/
node/3482

သင်လေဖြတ်နိုင်လား၊ နှလုံးသွေးကြောပိတ်နိုင်လား

Category
ဆရာ၀န်ကြီးများ ၏ ဆောင်းပါးများ

        မြန်မာတချို့ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေးတို့နှင့် ပတ်သက်ပြီး ဗေဒင်မေးလေ့ရှိကြသည်။ ကျန်းမာရေးကောင်း၊ မကောင်း၊ ဘယ်အရွယ်၊ ဘာရောဂါရနိုင်လဲစသည်ဖြင့် ၊ ဗေဒင်ဆရာကလည်း ဘယ်အရွယ်၊ ဘယ်အချိန်၊ ဘာရောဂါရနိုင်သည်၊ ဘယ်လိုဆင်ခြင်၊ ဘာယတြာလုပ်စသည်ဖြင့် ဟောကြသည်။ တချို့က နှလုံး၊  လေ စသည်ဖြင့် အမည်တပ်ဟောကြသည်။ ဆရာမှန်နှင့်တွေ့လျှင်တော့ တော်သေးသည်။ အန္တရာယ်ကိုကြိုသိ၊ ကြိုတင်စီမံကာကွယ်လို့ရသည်ပေါ့။ ဆရာညာနှင့်ဆိုလျှင်တော့လွဲပြီ။ တလွဲဆိုတော့ တစ်ခါတစ်ရံ မလိုအပ်ဘဲ အစိုးရိမ်ပို၊ ဘာမှစိုးရိမ်စရာမလို၊ အားလုံးကောင်းတယ်ပြောတော့ ခပ်ပေါ့ပေါ့။ ပြီးတော ယတြာ၊ တချို့ဗေဒင်ဆရာ က ခင်ဗျားနှလုံး၊ လေဖြတ် ဘယ်အရွယ်မှာဖြစ်နိုင်တယ်၊ ကန်တော့ပွဲထိုး၊ ဒီအရွက်ဆောင်၊ ဒီအပင်စိုက်၊ ငါးသက်စေ့လွှတ်။ ဒီလိုအလှူလုပ်စသည့် ယတြာများပေးလေ့ရှိသည်။ ဆရာမှန်တို့၏ ယတြာကတော့ အကျိုးရှိ လိမ့်မည်ဟုထင်သည်။ သို့ပေမယ့် ဗေဒင်ဆရာက နှလုံးသွေးကြောပိတ်၊ လေဖြတ်မဖြစ်အောင် ကျန်းမာရေးနှင့် ညီညွတ်သည့်နေထိုင်စားသောက်မှု ယတြာကိုတော့ပေးလိမ့်မည်မထင်။

 

          အမှန်တကယ်တော့ လူတစ်ယောက်နှလုံးသွေးကြောပိတ်နိုင်လား၊ လေဖြတ်နိုင်လား၊ နှလုံးလေဖြတ် အန္တရာယ်ရှိလားဟု ကြိုတင်သိနိုင်၊ ခန့်မှန်းနိုင်သည့်နည်းရှိသည်။ တိတိကျကျ မဟုတ်သည့်တိုင် တော်တော် တန်တန်မှန်သည်။ သိပ္ပံနည်းကျသည်။ နှလုံး၊ လေဖြတ်ဖြစ်နိုင်သည့်အန္တရာယ်ရှိလျှင်လည်း ယတြာကောင်း ကောင်း၊ အဆောင်ကောင်းကောင်းရှိသည်။

 

