/
node/3481

စီးကရက်အကြောင်း ထဲထဲ၀င်၀င်

Category
ဆရာ၀န်ကြီးများ ၏ ဆောင်းပါးများ
Author
Dr. ဦးလွှမ်းမိုးဟန်

       ယနေ့ကမ်ဘာပေါ်မှာတစ်ရက်တစ်ရက် သတင်းတွေက မရိုးနိုင်အောင်ပေါ်ထွက်နေကြသည်။ ကျန်းမာရေးနှင့် ပတ်သက်လာရင် အ၀လွန်ခြင်းကို တိုက်ဖျက်ကြစို့၊ သဘာ၀ပတ်၀န်းကျင် ထိန်းသိမ်းရေးကို ၀ိုင်း၀န်းဆောင်ရွက်ကြဖို့ သတင်းတွေကပိုပြီးထိပ်ရောက်နေသည်။ မေ၀းလှသည့် တစ်ချိန်က အလွန်ခေတ်စားခဲ့သည့် ဆေးလိပ်တိုက်ဖျက်ရေး သတင်းတွေ သည်ဘက်ခေတ်မှာခေတ်သိပ် မစားချင်တော့။ ဆေးလိပ်ထုတ်လုပ်သူ သူဌေးကြီးများကတော့ ဆေးလိပ်၊ ဆေးရွက်ကြီးနှင့် တိုက်ရိုက်ပတ်သက်သည့် သေဆုံးမှုဆိုတာမျိုးကို အတိတ်မှာကျန်ရစ်ခဲ့သည့် ပုံပြင်တွေဟုထင်မြင် စေချင်ကြပေလိမ့်မည်။ တကယ်တော့ ဆေးလိပ်သည် ကာကွယ်လို့ရသည့် သေစေနိုင်သော အကြောင်းရင်းများ အနက် ထိပ်ဆုံးအကြောင်းရင်းဖြစ်နေဆဲပါ။

 

          မျက်မှောက်ကာလအထိ တစ်နှစ်လျှင်ဆေးလိပ်ကြောင့် ကွယ်လွန်ရသူဦးရေ 6 သန်း အထိရှိနေသည်။ နောက် ဆယ်စုနှစ်များစွာအထိ ထိုသေဆုံးမှုနှုန်းက သည်အတိုင်းရှိနေဦးမှာပါ။ ဆေးလိပ်၏ သဘော သဘာ၀က သောက်သုံး မှုအများဆုံးအချိန်ရောက်ပြီးနောက်ပိုင်းနှစ် 30 ရောက်သည့်အခါမှ ဆေးလိပ်ကြောင့်ဖြစ်ရသည့်ရောဂါများ၏ အဆိုး ရွားဆုံး၊ အဖြစ်များဆုံး အခြေအနေကိုရောက်လေ့ရှိသည်။ ကမ်ဘာပေါ်မှာ တစ်နှစ်ပျမ်းမျှ ဆေးလိပ်ပေါင်း 6 ထရီလီယံ (သန်းပေါင်း 6 သန်း) ကိုသောက်သုံးနေကြသည်။ ထိုသောက်သုံးမှုနှုန်းကလွန်ခဲ့သည့် နှစ် 40 ကထက် နှစ်ဆများ လာသည့် သောက်သုံးမှုနှုန်းဖြစ်ပါသည်။ သည်နှုန်းအတိုင်းသာ လူသားတွေဆေးလိပ်သောက်သုံးနေကြမည်ဆိုလျှင် 20 ရာစုအတွင်း ဆေးလိပ်ကြောင့် လူပေါင်းသန်းတစ်ရာသေဆုံးခဲ့ကြရာမှ 21 ရာစုအတွင်းမှာ သန်းတစ်ထောင် လောက်အထိ ပျက်စီးကြရလိမ့်မည်ဟု ခန့်မှန်းထားကြသည်။

 

