/
node/3440

သွေးချိုလူနာ ပိန်သွားလို့တဲ့

Category
ဆရာ၀န်ကြီးများ ၏ ဆောင်းပါးများ

        လူကြီးများတွင် အဖြစ်များသည့် အမျိုးအစား (၂) သွေးချိုသည် ရောဂါဖြစ်စတွင် တချို့လူနာများ သိသိ သာသာပိန်သွားတတ်သလို၊ တချို့ကတော့ သိသိသာသာ ၀လာတတ်သည်။ ထို့ကြောင့် အချိန်တိုအတွင်းသိသိ သာသာ ၀လာတတ်သည်။ ထို့ကြောင့် အချိန်တိုအတွင်း သိသိသာသာ ပိန်သွားသူရော၊ ၀လာသူတို့တွင်ပါ သွေးချိုရှိ၊ မရှိ စစ်ရန်လမ်းညွှန်များကဆိုသည်။ ယင်းလူနာများ အစားဆင်ခြင်၊ လေ့ကျင့်ခန်း ပုံမှန်လုပ်၊ သွေးချိုကျဆေး မှန်မှန် သောက်၊ သွေးချိုစံချိန်မီထိန်းပါက ယခင်က ခပ်ပိန်ပိန်လူနာ ပြန်၀လာတတ်သလို၊ အ၀လွန်နေသော လူနာလည်း ကိုယ်ရည်စစ်ပြီး ပုံမှန်ကိုယ်အလေးချိန် ပြန်ဖြစ်သွားတတ်သည်။ သို့ပေမယ့် စနစ်တကျမကု၊ အစားမဆင်ခြင်၊ ရောဂါကို ကုသည်ဆိုရုံဆိုပါက ကိုယ်အလေးချိန်အပြောင်းအလဲသိပ်မရှိလှဘဲ၊ ပိန်မြဲ ပိန်လျက်၊ ၀မြဲ ၀လျက် ဖြစ်နေတတ် သည်။ ယင်းလူနာများက ပိုများသည်။

           ဆေးကုသမှု ပုံမှန်ခံယူနေသော သွေးချိုလူနာကို ဆရာ၀န်က အချိန်မှန်ချိန်းပြီး သွေးချိုကောင်း၊ မကောင်းစစ်၊ ဆေးအတိုးအလျှော့ လုပ်ရလေ့ရှိသည်။ သွေးချိုကောင်း၊ မကောင်းသုံးသပ်ရာတွင် လူနာ၏ ပုံမှန် နံနက်အိပ်ရာထ အစာမစားမီ သွေးချို၊ အစာစားပြီး နှစ်နာရီသွေးချိုမှတ်တမ်း၊ သွေးချိုပမာဏ အလွန်အကျွံကျသည့် ခံစားမှုရှိ၊ မရှိ၊ သွေးချို၏ နောက်ဆက်တွဲ ပြဿနာများ၏ ရောဂါလက္ခဏာများနှင့် ယင်းတို့နှင့် ပတ်သက်သည့် စမ်းသပ်မှုအဖြေ၊ လွန်ခဲ့သည့် လေးလအတွင်း သွေးချိုထိန်းသိမ်းနိုင်မှုအခြေအနေကို ပြသည့် AIC စသည်တို့ကိုကြည့်၊ သုံးသပ်ရလေ့ရှိသည်။ ထို့အပြင် လူနာ၏ခန္ဓာကိုယ်အလေးချိန် အတက်အကျ၊ အပြောင်းအလဲကိုလည်း ကြည့်ရတယ်။ သွေးချိုထိန်း သိမ်းမှုကောင်းသည့် လူနာသည် ခန္ဓာကိုယ်အလေးချိန်အတက်အကျ အပြောင်းအလဲမရှိ၊ ငြိမ်နေတတ်သည်။ အကောင်းဆုံးကတော့ ကျား၊ မ၊ အသက်အရွယ်၊ အရပ်အမြင့်ကိုလိုက်ပြီး ရှိသင့်သည့် ခန္ဓာကိုယ်အလေးချိန်၊ ပေါင်ချိန်တွင် ရှိနေခြင်း၊ ထိန်းထားခြင်းပင်ဖြစ်သည်။ တချို့က BMI နှင့် တိုင်းသည်။ မ၀ မပိန်၊ BMI ပုံမှန်ဖြစ်လျှင် အကောင်းဆုံး၊ အသင့်တော်ဆုံးဟုဆိုနိုင်သလို ၀မ်းဗိုက်စူခြင်း၊ ပူခြင်း စသည်တို့ မရှိခြင်းကလည်း သွေးချိုထိန်းခြင်း၊ ကျန်းမာခြင်း၏ လက္ခဏာတစ်ရပ်အဖြစ် ထည့်သွင်းသုံးသပ်လေ့ရှိသည်။

