့နဲ့ လုပ်ထားတာပါ။ တချို့လူတွေမှာ ကော်လဂျင်လုပ်တဲ့ ဖော်မြူလာက ဗီဇအရကို မှားယွင်းနေပြီးတော့ လိုတာထက်ပျော့နေတတ်ပါတယ်။

          နောက်ဆက်တွဲအနေနဲ့ လူကသူများတွေထက် အရပ်ပိုရှည်တယ်၊ လက်ချောင်းတွေကသွယ်ပြီး ပျော့တယ်၊ အသားအရေက နူးညံ့တယ်ဆိုတော့ ပဉ္စပါပီရောဂါလို့လည်း တင်စားပြီးပြောမိပါသေးတယယ်။ လက်ကလေးတွေကိုင်ကြည့်ရင် ပျော့အိပြီးနူးညံ့တဲ့အတွေ့အထိကို ခံစားရတာကြောင့်ပါ။ ဒါပေမဲ့ မကောင်းတာက လက်ကောက်၀တ်တွေ၊ တံတောင်ဆစ်တွေ၊ ခါးဆစ်တွေ ရှိသမျှအဆစ်တွေက လို်တာထက် ပိုလှုပ်နိုင်နေ၊ နေ့စဉ်လှုပ်နေတော့ ကြာတဲ့အခါ နို့ဆီဘူးအဖုံးကို ကြာကြာပိတ်လိုက်၊ လှန်လိုက် ထပ်ခါတလဲလဲ လုပ်ရင်းနဲ့ အပြီးပြတ်ထွက်အောင်လုပ်သလိုပဲ အဆစ်တွေကလည်း ပွန်းစားပြီး နာလာ၊ ကိုက်လာတတ်ပါတယ်။

          လူကြီးတွေမှာ အသက် 50 လောက်မှာဖြစ်လာတတ်တဲ့ လှေကားတက်ရင် ဒူးနာ၊ ခါးနာတတ်တဲ့၊ ပွန်းစားမှုများလို့ ဖြစ်လာရတဲ့ ကျီးပေါင်းရောဂါဟာ ငယ်ငယ်ရွယ်ရွယ် ကလေးဘ၀မှာတင် စတင်ခံစားရတတ်ပါတယ်။

 

ရောဂါရှိကြောင်း ဘယ်လိုသိရမလဲ။

        အဆစ်တွေကို လှုပ်ကြည့်ရတာပါပဲ။

1)   လက်သန်းလေးကို လက်ဖမိုးဘက်ကို လှန်ချိုးကြည့့်ရင် 90 ကျော်အောင်ကော့နိုင်ရင် တစ်ဖက်ကို တစ်မှတ်။

2)   လက််မကို လက်ဖဝါးဖက်ကို ဖိကြည့်လို့ လက်မထိပ်က လက်ကောက်၀တ်ကို ထိိနိုင်ရင် တစ်ဖက်ကို တစ်မှတ်။

3)   တံတောင်ဆစ်ကို ဆန့်လိုက်လို့ ရေပြင်ညီတစ်တန်းတည်းတင်မက နောက်ဘက်ကို 10 ဒီဂရီကျော်အောင် လန်ထွက်သွားရင် တစ်ဖက်တစ်မှတ်။

4)   ဒူးကို ဆန့်လိုက်လို့ 100 ဒီဂရီမကဘဲ အရှေ့ဘက်ကို 10 ဒီဂရီကျော်အောင်လန်ထွက်လာရင် တစ်ဖက်တစ်မှတ်။

5)   ခါးကို ရှေ့ကိုင်းပြီး လက်ဖဝါးနဲဲ့ကြမ်းပြင်ကိုထိနိုင်ရင် တစ်မှတ်ပေးရပါတယ်။ 9 မှတ်ပေးတဲ့အထဲမှာ 5 မှတ်ရရင် အဆစ်ပျော့ရောဂါရှိတယ်လို့ သိနိုင်ပါတယ်။ ဓာတ်မှန်ရိုက်၊ သွေးစစ်ကြည့်လို့ မရပါဘူး