          သည်ကနေ့ ကျန်းမာရေးသတင်းတွေကို ကြည့်လိုက်မည်ဆိုလျှင် နောက်ဆုံးရ သတင်းဆိုလိုက်သည်နှင့် အီဘိုလာဗိုင်းရပ်စ်ပိုးကြောင့် လူဦးရေဘယ်လောက် သေကြေကြရပြီ စသဖြင့် တွေ့ကြရပါလိမ့်မည်။ အီဘိုလာ တစ်ခေတ်ဆန်းနေသည့်အချိန်။ တကယ့်လက်တွေ့မှာတော့ အီဘိုလာကူးစက်ရောဂါကြောင့် လူနာတစ်ဦးကွယ်လွန် တိုင်းမှာ ဆေးလိပ်ကြောင့်လူတစ်ထောင်လောက် ကွယ်လွန်နေကြရတာဖြစ်ပါသည်။ ယေဘုယျအားဖြင့် အာဖရိက တိုက်မှာ ဆေးလိပ်သောက်သုံးမှု သိပ်မများလှသည့်တိုင်အောင် အီဘိုလာရောဂါကြောင့် သေဆုံးမှုနှုန်း ထက် ဆေးလိပ်ကြောင့် သေဆုံးမှုနှုန်းက အဆပေါင်းများစွာပိုများနေသည်။ ပြီးခဲ့သည့် 2 နှစ်လောက်အတွင်းမှာ အီဘိုလာဗိုင်းရပ်စ်ကြောင့် လူပေါင်းတစ်သောင်းကွယ်လွန် ခဲ့ရချိန်မှာ ဆေးလိပ်ကြောင့်ကွယ်လွန်ခဲ့ရသူက 10 သန်းရှိခဲ့သည်။

 

          ဂျိုးဇက်စတာလင် ပြောခဲ့ဖူးသည့် သမိုင်းတွင်အောင် ဆိုးဝါးသော စကားတစ်ခွန်းရှိခဲ့ဖူးသည်။ “လူတစ်ယောက် သေတဲ့အကြောင်း ပြောရင်တော့ လွမ်းစရာဆွေးစရာပေါ့ကွာ။ လူတစ်သန်းလောက် သေသွားရင်တော့ . . . အဲဒါ ကိန်းဂဏန်းပဲကွ။” ‘while one death is a tragedy, a million is a statistic’ အဲဒီစကားကအခံရခက်ပေမယ့် မှန်သည့်နေရာမှာတော့ မှန်သည်။ အခုဆေးလိပ်ကိစ္စမှာပဲကြည့်။ ဆေးလိပ်နှင့် ဆေးရွက်ကြီးကြောင့်လူတွေနေ့တိုင်း သေနေကြရတာ ထူးဆန်းသည့် ကိစ္စမဟုတ်တော့။ ဘယ်သူကမှ ဆေးလိပ်ကိုမမုန်းကြ။ မုန်းရေးလည်း အရေးလုပ်ပြီး မဆိုကြ။ သတင်းခေါင်းကြီးပိုင်းမှာတောင် မရေးကြတော့။ ဆေးလိပ်အစား အီလက်ထရွန်နစ်စီးကရက် (E cigarettes) အစားထိုးသောက်ကြမည်ဆိုသည့် သတင်းမျိုးဆိုရင်တော့ လူစိတ်၀င်စားသည်။ အနံ့အရသာမျိုးစုံနှင့် ဆေးလိပ်ဖြတ်ဖို့ နီကိုတင်းပါသည့် အီးစီးကရက်ကိုသောက်လိုက်ကြသည်မှာ ဆေးလိပ်မသောက်တတ်သည့် လူငယ်လေးတွေတောင် ဆေးလိပ်သောက်တတ်သွားကြသည့် အနေအထား။ အီးစီးကရက်လို အဆင့်မြင့်ဆေးလိပ်တွေ ပေါ်လာတာတောင်မှ ယနေ့ အမေရိကန်သားတွေက တစ်နှစ်ကိုစီးကရက်သန်းထောင်ပေါင်း 280 ကို သောက်ရှူနေကြဆဲ။ ဗြိတိသျှသားတွေကတော့ တစ်နှစ်စီးကရက် အလိပ်ပေါင်း 35 ဘီလီယံ (1 ဘီလီယံ = သန်းတစ်ထောင်) သောက်နေကြသည်။ ဆေးလိပ်သောက်လျှင် ကိုယ်တွင်းအင်္ဂါအတော်များများမှာ ကင်ဆာဖြစ်စေနိုင်သည်၊ ခြေ ထောက်သွေးကြောတွေပိတ်လို့ ခြေထောက်တွေဖြတ်ပစ်ရတတ်သည် ဆိုတာမျိုးလို လူသိများသည့် ရောဂါတွေရှိသကဲ့သို့အမျိုးသားတွေ ပန်းသေသွားတတ်တာမျိုး၊ အမျိုးသမီးတွေ ကိုယ်၀န်ပျက်ကျတတ်တာမျိုး၊ မျက်စိကွယ်သွားနိုင်တာမျိုး စသည့် လူသိပ်မသိလှသော ရောဂါတွေလည်း အများကြီးရှိနေပါသည်။ စစ်သားတွေခြေပျက်လက်ပျက်ဖြစ် ကြရပြီဆိုရင် စစ်၏အနိဌာရုံဟု အလွယ်တကူဆိုတတ်ကြပေမယ့် ကမ်ဘာတစ်လွှားတပ်မတော်များမှာ ဆေးလိပ်ကြောင့် သွေးကြော ပိတ်ပြီး ခြေထောက်ဖြတ်ခံရသူ လူနာဦးရေကမိုင်းထိလို့ ခြေထောက်ဖြတ်ပစ်ရသူ ဦးရေထက် ပိုများနေသည်။