           သွေးချိုလူနာတစ်ယောက် ခန္ဓာကိုယ်အလေးချိန် သိသိသာသာ တက်လာလျှင်လည်းကောင်း၊ သိသိသာသာ ပိန်သွားလျှင်လည်းကောင်း သွေးချိုထိန်းသိမ်းမှု မကောင်းခြင်းကိုပြသည်။ လေ့ကျင့်ခန်းမလုပ်၊ စားချင်တာစား၊ ဆေးပုံမှန်မသောက်သူသည် သွေးချိုပမာဏမြင့်တက်နေတတ်သလို ခန္ဓာကိုယ်အလေးချိန် အတက်အကျ၊ အပြောင်းအလဲ သိသိသာသာ ဖြစ်နေတတ်သည်။ ပိန်သွားသည်ထက်၊ ၀လာတတ်သည်က ပိုအတွေ့ရများသည်။ ဆေးမှန်မှန် သောက်ပါသည်။ အစားဆင်ခြင်၊ လေ့ကျင့်ခန်း ပုံမှန်လုပ်ပါသည်။ အိမ်မှာစစ်သမျှသွေးချိုပမာဏကောင်းပါသည်ဟု ဆိုလျက်နှင့် ခန္ဓာကိုယ်အလေးချိန်သိသိသာသာ တက်လာလျှင်လည်းကောင်း၊ သိသိသာသာ ပိန်သွားလျှင်လည်းကောင်း လူနာပြောသမျှ ယုံရခက်သည်။ လူနာဘယ်လိုပြောပြော၊ တစ်ခုခုလိုနေသေးသည်ဟု ဆရာ၀န်ကယူဆသည်။

           ဆရာ၀န်ချိန်းသည့်အတိုင်း ပုံမှန်လာပြနေသော လူနာရော၊ အချိန်တော်တော်ကြာကြာ ဆေးခန်း မရောက်၊ ပျောက်နေသော လူနာပါ ကျွန်တော်၊ ကျွန်မပိန်သွားလို့ဆိုပြီး ရောက်လာတတ်သည်။ တချို့က ပိန်သွားမှန်းကိုယ့် ကိုယ်ကိုပင်မသိ။ ဆရာ၀န်က ဖောက်သည်လူနာ ဆေးခန်းထဲ၀င်လာကတည်း က တော်တော်ပိန်သွားမှန်းသိနေ သည်။ အဲဒီလူနာ ဘာကြောင့်ပိန်သွားလဲဟု စဉ်းစားရသည်။ စစ်ဆေးရသည်။ ဆေးမမှန်၊ အစားမဆင်ခြင်၊ လှုပ်ရှားမှုမရှိ၊ မှတ်တမ်းတွင် သွေးချိုပမာဏအမြဲမြင့်နေ လျှင်တော့ သွေးချိုထိန်းသိမ်းမှုမကောင်းလို့ဟု ကောက်ချက်ချပြီး၊ ပြင်စရာပြင်၊ မှာစရာမှာလုပ်ရသည်။