          ဒီ့အပြင် အရေပြားကလည်း ပျော့လွန်းလို့ ပါး၊ နားရွက်၊ တံတောင်ပေါ်က အရေပြားတွေကို ဆွဲကြည့်ရင် သူများတွေထက်ပိုပြီး ဆွဲလို့ရနိုင်တာကို တွေ့ရတတ်တယ်။ တချို့မှာတော့ လျှာကလည်း ပျော့ပြီးရှည်လု့ိ လျှာထုတ်ပြီး ကိုယ့်နှာခေါင်းကို ပြန်တို့ခိုင်းရင် ရတာကိုတွေ့ရနိုင်တယ်လို့ဆိုပါတယ်။ ကိုယ့်ဘာသာကိုယ် စမ်းကြည့်နိုင်တဲ့ တစ်နည်းကတော့ ကိုယ့်လက်ကောက်၀တ်ကို တခြားလက်တစ်ဖက်နဲ့ ဆုပ်ကြည့်တာပါပဲ။ ပုံမှန်ဆိုရင် လက်မနဲ့ လက်သန်းဟာ လက်ကောက်၀တ်ကို လှမ်းဆုပ်လိုက်ရင် ထိမလိုလိုနဲ့ မထိနိုင်၊ မမီနိုင်တာကို တွေ့ရပေမဲ့ အဆစ်ပျော့ ရောဂါရှိသူတွေမှာတော့ လက်ကောက်၀တ်ကို ပတ်ပြီး လက်မနဲ့ လက်သန်းထပ်သွားသည်အထိ ဆုပ်နိုင်တာကိုတွေ့ ရမှာပါ။

 

စိုးရိမ်ရသလား။

       ရောဂါနာမည်တစ်ခုခုတပ်လိုက်လို့ အစိုးရိမ်လွန်ပြီး မကစားတော့၊ ပုံမှန်သွားလာမှုတွေ မလုပ်တော့မှာကို စိုးရပါတယ်။ တကယ်တော့ အဆစ်ပျော့ရောဂါဆိုတာ ပုံမှန်လူတွေထက် နည်းနည်းပိုထူးတဲ့ အခြေအနေတစ်ခုပါပဲ။ သူများတွေထက်စာရင် ပိုရောင်လွယ်၊ ကိုက်လွယ်တာကလွဲရင် လောလောဆယ်စိုးရိမ်စရာမရှိပါဘူး။ ကိုယ်အဆစ်ပျော့ကိုကြွားပြီး အလကားနေရင်း ချိုးပြ၊ ကော့ပြမနေဖို့တော့ လိုတာပေါ့။

     ဒါပေမဲ့ ဘာမှအန္တရာယ်မရှိတဲ့ရောဂါတော့လည်း မဟုတ်ပြန်ပါဘူး။ ကော်လဂျင်လို့ခေါ်တဲ့ တွယ်ဆက်ပစ္စည်းတွေ အရည်အသွေးမပြည့်တဲ့အခါ အဆစ်တွေတင် ပိုလှုပ်တာမဟုတ်ပါဘူး။ နှလုံးအဆို့တံခါးတွေလည်း ပိုလှုပ်လို့ MVP လို့ခေါ်တဲ့ နှလုံးတံခါး နောက်ပြန်ကျွံတာ၊ ရင်တုန်တာ၊ မောတာတွေ၊ မျက်စိထဲက အထိန်းအရွတ်တွေ မခိုင်လို့ မှန်ဘီလူးနေရာရွေ့ပြီး မျက်စိမှုန်တာတွေ၊ သွေးကြောမကြီးနံရံတွေက မခိုင်ဘဲပျော့နေလို့ ဖောင်းထွက် လာပြီး ပေါက်သွားတာတွေ အထိ ဖြစ်တတ်ပါတယ်။ တချို့သူတွေမှာတော့ ဟိုမိုစစ်စတင်း (Homocystine) ဆိုတဲ့ ဓာတ်များနေလို့ အဆစ်တွေပျော့နေတာဆိုရင် လေဖြတ်ရောဂါပိုဖြစ်နိုင်တာတွေ ရှိတာကြောင့် တစ်နှစ်တစ်ခါလောက် ပုံမှန် စစ်ဆေးမှုတွေလုပ်သွားနိုင်ရင်တော့ ကောင်းတာပေါ့။

 

မောင်နှမတွေမှာရော ဖြစ်နိုင်ပါသလား။

    လွှမ်းမိုးဗီဇချို့ယွင်းမှုရောဂါစုထဲမှာ ပါတာကြောင့် ကလေးတစ်ယောက်မှာရှိရင် နောက်ကလေးတွေရဲ့ တစ်၀က်မှာလည်း ဒီဗီဇက ပါလာနိုင်ပါတယ်။