        တစ်နေ့က ရုရှားကပြန်လာသော အစိုးရ၀န်ထမ်းတစ်ယောက် ဟိုမှာသွေးတိုးသဖြင့် ဆရာ၀န်သွားပြရာ ဆရာ၀န်က လိုအပ်သလို စမ်းသပ်စစ်ဆေးမှုလုပ်သည်ဟုဆိုသည်။ လူက ခပ်၀၀၊ သွေးပေါင်ချိန်က တော်တော်မြင့်၊ ဆေးလိပ်မသောက်၊ အရက်တော့သောက်သည်။ အဲဒီနောက် သူ့ကိုဆရာ၀န်က ခင်ဗျား၊ နှလုံးသွေး ကြောပိတ်၊ လေဖြတ်နိုင်သည့်အန္တရာယ်များတယ်ဟု ပြောလိုက်သည်။ ဒီတော့ လူနာက ခပ်လန့်လန့်ဖြစ်သွားပြီး မြန်မာပြည်ပြန်ရောက်တော့ ရုရှားဆရာ၀န်အပြောမှန်၊ မှန်စာရေးသူကို လာမေးသည်။ အမှန်တကယ်တော့ စာရေး သူတို့လည်းသွေးတိုး၊ သွေးချို၊ အ၀လွန် လူနာတစ်ယောက်လာတိုင်း ထိုလူနာနှလုံးသွေးကြောပိတ်၊ လေဖြတ်ဖြစ်နိုင်ခြေကို အကြမ်းဖျင်းတွက်ပြီးရှင်းပြလေ့ရှိသည်။ သို့မှသာ လူနာက အန္တရာယ်အမှန်ကို သိ၊ ပိုသတိရှိ၊ လိုအပ် သလို ပြုပြင်၊ နေထိုင်၊ ဆင်ခြင်နိုင်မည်ဖြစ်သည်။

 

        လူနာတစ်ယောက်လာသည်နှင့် ကျား၊ မ၊ အသက်အရွယ်၊ ခန္ဓာကိုယ်၀ဖြိုးမှု၊ သွေးတိုး ရှိ၊ မရှိ၊ သွေးချိုရှိ၊ မရှိ ဆေးလိပ်သောက်၊ မသောက်စသည်တို့ကို စမ်းသပ်ရန်မလို လူနာကိုကြည့်ရုံ၊ မေးရုံနှင့်သိနိုင်သည်။ ဓာတ်ခွဲစမ်းသပ်မှုမလို၊ ယင်းအချက်လေး၊ ငါးချက်ကိုသုံးပြီး ယင်းလူနာလေဖြတ်နိုင်လား၊ နှလုံးသွေးကြော ပိတ်နိုင်လားဟု အကြမ်းဖျင်းတွက်နိုင်သည်။ လူနာကို အသေအချာစမ်းသပ်၊ လိုအပ်သည့်ဓာတ်ခွဲစမ်းသပ်မှုများ လုပ်ပြီးချိန်တွင်တော့ ပိုတိကျသောအဖြေကို ထုတ်နိုင်သည်။

 

        ခန္ဓာကိုယ်၀ဖြိုးမှုပမာဏ အနည်းအများ၊ နည်းနည်း၀လား၊ များများ၀လား၊ အလွန်အကျွံ၀လားစသည်တို့ကို တိတိကျကျသိနိုင်ရန် ခန္ဓာကိုယ်အလေးချိန်နှင့် အရပ်အမောင်းကို အခြေခံပြီး တွက်ချက်သည့် ခန္ဓာကိုယ်၀ဖြိးမှု ညွှန်းကိန်း (ဘီအမ်အိုင်) (BMI)ကိုသုံးသည်။ သွေးပေါင်ချိန်တိုင်းတော့ သာမန်သွေးပေါင်းချိန်လား၊ အလွန်မြင့်သည့် သွေးတိုးလားဟု သိနိုင်သည်။ အပေါ်သွေး၊ အောက်သွေးတို့၏ မြင့်တက်မှု ပမာဏကိုလည်း နှလုံး၊ လေဖြတ် ဖြစ်နိုင်ခြေတွက်ရာတွင်သုံးသည်။ အပေါ်သွေး၊ အောက်သွေးမြင့်လေ၊ အန္တရယ်ကြီးလေဟုဆိုနိုင်သည်။

 

