/
node/3495

မွေးရာပါ ခြေခွင်ရောဂါ (CTVE) Congenital Talipes Equinovalgus

Category
ဆရာ၀န်ကြီးများ ၏ ဆောင်းပါးများ

        ကျွန်တော်၏ ဆေးခန်းသို့ 4 နှစ်အရွယ် အမွှာညီအစ်ကို နှစ်ဦးရောက်ရှိလာပါသည်။ ကလေး 2 ဦး၏ မိခင်သည် လူနာရှင်းချိန်ကို စောင့်နေပါသည်။ လူနာရှင်းမှသာ၊ အမွှာကလေး 2 ဦးအနက် ညီဖြစ်သူအကြောင်းကိုပြောပြပါသည်။ ကလေးသည် မွေးရာပါခြေခွင်နေ၍ အကြံဉာဏ် လာတောင်းခြင်းဖြစ်ပါသည်။ ကျွန်တော်သည် ကလေး၏ မိခင်အား ရောဂါရာဇ၀င်မေးကြည့်ပါသည်။ အမွှာကလေး နှစ်ဦးအား အထူးကုဆေးခန်းတစ်ခန်းတွင် မွေးပါသည်။ ကလေးနှစ်ဦးစလုံး အင်္ဂါစုံလင်စွာမွေး၍ပျော်ရွှင်ခဲ့ပါသည်။ သို့ရာတွင် အငယ်ဖြစ်သူ သားလေး၏ ခြေထောက်နှစ်ဘက်စလုံးတွင် ခွင်နေပါသည်။ အရိုးအကြောနှင့် ထိခိုက်ဒဏ်ရာအထူကုဆရာ၀န်ကြီးတစ်ဦးဦးနှင့် ချက်ချင်း ပြသရန် လိုအပ်ကြောင်း အကြံပြုပါသည်။ ကလေးနှစ်ဦးအား နှိုင်းယှဉ်ကြည့်ပါက သားငယ်လေးသည် နည်းနည်းခွင်နေသည်ကို သတိထားမိကြောင်း ပြောပါသည်။ အရိုးအကြောနှင့် ထိခိုက်ဒစ်ရာ အထူးကုဆရာ၀န်ကြီးအား လျင်မြန်စွာပြချင် သော်လည်း၊ မိဘနှင့် ယောက္ခမများ၏ အမိန့်ကို မလွန်ဆန်နိုင်၍ မပြခဲ့ပါ။ ဆေးရုံဆင်းချိန် နီးစပ်ရာ ဆေးခန်းဆရာ၀န် နှင့်ပြသသော်လည်း မွေးစတွင် စောသေးပြီး ငယ်လွန်း၍ ကုသ၍မရကြောင်းပြောပါသည်။ နောက်တစ်လတွင် ပို၍ ခွင်လာ၍ ထိုဆရာ၀န်အားထပ်ပြသော်လည်း မထူးခြားပါ။ မိသားစု ဆရာ၀န်သဖွယ်ဖြစ်နေ၍ ယုံကြည်ကာ ပြသော် လည်းအထူးကုဆရာ၀န်ကြီးများထံ မလွှဲပါ။ ကလေးသည် မွေးစ၊ တစ်လ၊ သုံးလ၊ ခြောက်လသားမှ တစ်နှစ်၊ နှစ်နှစ်၊ သံးနှစ်မှ ယခုထိ အရိုးအကြောနှင့် ထိခိုက်ဒဏ်ရာ အထူးကုဆရာ၀န်ကြီးများထံမပြမိကြောင်းပြောပါသည်။ ကျွန်တော် သည် ထိုကလေးအား လမ်းလျှောက်ခိုင်းကြည့်ပါသည်။ ခြေထောက်နှစ်ဘက်စလုံးသည် တော်တော်လေးဆိုးဝါးစွာ ခွင်နေပါသည်။ “ဘဲသွားသွားသကဲ့သို့ ယက်ကန်ယက်ကန်” ဖြစ်နေပါသည်။ ကလေးအား မွေးကင်းစကတည်းက အရိုးအကြောဆရာ၀န်ကြီးများနှင့် ပြသပါကအခြေအနေသည် ယခုလောက်ထိ မဆိုးနိုင်ကြောင်းနှင့် ခွဲစရာလည်းလို ချင်မှလိုလိမ်မည်ဖြစ်ကြောင်း ရှင်းပြလိုက်ပါသည်။ ယခုလည်း ကလေး၏ ဘ၀တစ်လျှောက်လုံး ကောင်းသွားစေရန် အရိုးအကြောနှင့် ထိခိုက်ဒဏ်ရာ အထူးကုဆရာ၀န်ကြီးအား ပြသရန်နှင့် လိုအပ်ရင် ခွဲမည်ဆိုပါက ခွဲရန်လွှဲစာလေးကို ရေးပေးလိုက်ပါသည်။