 

အစားအသောက်နဲ့ အိမ်ထောင်

    အိမ်ထောင်ပြုလို့၊ ကလေးယူလို့ရပါတယ်။ ကလေးတွေမှာတော့ ဒီဗီဇက ပါလာနိုင်တာပေါ့။ ဒါပေမဲ့ သက်တမ်းစေ့ နေနိုင်တဲ့ရောဂါ၊ ပြင်းထန်တဲ့ေ၀ဒနာမခံစားရတဲ့ရောဂါဆိုတော့ လူတွေမှာ တချို့အသားဖြူ၊ တချို့အရည်ရှည်သလိုပါပဲ။ တချို့ အဆစ်ပျော့တာပဲပေါ့လို့ သဘောထားပြီး ပုံမှန်နေထိုင်စားသောက်လို့ရပါတယ်။

     အဆစ်တွေက အပျော့လွန်၊ အလှုပ်လွန်ဖြစ်နေတာကြောင့် အရိ်ုးတွေ၊ အရိုးနုတွေ ပွန်းစားလွယ်တာကြောင့် အရိုးအဆစ်ကို အားဖြစ်စေမယ့်အစားအသောက်တွေကိုသတိထားပြီး ပိုစားနိုင်ပေးဖို့တော့လိုပါတယ်။ အထူးသဖြင့် ကယ်လ်ဆီယမ်နဲ့ ဗီတာမင်ဒီကြွယ်၀တဲ့အစာတွေပါ။

 

ကာကွယ်လို့၊ ဆေးစားလို့ ရပါသလား။

    ဗီဇပါလာလို့ဖြစ်တာဆိုတော့ အဆစ်တွေ မပျော့အောင်လို့ ကာကွယ်လို့တော့မရပါဘူး။ ဒုတိယအဆင့် ကာကွယ် ခြင်းလို့ခေါ်တဲ့ အရိုးပွန်းစားမှု၊ သွေးကြောမကြီး ပေါက်မှုတွေမဖြစ်အောင်တော့ ကာကွယ်လို့ရပါတယ်။ အနေအထိုင် ဆင်ခြင်ဖို့လိုပါတယ်။ သူများတွေ မြှောက်ပေးတိုင်း လက်ချောင်းလေးတွေကို နောက်လှန် ချိုးပြတာတို့၊ ခြေနှစ်ချောင်းကြားထဲ ခေါင်း၀င်ပြတာတို့ မလုပ်ဖို့လိုပါတယ်။ အားကစားလုပ်ရင် တစ်ဦးနဲ့တစ်ဦး တွန်းတိုက်ကစားရတဲ့ ဘောလုံး၊ ဂျူဒို၊ ကရာတေးစတာတွေရှောင်ပြီး တစ်ဦးချင်စီလှုပ်ရှားကစားရတဲ့ ရေကူး၊ ထိုက်ကျိ၊ လမ်းလျှောက် စတာတွေကို ရွေးသင့်တာပေါ့။ အရိုးနဲ့ အရိုးနုတွေအတွက် ဖြည့်စွက် အစားအသောက်တွေအပြင် ဂလူကိုစမင်းပါတဲ့ ဆေးတွေလည်း စားနိုင်ပါတယ်။ ကယ်လ်ဆီယမ်နဲ့ ဗီတာမင်ဒီအားဆေးတွေလည်းသောက်ရင် ကောင်းပါတယ်။ သူများတွေနဲ့ မတူဘဲ သွေးပေါင်တက်တာကို မခံနိုင်တာမို့ မှန်မှန်ချိန်ပြီး 130 ကျော်ရင် ပရိုပနလော (proapnolol)၊ ဘီတာဘလော်ကာ (Beta-blockers) ဆေးမျိုးတွေ ကြိုသောက်ထားနိုင်ပါတယ်။

 

 

 

Credit; ပါမောက္ခဦးချစ်စိုး (အရိုး၊ အကြော၊ အဆစ် အထူးကု)

ဇီ၀က (ကျန်းမာရေး၊ အလှအပ၊ သုတ၊ ရသ) မဂ္ဂဇင်း

No. 243, April 2015