        ထို့နောက် သွေးချိုနှင့်သွေးတွင်းအဆီပမာဏ၊ သွေးချို ရှိ၊ မရှိ အပြင်သွေးချိုပမာဏ မြင့်လေ၊ နှလုံး လေဖြတ်ရန်အန္တရာယ်များလေဖြစ်သကဲ့သို့ သွေးတွင်းရှိ မကောင်းသောအဆီ (L.D.L)များလေလေ၊ ကောင်းသောအဆီ (HDL) နည်းလေလေ အန္တရာယ်များလေဖြစ်သည်။ ကျား၊ မ၊ အသက်အရွယ်၊ ဆေးလိပ်သောက်၊ မသောက်၊ BMI, သွေးချို ရှိ၊ မရှိ၊ အပေါ်သွေး အောက်သွေး ပမာဏ၊ သွေးတွင်းအဆီ (LDL နှင့် HDL)တို့၏ ပမာဏ၊ ယင်းအချက်များ စုံလျှင်တော့ ပိုမိုတိကျသောနှလုံးသွေးကြောပိတ်၊ လေဖြတ်အန္တရာယ်အကြီးအသေးကို တွက်နိုင်ပြီဖြစ်သည်။ နှလုံး၊ လေဖြတ်ဖြစ်နိုင်ခြေတွက်နည်းမျိုးစုံရှိရာ များသောအားဖြင့် အထက်ပါအချက်များကိုသာ အခြေခံကြသည်။ ယင်းရောဂါများ တစ်ခုစီ၏ အန္တရာယ်၊ ယင်းတစ်ခုစီ၏ ဆိုးရွားမှုပေါ် အမှတ်အနည်းအများပေးကြပြီး ယင်းအမှတ်များကိုပေါင်းကြခြင်းဖြစ်သည်။

 

        နှလုံးသွေးကြောပိတ်၊ လေဖြတ်အန္တရာယ်ကို နည်း၊ များ၊ အလယ်အလတ်ဟု အဖြေထုတ်ပေးသည်။ နည်း ဆိုသည်မှာ နောင်ဆယ်နှစ်အတွင်း နှလုံးသွေးကြောပိတ်၊ လေဖြတ်နိုင်သည့် အန္တရာယ် 15 ရာခိုင်နှုန်းအောက်ဟု ဆိုလိုသည်။ များ ဆိုသည်မှာ 20 ရာခိုင်နှုန်းအထက်၊ အလယ်အလတ်ဆိုသည်မှာ 15 နှင့် 20 ရာခိုင်နှုန်းကြားကို ဆိုလိုသည်။ 30 ထက်များလျှင် အန္တရာယ်အလွန်များဟုလည်း သတ်မှတ်သည်။  စာရေးသူကတော့ သွေးချို၊ သွေးတိုးလူနာတစ်ယောက်လာလျှင် အချက်အလက်အားလုံးကို များသောအားဖြင့် စိတ်တွက်တွက်ပြီး ဖြစ်နေတတ်သည်။ ရာခိုင်နှုန်းမည်ရွေ့မည်မျှဟုမပြောသော်လည်း နည်း၊ များ အလယ်အလတ်ဟူ၍တော့ ရှင်းပြလေ့ရှိသည်။

 

