/
node/3463

အစာကြေအောင် ဘာလုပ်ရမလဲ

Category
ဆရာ၀န်ကြီးများ ၏ ဆောင်းပါးများ

        “ကျွန်တော့်သားလေးက မွေးကတည်းက ၀မ်းသိပ်ချုပ်တာပဲဗျာ။ သုံးရက်လေးရက်နေမှ ၀မ်းသွားလေ့ရှိတယ်။ တစ်ခါတစ်ရံ နှိုက်ထုတ်ပေးရတယ်။ ၀မ်းမသွားရတော့ ဗိုက်ကြီးတင်းနေတာပဲ။ ဒါနဲ့ တလောတုန်းက ခင်ဗျားက အမျှင်ဓာတ်ကြွယ်၀တဲ့အသီးအနှံ၊ အစေ့အဆန်၊ ဟင်းရွက်တွေကျေွး၊ ရေတိုက်ဆိုလို့ ကျေွးပေမယ့် ကျွန်တော့်သားလေးက အသားပိုကြိုက်တယ်။ ဟင်းရွက်ထက်သစ်သီးပဲကျေွးလို့ရသဗျာ။ သစ်သီးကျပြန်တော့ ရိုးသွားပြန်ရော တစ်ကိုက်နှစ်ကိုက်လောက်ပဲစားပြန်ရော။ ဒါနဲ့ သူ့အမေက စိတ်ရှည်တယ်။ အသီးအနှံအမျိုးမျိုး ၀ယ်ပြီး လှည့်ကျေွးရတာပေါ့။ ကလေးဆိုတော့ ခုန်လိုက်ပေါက်လိုက်နဲ့မို့ ခင်ဗျားပြောသလို လေ့ကျင့်ခန်းတော့ အထူးလုပ်ပေးမနေရဘူးပေါ့။ ခုတော့ ဟန်ကျသွားပြီ”

 

          ဒါက အလှူတစ်ခုမှာ ငယ်ငယ်တုန်းက အိမ်နီးနားချင်းတစ်ဦးက သူ့သားလေးအကြောင်းပြောပြလိုက် တာပါ။ ၀မ်းချုပ်တယ်။ ၀မ်းမသွားလို့ ဗိုက်တင်းတယ်။ အစာမကြေဘူး။ ၀မ်းတွေကမာနေတာပဲ စသည်ဖြင့် လူတွေ နေ့စဉ်ပြောကြပြီး ညည်းညူကြရတာဟာ မိမိစားတဲ့အစားအစာတွေ၊ သောက်ရတဲ့ရေနဲ့ ဖျော်ရည်တွေ၊ မိမိရဲ့ နေထိုင်မှုပုံစံတွေနဲ့ အမြဲပဲဆက်နွယ်နေတာကို တွေ့ရမှာဖြစ်တယ်။

 

        အမှန်ကတော့ စားလိုက်သမျှအစာတွေနဲ့ သောက်လိုက်တဲ့အရည်တွေ၊ လှုပ်လှုပ်ရှားရှားနေလိုက်တာတွေ၊ မလှုပ်မရှားငြိမ်ငြိမ်လေးနေလိုက်တာတွေ အပေါ်မူတည်ပြီး အစာခြေအူလမ်းကြောင်းတစ်လျှောက် အစာခြေဖျက်ရာမှာလည်း ဆက်နွယ်နေကြောင်း သိဖို့လိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ရဲ့အစာခြေအူလမ်းကြောင်း မှာအစာကြေအောင် ၀ိုင်း၀န်းပြီး ကူညီပေးကြတဲ့ အစာခြေရည်တွေ၊ အင်ဇိုင်းတွေ၊ ဟော်မုန်းတွေက စိုးမိုးနေတာ ကိုသတိထားကြရမှာဖြစ်တယ်။

 

        ဥပမာ ပါးစပ်ထဲထည့်ပေးလိုက်တဲ့အစာကို စပြီးဝါးလိုက်တဲ့အချိန်မှာပဲ နားရွက်နှစ်ဖက်ရှေ့နားအောက် ဘက်ကျကျမှာရှိတဲ့ တံတွေးဂလင်းများက တံတွေးတွေဟာ ပိုက်လိုပြွန်လေးများကတစ်ဆင့် အပေါ်သွားတွေ အနီးကနေ ပါးစပ်ထဲ၀င်လာပြီး အစာနဲ့ရောမွှေကြိတ်ဝါးပေးတော့တာပါ။ အဲဒီတံတွေးဂလင်းတွေထံမှ တံတွေး 25 ရာခိုင်နှုန်းရပါတယ်။ ဒါ့အပြင် လျှာအောက်တံတွေးဂလင်းတွေထံမှ တံတွေး 5 ရာခိုင်နှုန်းရသလို၊ မေးရိုးအောက်ထဲက တံတွေးဂလင်းတွေထဲက တံတွေး 75 ရာခိုင်နှုန်းရတာမို့ မေးရိုးအောက်က တံတွေးက အစာကြေဖို့ဝါးရာမှာ ပါးစပ်ထဲမှာ အစာမျိုချတဲ့အခါ ခပ်စိုစိုလေးဖြစ်ပြီး လျောကနဲ၀င်သွားအောင် အဓိကထုတ်ပေးတဲ့ နေရာဖြစ်လာတယ်။ ဒါကြောင့် ပါးစပ်ထဲမှာ အစာကြာကြာဝါးလေ တံတွေးပိုထွက်လာပြီး အစာကညက်လာတဲ့အပြင် မျိုချရတာလည်းလျောကနဲပေါ့။

 