          နောက်နှစ်ပတ်တွင် ထိုအမွှာပူးကလေး၏ မိခင်ရောက်ရှိလာပါသည်။ သူမ၏ သားငယ်ကလေးအား ခွဲစိတ်ရာ တွင် အောင်မြင်ကြောင်းနှင့် ကျွန်တော့်အားကျေးဇူးတင်ကြောင်းလာပြောခြင်းဖြစ်ပါသည်။ ထိုမိခင်၏ နောက်တွင် ဦးထုပ်ကလေး ကိုယ်စီနှင့် မိခင်နှစ်ဦးသည် ကလေးများကိုထွေးပိုက်ထားသည်ကို တွေ့ရှိရ၍ မေးကြည့်မိပါသည်။

          အမွှာပူးကလေး၏ မိခင်သည် သူမ၏သားငယ်ကလေးလို မဖြစ်ရအောင်၊ ခြေခွင်နေသော အလားတူကလေး နှစ်ဦးကို ပြသရန် ခေါ်လာခြင်းဖြစ်ကြောင်းပြောပါသည်။ ပထမကလေးသည် သငေ်္ဘာသားတစ်ဦး၏ သားငယ်ကလေး ဖြစ်ပြီး၊ ညာဘက်ခြေထေက်သည်ခွင်နေကာ လေးကိုင်းသဖွယ်ဖြစ်ချင်နေပါသည်။ ဒုတိယကလေးသည် လွန်စွာဆင်း ရဲသော မိသားစုမှဖြစ်ပြီး၊ ခြေထောက်နှစ်ဘက်စလုံးခွင်နေပါသည်။ ထိုကလေး 1 ဦးအား အရိုးအကြောအထူးကု ဆရာ၀န်ကြီးထံ လွှဲစာရေးပေးလိုက်ပါသည်။ မွေးကင်းစတွင် ပြသခြင်းသည် ပို၍ကောင်းမွန်ကြောင်းရှင်းပြလိုက်ပါသည်။ ကျွန်တော်လည်း ထိုကလေး 3 ဦးတွင် ဖြစ်ပေါ်ခံစားနေသော မွေးရာပါခြေခွင်ရောဂါအကြောင်းကို သိရှိစေရန် ဆန္ဒjပင်းပြ၍ ပညာပေးရေးသားအပ်ပါသည်။

 

(1)  ခြေထောက်ခွင်ခြင်းဖြစ်ပွားမှု

        ကျွန်တော်တို့ နိုင်ငံတွင် ခြေထောက်ခွင်သော ကလေးများစွာရှိပါသည်။ ခြေထောက်ခွင်ခြင်း သည် မွေးရာပါဖြစ်ပါသည်။ ခြေထောက်ခွင်သော ကလေးသည် သာမန်ကလေးနှင့်နှိုင်းယှဉ်ပါ က ပြေးခြင်း၊ ဆော့ကစားခြင်း မပြုလုပ်နိုင်ပါ။ ငယ်စဉ်က သိသာထင်ရှားမှု မရှိသော်လည်း၊ တတ်သိနားလည်သော အရွယ်တွင် အခြားကလေးများ၏ စနောက်ခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်လာပါသည်။ ကျောင်းတက်ရာတွင် လည်း အနှောင့်အယှက်ဖြစ်စေပါသည်။ ခြေထောက်တွင် ပုံပျက်ခြင်း Deformity သည် သိသာပြီး ကလေးငယ်တွင် များစွာဒုက္ခရောက်စေပါသည်။

 