        ဆေးလိပ်သောက်သည်ဆိုရုံထက် သောက်သည့်ဆေးလိပ်၊ စိီးကရက်အမျိုးအစား၊ အရေအတွက်၊ သောက်သည့်နှစ်၊ ကြာမြင့်မှုတို့ကိုပါ ထည့်တွက်လျှင် ဖြစ်နိုင်ခြေ နည်း၊ များ၊ အလယ်အလတ်ဆိုသည်ထက်ပိုပြီး အသေးစိတ်ဦးမည်။ ကွာခြားဦးမည်ဖြစ်သည်။ ထို့အတူ သွေးတိုးလူနာသွေးပေါင်းချိန်အနည်းအများနည်းတူ၊ သွေးပေါင်ချိန် စံချိန်မီ ထိန်းထား၊ မထား၊ သွေးချိုလူနာတွင် သွေးတွင်သကြားဓာတ်စံချိန်မီ ထိန်းထားနိုင်ခြင်း ရှိ၊ မရှိ စသည်တို့ကလည်း နှလုံး၊ လေဖြတ်ဖြစ်နိုင်ခြေ အနည်းအများကိုထပ်ပြီး အသေးစိတ်ညွှန်းသည့်သဘော ရှိသည်။ သွေးချိုရှိသည်ချင်းအတူတူ သွေးချိုကို ဖြစ်သလိုထားသူထက် သွေးချိုကို ဂရုတစိုက်စံချိန်မီထိန်းသူက အန္တရာယ်ပိုနည်းမည့်သဘောဖြစ်သည်။

 

       ဗေဒင်ဆရာက ဒီယတြာလုပ်၊ ဒီအဆောင်ဆောင်ဟုသာ မှာလေ့ရှိကြသော် လည်း နှလုံး၊ လေဖြတ် ဖြစ်နိုင်ခြေတွက်နည်းဖြင့် တွက်ထားသူအတွက် အကောင်းဆုံးယတြာမှာ ကျန်းမာရေးနှင့်ညီညွတ်သော နေထိုင်မှု စားသောက်မှုပုံစံပင်ဖြစ်သည်။ ဖြစ်နိုင်ခြေအလားအလာများသော လူနာအတွက် ပိုသတိထား၊ ပိုဆင်ခြင်၊ ကျန်းမာရေးနှင့် ညီညွတ်အောင် နေထိုင်စားသောက်၊ မိမိတွင်ရှိသည့် သွေးတိုး၊ သွေးချို၊ အဆီများစသည်တို့ကို ပိုပြီးစံချိန်မီအောင် ထိန်းခြင်းဖြင့်ရှိနေသည့်ဖြစ်နိုင်ခြေ အန္တရာယ်ကို လျော့ချပေးနိုင်မည်ဖြစ်သည်။

 

        အမှန်တကယ်တော့ ဗေဒင်မေးရန်မလို၊ ဆရာ၀န်ပြပြီး သချၤာနည်းနှင့်တွက်ရန်ပင်မလို။ မိမိတွင်ရှိသည့် သွေးတိုး၊ သွေးချို၊ သွေးတွင်းအဆီများ၊ ဆေးလိပ်၊ ၀ဖြိုးမှုစသည့်ရောဂါနှင့်အခြေအနေများ မည်မျှရှိသနည်း၊  ဘယ်နှစ်မျိုးရှိသနည်း၊ မည်မျှကျန်းမာရေးနှင့်မညီညွတ်သော နေထိုင်စားသောက်မှု ပုံစံပြုမူကျင့်ကြံသနည်း စသည်တို့ကို မိမိဘာသာ သိ၊ မိမိဘာသာဖြစ်နိုင်ခြေ အန္တရာယ်ကို မှန်းဆနိုင်သည်။ မိမိတွင်ရောဂါစုံလေ၊ ရောဂါအားလုံးကို ဂရုမစိုက်ခပ်ပေါ့ပေါ့ထားလေ၊ ရောဂါများကို စံချိန်မီ မထိန်းလေ၊ ကျန်းမာရေးနှင့် မညီညွတ်သော အမူအကျင့်များလေလေ အန္တရာယ်များလေလေဟု သိနိုင်သည်။ ယင်းသို့ သိပြီးနောက်တွင်တော့ ဗေဒင်ဆရာထံမှ ယတြာမလို၊ အဆောင်မလို၊ မိမိ၏နှလုံးလေဖြတ်အန္တရာယ်ကို မိမိဘာသာပြဌာန်းနိုင်မည်ဖြစ်ပါသည်။

 

 

Credit; ပါမောက္ခနေ၀င်း (ဆေးပညာ)

Health Digest Journal