           သွေးချိုထိန်းသောက်ဆေးများတွင် အကောင်းဆုံးဟုဆိုနိုင်သည့် ပထမဦးစားပေးဆေးအဖြစ် သုံးလေ့ရှိသည့် Metformin သည် ပျို့စေ၊ အန်စေ၊ အစားပျက်၊ ရင်ပြည့်ရင်ကယ်ဖြစ်စေသည်။ တချို့လူနာတွင် ၀မ်းလျှောစေသည်။ တချို့ အနည်းငယ်သာဖြစ်၊ ခဏတစ်ဖြုတ်ဖြစ်၊ ခံနိုင်ရည်ရှိပေမယ့် တချို့ကျတော့ လုံး၀မခံနိုင်၊ အစားပျက်၊ အသောက်ပျက်၊ ပိန်သွားလေ့ရှိသည်။ ဒီလူနာမျိုး Metformin ဆေးရပ်ပြီး တခြားဆေး ပြောင်းပေးမှအဆင်ပြေ၊ စား၀င်၊ သောက်၀င်၊ ပြန်ပြည့်လာလေ့ရှိသည်။

           ပိန်သွားသည့် သွေးချိုလူနာတစ်ခြားဘာကြောင့် ပိန်နိုင်သေးလဲဟု စဉ်းစားရသည်။ အတွေ့ရများသည့် အကြောင်းတစ်ခုက တီဘီရောဂါ။ သွေးချိုလူနာများ အထူးသဖြင့် သွေးချိုထိန်းသိမ်းမှု အားနည်းသည့် လူနာများ သည် တီဘီရောဂါအဖြစ်များလေ့ရှိသည်။ ပြင်းထန်သည်။ အခံသွေးချိုကို ထိန်းရခက်စေသည်။ ဆိုးသည့် သွေးချိုက တီဘီကို ပြန်ကြွစေ၊ ပြင်းထန်စေ၊ ကုရခက်စေသည်။ ဒီတော့ လူနာက ပိုပိန်၊ ဆေးသောက်ပြီး နာလန်ထ နှေးစေသည်။ ထို့ကြောင့် တီဘီရော၊ သွေးချိုပါ အပြင်းအထန်ကုရသည်။ တီဘီနှင့် သွေးချိုက အချင်းချင်း မိတ်ဖက်ဖြစ်နေ တတ်သလို၊ လူနာအတွက် အကြီးမားဆုံးရန်ဘက်များ ဖြစ်နေတတ်သည်။

           ထို့ကြောင့် သွေးချိုလူနာဖျားတိုင်း၊ ချောင်းဆိုးတိုင်း၊ ပိန်သွားတိုင်း တီဘီလားဟု ဆရာ၀န်ကအမြဲစဉ်းစားလေ့ရှိသည်။ တချို့အဖျားနှင့် ချောင်းက မသိသာလှဘဲ၊ လူနာက ပိန်သွားပြီး အစားအသောက်ပျက်၊ မအီမလယ်ဖြစ်ရုံသာရှိသည်။ ဒီလိုလူနာမျိုးလည်း တီဘီဖြစ်နိုင်ခြေကို တွက်သည်။

           သွေးချိုလူနာ ပိန်သွားလျှင်မည်သူဖြစ်ဖြစ် ပိန်စေသည့် တခြားရောဂါများကို စဉ်းစားရ၊ ရှာရသည်။ အပြိုင်အဆိုင်ခေတ်၊ လူတိုင်း စိတ်ဖိစီးမှုများသည့် ခေတ်အခါမှာ စိတ်ပူပင်၊ စားမ၀င်၊ အိပ်မပျော်၊ အတွေးမျှင်မပြတ်၊ အရာရာ စိုးရိမ်လွန်တတ်သည့် လူနာများလည်း သိသိသာသာ ပိန်သွားလေ့ရှိရာ လူနာ၏စီးပွားရေး၊ လူမှုရေး အခက်အခဲများ ရှိ၊ မရှိလည်း မေးသည့်မေးခွန်းများတွင် ပါလေ့ရှိသည်။ တခြားလူကို ရုတ်ခြည်းပိန်စေသည့် လည်ပင်းဆိပ်တက်ရောဂါ၊ HIV/AIDS ရောဂါ၊ အစာအိမ်ရောဂါ၊ ကင်ဆာရောဂါများလည်း မပြေးသော်ကံရာရှိသဘော စစ်ရ၊ ဆေးရ သည်လည်းရှိသည်။

 

 

 

Credit; ပါမောက္ခနေ၀င်း (ဆေးပညာ)

Health Digest Journal (Vo: 12, No: 40)