 

          အမေရိကန်ပြည်ထောင်စု၏ ဆေးလိပ်သောက်သုံးမှုအခြေအနေကို လေ့လာကြည့်မည်ဆိုလျှင် 1964 ခုနှစ်မှာ အရွယ်ရောက်ပြီးသူ ဆေးလိပ်သောက်သုံးမှုနှုန်းက အမြင့်ဆုံးကို ရောက်လာသည်။ အမေရိကန်ဆယ်ကျော်သက်တွေ ဆေးလိပ်သောက်သုံးမှုကတော့ 1976 ခုနှစ်နောက်ပိုင်းမှ များပြားလာခဲ့သည်ဖြစ်ရာ အမေရိကန်တစ်နိုင်ငံလုံး၏ အရွယ်စုံဆေးလိပ်သောက်သုံးမှုနှုန်းက 1982 ခုနှစ်ရောက်မှ ထိပ်ဆုံးသို့ရောက်လာခဲ့သည်ဟုဆိုရမည်။ အရွယ်စုံ ဆိုတော့ အရွယ်ရောက်ပြီးသူရော၊ 18 နှစ်မပြည့်သေးသည့် ဆယ်ကျော်သက်လေးတွေရော ပါသည်ပေါ့။ 1982 ခုနှစ် အတွင်းမှာ အမေရိကန်ပြည်ထောင်စုအတွင်း ဆေးလိပ်သန်းထောင်ပေါင်း 630 သောက်သုံးခဲ့ကြသည်။ ဘိုးရင်း 747 တစ်စီး ခရီးသည်အပြည့်နှင့် ပျက်ကျသည့်အခါတိုင်း နှစ်စဉ်လေကြောင်းခရီးစဉ်နှင့် ဆက်နွှယ်သည့် သေဆုံးမှုက လူတစ်သိန်းလျှင် 0.0045 ဦးမှ 0.0090 ဦးအထိ တက်လာသည်။ သည်ကနေ့ အမေရိကန်ပြည်ထောင်စုအတွင်း ဆေးလိပ်သောက်သုံးသည့် နှုန်းအတိုင်းဆိုလျှင် ခရီးသည်အပြည့်နှင့် ဘိုးရင်း 747 လေယာဉ်လေးစီး နေ့တိုင်းပျက်ကျနေသလို လူသေဆုံးနိုင်မှုအန္တရာယ်က တိုးတက်နေတာပါ။

 