        ခပ်လွယ်လွယ်ပြောရရင် ပါးစပ်ထဲကနေ အစာရေမျိုထဲ၀င်၊ အစာရေမျိုကမှတစ်ဆင့် အစာအိမ်ထဲရောက် ပါတယ်။ အစာအိမ်ထဲမှာအစာအိမ်ကထုတ်ပေးတဲ့ အစာခြေရည်တွေရှိသေးတယ်။ သူကအချဉ်ရည်တွေဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ သူ့မှာ pH က 1.5 မှ 3.5 အထိပဲရှိတယ်။ အများအားဖြင့် အစာခြေရည်ထဲမှာ Hydrochloric Acid (ဟိုက်ဒရိုကလိုရစ်အက်စစ်)တွေနဲ့ ပိုတက်ဆီယမ်ကလိုရိုက်ရော ဆိုဒီယမ်ကလိုရိုက်တွေပါ အများအပြားပါ၀င်တယ်။ အဲဒီ အချဉ်ရည်တွေက အသားဓာတ်ကို ခြေဖျက်ရာမှာ အဓိကပါပဲ။ အစာခြေအင်ဇိုင်းတွေ တက်တက်ကြွကြွဖြစ်အောင် လှုံ့ဆော်ပေးတော့ အသားဓာတ်ကို ခြေဖျက်ရာမှာ မြန်စေတယ်။ ခြေပြီးသား အသားဓာတ်တွေကို ဆက်လက်ခြေဖျက်ရာမှာ မြန်စေတယ်။ ခြေပြီးသားအသားဓာတ်တွေကို ဆက်လက်ခြေဖျက်ပေးခြင်းဖြင့် ပိုပိုကြေလာအောင်ကူညီကြတာပါ။ ဒီနေရာမှာ အချဉ်ဓာတ်ခေါ် အက်စစ်ဓာတ်တွေလိုအပ်သလိုများအောင်၊ အစာအိမ်နံရံကလာပ်စည်းတွေက ထုတ်ပေးနိုင်တယ်။ ဒါကြောင့် သင်ဟာ အချဉ်ဓာတ်ပါတဲ့ အစားအစာတွေ၊ အစပ်တွေတအားကြိုက်သူဆိုရင် ဒါမှမဟုတ် အရက်၊ ဆေးလိပ်သောက်သူဖြစ်ရင် ဒီနေရာမှာ ပြဿနာ ဖြစ်တော့တာပေါ့။ အစာအိမ်က သူ့ခမျာလည်း အချဉ်ဓာတ်မများအောင် ဘိုင်ကာဗွန်နိတ်လို့ခေါ်တဲ့ ဗေ့စ်တစ်မျိုး (အယ်ကာလီ)ကို သဘာ၀အားဖြင့် ထုတ်ပေးပါလျက်နဲ့ အစာအိမ်မှာ အချဉ်ပေါက်အနာဖြစ်ရတာ ဘယ်သူမပြု မိမိမှုပါပဲ။

 

       သဘာ၀တရားဟာ အမြဲချစ်စရာကောင်းတယ်။ ၀ိရောဓိပါပဲ။ အပူနဲ့အအေး၊ အတိုနဲ့အရှည်၊ အချိုနဲ့အချဉ် စသည်ဖြင့် တွဲလျက်ရှိသလို အစာအိမ်ထဲမှာလည်း အစာအိမ်အက်စစ်ကြောင့် အစာအိမ်အနာမဖြစ်ရလေအောင်၊ မထိခိုက်ရလေအောင် စေးစေးပျစ်ပျစ် အရည်တစ်မျိုးထုတ်ပေးပါသေးတယ်။ ဒါအပြင် အူသိမ်ဦးပိုင်းခေါ် အူသိမ်တစ်လျှောက်မှာ ဘိုင်ကာဗွန်နိတ်တွေထုတ်ပေးပြီး၊ အစာအိမ်ထဲက အက်စစ်ရည်နဲ့ ဓာတ်ပြယ်စေလိုက်တာပေါ့။ ဒါကြောင့် အစာအိမ်အူလမ်းကြောင်းတစ်လျှောက်မှာ (1) အစာခြေရည်ထုတ်ပေးတာ၊ (2) ထုတ်ပေးတဲ့ အစာခြေ ရည်တွေပုံမှန်ဖြစ်နေအောင် ထိန်းသိမ်းပေးတာ၊ (3) ဓာတ်ပြယ်အောင် လုပ်ပေးတာတွေဟာ လူ့ခန္ဓာကိုယ် အစာခြေအဖွဲ့ရဲ့ ပုံမှန်ဇီ၀ကမ္မလုပ်ငန်းတွေဖြစ်တယ်။

 

        အစာအိမ်အူလမ်းကြောင်းလို့ပြောရပေမယ့် အသည်းတို့၊ သည်းခြေအိတ်တို့၊ ပန်းကရိယခေါ် မုန့်ချိုအိတ် တို့ကလည်း အစာခြေဖို့အတွက် ၀ိုင်း၀န်းကူညီကြတယ်။ ဒါကြောင့် ထိုအင်္ဂါတွေက ထုတ်ပေးတဲ့အစာခြေရည်တွေ၊ အင်ဇိုင်းတွေ၊ ဟော်မုန်းတွေကလည်း လူတစ်ယောက်ရဲ့ အကြိုက်ပေါ်မူတည်ပြီး ကျန်းမာအောင် နေထိုင်နိုင်သလို၊ ရောဂါဘယတွေဖြစ်လာတဲ့အထိ ကမောက်ကမတွေဖြစ်အောင် လှုံ့ဆော်ပေးနိုင်တယ်ဆိုတဲ့ အသိတရားလေး လက်ကိုင်ထားကြဖို့ ဖော်ပြလိုက်ပါတယ်။

 

 

Credit; ဒေါက်တာရည်ညွှန့်မေ

Health Digest Journal