/
node/3476

သားအိမ်အစားထိုးပြီး ကလေးမွေးဖွားနိုင်

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

          အမေရိကန်နိုင်ငံမှာ ပထမဦးဆုံးအကြိမ် သားအိမ်အစားထိုးခွဲစိတ်မှုကို Cleveland Clinic မှ ကိုယ်တွင်းအင်္ဂါ အစားထိုးဆိုင်ရာခွဲစိတ်ဆရာ၀န်နဲ့ သားဖွားမီးယပ်ဆရာ၀န်ပါ၀င်တဲ့ အဖွဲ့က လုပ်ဆောင်နိုင်ခဲ့ပြီး ခွဲစိတ်မှုကိုးနာရီကြာ မြင့်ခဲ့ပါတယ်။

 

          သားအိမ်အစားထိုးကုသမှုဟာ Uterine Factor Infertility (UFI) (မွေးကတည်းက သားအိမ်မပါလာသူများ ဒါမှမဟုတ် သားအိမ်အလုပ်မလုပ်သူများ) ကြောင့် ကိုယ်၀န်မဆောင်နိုင်တဲ့ အမျိုးသမီးတွေအတွက် တစ်ခုတည်းသော နည်းလမ်းဖြစ်ပေမယ့် နိုင်ငံတော်တော်များများမှာ သားအိမ်အစားထိုးကုသခြင်းကို တားမြစ်ထားဆဲဖြစ်ပါတယ်။ သားအိမ်အစားထိုးထားတဲ့ အမျိုးသမီးကို ကိုယ်၀န် (2)ခါဆောင်ရန်သာ ခွင့်ပြုထားပြီး အဲဒီအတော်အတွင်း အစားထိုးထားတဲ့ သားအိမ်ကို ခန္ဓာကိုယ်မှတုန့်ပြန်မှုတွေ မပြုလုပ်နိုင်အောင် ဆေးဝါးအကူအညီနဲ့ ထိန်းထားမှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ဆေးဝါးတွေရပ်လိုက်ပြီး အစားထိုးထားတဲ့သားအိမ်ကို ပြန်လည် ထုတ်ပစ်မှာဖြစ်ပါတယ်။

 

          ယနေ့အထိ ကမ်ဘာ့တ၀န်းတွင် အစားထိုးမှုပေါင်း 11 ခုပြုလုပ်ခဲ့ပြီး ပထမဦးဆုံး အစားထိုးမှု ကို ဆော်ဒီအာရေးဗျနိုင်ငံ၌ 2000 ခုနှစ်မှာ ပြုလုပ်ခဲ့ပေမယ့် ကံမကောင်းစွာဘဲ အစားထိုးပြီး 3 လ အကြာမှာ သွေးကြောတွင်း သွေးခဲမှုကြောင့် သားအိမ်ကို ပြန်လည်ဖယ်ရှားခဲ့ရပါတယ်။

 

          ပထမဦးဆုံးသားအိမ်အစားထိုးမှုကို အောင်မြင်အောင်ပြုလုပ်နိုင်ခဲ့တာက ဆွီဒင်နိုင်ငံဖြစ်ပြီး 2015 မှာ အစားထိုးမှုပေါင်း 9 ခုထိ ပြုလုပ်နိုင်ခဲ့ပါတယ်။ အစားထိုးသားအိမ်နဲ့မွေးဖွားခဲ့တဲ့ ကလေး 4 ယောက်ရှိပြီး မိခင်ရောကလေးပါ ဆိုးကျိုးတစုံတရာမရှိဘဲ ကျန်းကျန်းမာမာနဲ့ မွေးဖွားနိုင်ခဲ့ပါတယ်။

 

          အမေရိကန်နိုင်ငံမှာ ပထမဦးဆုံး သားအိမ်အစားထိုးကုသမှု ခံယူခဲ့တဲ့အမျိုးသမီးဟာ ကျန်းမာလျက်ရှိပြီး အစားထိုးတဲ့ သားအိမ်ကိုတော့ သေဆုံးသူတစ်ယောက်လှူခဲ့တာဖြစ်ပါတယ်။

 

          UFI ရှိသူ အသက် 21 မှ 39 အရွယ် အမျိုးသမီး 10 ယောက်ကို Cleveland Clinic မှ ရွေးချယ်ထားပြီး ပထမဦးဆုံး အဆင့်အနေဖြင့် ဖန်ပြွန်သနေ္ဓသားပြုလုပ်ရန် ထိုအမျိုးသမီးတွေရဲ့မျိုးဥအိမ်မှ မျိုးဥထွက်လာအောင် လှု့ံဆော်ခဲ့ပါတယ်။ အဲဒီနောက် သနေ္ဓသားလောင်း 10 ခုကို ရွေးချယ်ပြီး အေးခဲထားကာ သားအိမ်အလှူရှင်ရှိလာပါက အစားထိုးခွဲစိတ်မှုပြုလုပ်မှာဖြစ်ပါတယ်။ အလှူရှင်ကတော့ အသက် 18 နှစ်မှ 40 ကြားဖြစ်ဖို့လိုအပ်ပါတယ်။

 

          အစားထိုးခွဲစိတ်မှုပြုလုပ်ဖို့ 6 နာရီ၀န်းကျင် ကြာမြင့်ပြီး သားအိမ်အနာကျက်ဖို့အတွက် အချိန် 1 နှစ်ခန့် လိုအပ်ပါတယ်။ အစားထိုးမှုပြုလုပ်ပြီး လအနည်းငယ်အကြာမှာ ရာသီသွေးစဆင်းမှာဖြစ်ပါတယ်။ အဲဒီနောက် သနေ္ဓသားလောင်းကိုတွယ်ကပ်စေပြီး ကိုယ်၀န်ဆောင်စေတာဖြစ်ပါတယ်။

 

          ကိုယ်၀န်ဆောင်နေစဉ်အတောအတွင်း သွေးတိုးရောဂါ၊ ကိုယ်၀န်ဆိပ်တက်ခြင်း၊ သနေ္ဓသားလောင်း ကြီးထွားမှုနှေးကွေးခြင်း၊ လမစေ့ခင်ရေမြွှာရေပေါက်ခြင်း၊ လမစေ့ဘဲ မွေးဖွားခြင်းနဲ့ သနေ္ဓသားလောင်း သေဆုံးခြင်းတို့ ရှိ/မရှိ ကို ဂရုတစိုက်စောင့်ကြည့်ရပါတယ်။ ဗိုက်ခွဲမွေးခြင်းက သားအိမ်အစားထိုးထားတဲ့ ကိုယ်၀န်ဆောင် အမျိုးသမီးတွေအတွက်ပိုပြီး သင့်လျော်ပါတယ်။ ကိုယ်တွင်းအင်္ဂါ အစားထိုးမှုဆိုင်ရာ ကျွမ်းကျင်ပညာရှင်၊ သားဖွားမီးယပ်ဆရာ၀န်၊ ကလေးအထူးကု၊ သူနာပြုတို့ပါ၀င်တဲ့ အဖွဲ့က ကလေးငယ်မှာ မွေးရာပါချို့ယွင်းချက်များ ရှိ/မရှိ ရောဂါပိုးကူးစက်ခံရ ခြင်းရှိ/မရှိ၊ အလေးချိန်စတာတွေကို ကြည့်ရှုရမှာဖြစ်ပါတယ်။

 

Dr. Htet Htet Aung

www.drmyanmar.com