          1982 ခုနှစ်မှာ အမေရိကန်တစ်နိုင်ငံလုံး၏ ဆေးလိပ်သောက်သုံးမှု အများဆုံးအခြေအနေဖြစ်ခဲ့ပေမယ့် အမေရိကန်နိုင်ငံတွင်း ဆေးလိပ်ထုတ်လုပ်မှုအခြေအနေကတော့ 1997 ခုနှစ်ရောက်မှ ဆေးလိပ် သန်းထောင်ပေါင်း 770 ထုတ်လုပ်ပြီးစံချိန်တင်ခဲ့သည်။ သည်တော့ ပိုနေသည့် ဆေးလိပ်တွေက ပြည်ပပို့ကုန်ဖြစ်ကုန်သည်။ ကိုယ့်နိုင်ငံ သားများ၏ သေဆုံးမှုနငန်းတက်လာရုံမျှမက တိုင်းတစ်ပါးသားများ၏ သေဆုံးမှုနှုန်းကိုပါ တိုးတက်စေဖို့ဖြစ်လာသည်။ ဒါတွေက လွန်ခဲ့သည့် နှစ် 30 ကျော်က ဖြစ်ပျက်ခဲ့တာ။ မျက်မှောက်ကာလမှာတော့ အမေရိကန်နိုင်ငံတွင်း ဆေးလိပ်ကြောင့် သေဆုံးရမှုအခြေအနေ ထိပ်ဆုံးကိုရောက်လာသည့်အချိန်ပါ။ 2014  ခုနှစ်အတွင်း ဆေးလိပ်ကြောင့် အမေရိကန်နိုင်ငံသား 48000 သေဆုံးခဲ့ကြရပြီး အဆိုးဆုံးအနေအထားသို့ ရောက်လာခဲ့ပါသည်။

 

          ဆေးလိပ်ကိုလူတွေ ပိုစွဲလမ်းလာရခြင်းကြောင့် တစ်ချက်ကဆေးလိပ်ပြုလုပ်ရာမှာ ပါ၀င်သည့် သကြားဓာတ် ကြောင့်လည်းဖြစ်သည်။ ယနေ့ ဆေးလိပ်ထဲမှာပါသည့် Tobacco ဆေးရွက်ကြီးတွေထဲမှာ သကြားဓာတ်ပါ၀င်မှုက 15-20% အထိရှိနေသည်။ သကြားဓာတ်ပိုများတော့ ပိုပြီးရှူရှိုက်လို့ကောင်းသည်။ ၁၉ ရာစုနှစ်မတိုင်မီက ဆေးလိပ်ပြုလုပ်မည့့် ဆေးရွက်ကြီးတွေကို လေနှင့်သာ အခြောက်ခံကြသဖြင့် ဆေးရွက်ကြီးမှာပါ၀င်သော သကြားဓာတ်က 27 ရာခိုင်နှုန်းလောက်ပဲကျန်သည်။ နောက်ပိုင်း သကြားဓာတ်ကိုပိုထိန်းထားနိုင်လာသည်။ အချိုဓာတ်ကဲလာသဖြင့် ဆေးလိပ်ငွေ့စုပ်ယူနိုင်စွမ်းပမာဏက တင်းနစ်ဘောလုံးတစ်လုံးစာလောက်ရှိသည့်နေရာမှာ အဆုတ်ကြီးနှစ်ဘက်လုံး ၏ ဆေးလိပ်ငွေ့စုပ်ယူနိုင်သည့် ပမာဏမှာ တင်နစ်ကွင်းတစ်ခုစာလောက်ကျယ်ပြန့်နေပါသည်။ ဒီတော့ ဆေးလိပ်ငွေကို ရှူရှိုက်လေလေ၊ အဆုတ်ကင်ဆာတွေ ပိုဖြစ်လေလေပေါ့။

 

          သကြားဓာတ်ပိုများသည့် ဆေးရွက်ကြီးဖြင့် ပြုလုပ်ထားသော ဆေးလိပ်တွေ၊ 20 ရာစုအစောပိုင်းတုန်းက ဆေးလိပ်ကြောင့် ကင်ဆာဖြစ်ရခြင်းသည် ဆေးလိပ်ငွေ့များနှင့် ဓာတ်မတည့်မှု၊ လှုံ့ဆော်မှုများကြောင့် ဖြစ်ရသည်ဟု ထင်ခဲ့ကြသည်။ သည်တော့ ဆေးလိပ်တွေကိုမပြင်းအောင်၊ ပိုပြီးချို၊ ပိုပြီးပျော့ပျောင်းသည့် ဆေးလိပ်တွေကို အပြိုင် အဆိုင်ထုတ်လုပ်ခဲ့ကြတာပါ။ “Mild” ဟု ခေါ်သည့် ဆေးလိပ်တွေပေါ့။ ဒီလိုနှင့် စီးကရက်တွေ ပေါ်ပေါက်လာခဲ့တာပါ။ နောက်ပိုင်းမှာ တီဗီ၊ ရေဒီယိုနှင့် ဆိုင်းဘုတ်ကြီးတွေထောင်ပြီး စီးကရက်တွေကို အများအပြားကြေညာ၊ ထုတ်လုပ် လာလိုက်ကြသည်မှာ စီးကရက်သည် ဆေးရွက်ကြီးရှူရှိုက်ဖို့ အကောင်းဆုံးနှင့် အများဆုံးသော ကြားခံပစ္စည်းဖြစ်လာ ခဲ့ပါသည်။ 1950 ပြည့်လွန်နှစ်များအတွင်းမှာ အမေရိကန် ဆရာ၀န်များ၏ 60 ရာခိုင်နှုန်းက စီးကရက်သောက်နေကြသည်။ နာဆာမှာ အာကာသထဲပျံတက်ဖို့ လေ့ကျင့်နေကြသည် အာကာသယာဉ်မှူး ခုနှစ်ဦးမှာ လေးဦးက စီးကရက်သမားတွေဖြစ်ခဲ့သည်။ နောက်ပိုင်းမှာမှ အဆုတ်ကင်ဆာဟူသည် ဆေးလိပ်အပျော့စား၊ အပြင်းစားနှင့်မဆိုင်၊ ဆဲလ်ကလာပ်စည်းတွေ ထဲမှာပါ၀င်သည့် ဒီအင်အေမျိုးဗီဇတွေ မူမမှန်ရာမှ ကင်ဆာဖြစ်လာရသည်ဟု သိရှိလာခဲ့ကြသည်။

 

          1950 ပြည့်လွန်နှစ်များ အတွင်းမှာကိုပဲ စီးကရက်နှင့် ပတ်သက်သည့် အပြောင်းအလဲတွေ အများကြီးဖြစ်ခဲ့ သည်။ 1955 ခုနှစ် ၀န်းကျင်မှာ ဆေးလိပ်သည် ကင်ဆာဖြစ်စေသည်ဟူသော သိပ္ပံနည်းကျတွေကရှိချက်တွေပေါ် ထွက်လာခဲ့သည်။ ထိုတွေ့ရှိချက်ကိုတုံ့ပြန်ဖို့ ဆေးလိပ်ထုတ်လုပ်သူများက တခြားသောသိပ္ပံပညာရှင်တွေကို ငွေပုံအောပေးပြီးသုတေသနအသစ်တွေ ထပ်လုပ်ခိုင်းသည်။ ဗိုင်းရပ်စ်ပိုးများ၊ စိတ်ဖိစီးမှုများ၊ လေထု ညစ်ညမ်းမှု၊ လုပ်ငန်းခွင် ဘေးထွက်ဆိုးကျိုးစသည်များက အဆုတ်ကင်ဆာနှင့် ပိုဆက်နွှယ်နေကြောင်း သုတေသနပြုလုပ်နိုင်ဖို့ပါ။ ရည်ရွယ်ချက်ကတော့ ဆေးလိပ်နှင့်အဆုတ်ကင်ဆာ ဆက်စပ်မှုကိုမှေးမှိန်သွားစေဖို့ပါ။

 

          1964 ခုနှစ်မှာ အမေရိကန်ကျန်းမာရေးဌာနမှ စီးကရက်သည် အဆုတ်ကင်ဆာဖြစ်စေကြောင်း ထုတ်ပြန်ချက်ကို တားမြစ်နိုင်ဖို့၊ 1971 ခုနှစ်မှာ စီးကရက်ကြောငြာများပိတ်ပင်သည့် ဥပဒေမထွက်လာနိုင်အောင် တားဆီးဖို့ အမေရိကန်ဆေးလိပ်ထုတ်လုပ်သူများသည် အမေရိကန်ဆရာ၀န် အသင်း (AMA) ကို အမေရိကန်ဒေါ်လာသန်း 20 အောက်မနည်း လာဘ်ထိုးခဲ့သည်ဟု အဆိုရှိသည်။ စီးကရက်၏ မကောင်းကျိုးများကို ကာကွယ်နိုင်သည့် သုတေသနများ ပြုလုပ်ရန်အတွက် နိုဗယ်ဆုရ သိပ္ပံပညာရှင် အနည်းဆုံး 26 ဦးမှာ စီးကရက်ကုမ္ပဏီများထံမှ ငွေကြေးရယူခဲ့သည်ဟု ဆိုပါသည်။

 

          ဗြိတိသျှဆေးပညာ ဂျာနယ်ဆိုလျှင် 1953 ခုနှစ်ကတည်းကစပြီး စီးကရက်ထိန်းချုပ်ရေး အစီအစဉ်များကို စတင်ဖော်ပြခဲ့သည်။ သို့ပေမယ့် ဆေးလိပ်၊ စီးကရက် ထုတ်လုပ်သူများက ငွေအရင်းအနှီးအားကောင်းသည်။ အမေရိကန်နိုင်ငံရေး အသိုင်းအ၀ိုင်းထဲအထိ ခြေဆန့်ပြီး ဥပဒေပြုမည့်သူများကို ထိန်းချုပ်ထားနိုင်သည်။ အတော့်ကို ရှုပ်ထွေးပွေလီသည့် စီးပွားကုန်ထုတ်လုပ်ငန်းကြီးတစ်ခုဖြစ်ပါသည်။ ယနေ့အချိန်အထိ ငွေကြေးရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများထဲမှာ အကျိုးအမြတ်အရဆုံးက စီးကရက်ထုတ်လုပ်မှုလုပ်ငန်းဖြစ်နေဆဲပါ။ 1900 ပြည့်နှစ်မှာ စီးကရက်လုပ်ငန်းထဲ အမေရိကန်တစ်ဒေါ်လာ မြုပ်နှံထားခဲ့ပါလျှင် 2010 ပြည့်နှစ်မှာအဆိုပါ တစ်ဒေါ်လာက 6.28 သန်း တန်နေပါပြီ။ ယနေ့အချိန်ထိလည်း စီးကရက်ကုန်ထုတ်လုပ်ငန်းထဲမှာ အရင်းအနှီးထည့်၀င်ငွေတွေက တိုးတက်စည်ပင်နေတုန်း။

 

          ဆေးလိပ်၊ ဆေးရွက်ကြီးနှင့် စီးကရက်များကို ထိန်းချုပ်နိုင်ဖို့က အမေရိကန်ပြည်ထောင်စုလိုနေရာ မျိုးမှာတောင် သည်လိုအခက်အခဲတွေရှိနေပါသည်။ သက်ဆိုင်ရာအစိုးရများအနေဖြင့် အမြင်ကျယ်ပြန့်စွာဖြင့် စီးကရက်ကုမ္ပဏီများ၏ ဘက်ပေါင်းစုံမှ စည်းရုံးသိမ်းသွင်းမှုများကို ကြံ့ကြံ့ခံပြီး မိမိနိုင်ငံသားများ၏ နောင်နှစ်သုံးဆယ် အသက်ရှင်ရေးအတွက် ပြတ်သားနိုင်ကြဖို့ လိုအပ်ပါသည်။

Ref: The cigarette catastrophe continues by Robert N Proctor

 

 

 

Credit to

ဒေါက်တာလွှမ်းမိုးဟန်

Health Digest Journal (Vol. 12, No. 34)