(2)  ခြေထောက်ခွင်သောပုံစံများ

        ခြေထောက် (Foot) တွင် ရှေ့ပိုင်း (Fore Foot) အလယ်ပိုင်း (Mid Foot) နှင့် နောက်ပိုင်း (Hind Foot) ဟူ၍ 3 ပိုင်းရှိပါသည်။ Fore Foot ဖြစ်ပါက ခြေထောက်သည် အတွင်းဘက်သို့ ယိုင်ပြီး ခွင်နေတတ်ပါသည်။ Hind Foot သည် ခြေချင်း၀တ်နှင့်တွဲ၍ ပုံပျက်ခြင်းသည် ခြေဖျားထောက်နေရပြီး ခြေဖနောင့်ကြောသည် လွန်စွာသေးနေပါသည်။ အတွင်းဘက် အစိတ်အပိုင်းများ အားလုံးသည် တင်းကျပ်နေပြီး အပြင်ဘက်မှ အစိတ်အပိုင်းများအားလုံးသည် ဆွဲဆန့် သကဲ့သို့ ဖြစ်တတ်ပါသည်။

 

(3)  အရိုးကြီးထွားမှုနှင့် ခြေထောက်ခွင်ခြင်း

         ကလေးများသည် မွေးစမှ အသက် 18 နှစ်အထိ အရိုးမှာ ဆက်လက်ကြီးထွားတတ်ပါသည်။ ပထမပိုင်းတွင် နှေးကွေးသော်လည်း၊ နောက်ပိုင်းတွင် မိန်းကလေးသည် 12 နှစ်၊ ယောကျာ်းကလေးသည် 14 နှစ်မှစ၍ အရပ်သည် ရှည်ထွက်လာပါသည်။ ထိုအချိန်များတွင် ခြေထောက်ခွင်ခြင်းကြောင့် ပုံပျက်မှုသည်ပို၍ ဆိုးဝါးတတ်ပါသည်။

 

(4)  ပုံပျက်ခြင်း Deformity

          ကလေးသည် ခြေခွင်ပါက မွေးကတည်းက Deformity ဖြစ်လာတတ်သည်။ အရိုးနှင့် တစ်သျှူးပျော့များကို ထိခိုက်စေပါသည်။ အရိုးနှင့်တစ်သျှူးပျော့များအားလုံးသည် ပုံမှန်အားဖြင့် ပြိုင်တူကြီးထွားကြပါ သည်။ ခြေခွင်ခြင်းကြောင့် တစ်သျှူးပျော့တွင် ချို့ယွင်းချက်ရှိပါက အရိုးသည် ရှည်ထွက်လာတတ်ပါသည်။ အရိုးကြီးထွားသော်လည်း တစ်သျှူးပျော့များသည် ကြီးထွားမှု မလိုက်နိုင်ပါက Deformity သည် ပို၍ ဆိုးတတ်ပါသည်။ ထို့အပြင် တစ်သျှူးပျော့ မှဆွဲထားခြင်းကြောင့် အရိုးများလည်း ကွေးကောက်ပြီး အရိ်ုးတွင် Deformity ဖြစ်တတ်ပါသည်။

 

(5)  ခြေထောက်ခွင်ခြင်းကို ကုသခြင်း

          ခြေထောက်ခွင်ရာတွင် တစ်သျှူးပျော့စဖြစ်သော အချိန်တွင်စတင်ကုသရပါမည်။ အရိုးထိခိုက်မှု အန္တရာယ်မှ ကာကွယ်နိုင်ပါမည်။ အရိုးထိခိုက်မှ ကုသပါက အရိုးကိုဖြတ်တောက်ခွဲစိတ်မှု လုပ်မှသာပြန်ကောင်းလာပါမည်။ အချိန် မီမကုသပဲထားပါက နောက်ပိုင်းတွင် ပို၍ဆိုးဝါးတတ်ပါသည်။ ကလေးသည် ခြေဖဝါးနှင့် မလျှောက်နိုင်ဘဲ ခြေခုံနှင့်ပဲ လျှောက်ရမည့် အခြေအနေဖြစ်ပါသည်။ ခြေခုံနှင့်လျှောက်ခြင်းသည် ကြာရှည်လာပါက ထိုနေရာတွင် အသားကြီးထူ လာတတ်ပါသည်။ တစ်ခါတစ်ရံ အနာကြီးများဖြစ်လာတတ်ပါသည်။

          ခြေထောက်ခွင်ခြင်းသည် မွေးမွေးချင်းဖြစ်ပါက နည်းနည်းခွင်ခြင်း၊ အသင့်အတင့်ခွင်ခြင်းနှင့် ဆိုးဝါးစွာ ခွင်ခြင်း ဟူ၍ ရှိပါသည်။ နည်းနည်းခွင်ခြင်းသည် သိသာထင်ရှားမှုမရှိပါ။ အသင့်အတင့်ခွင်ခြင်းသည် နည်းနည်းခွင်ကတည်းက အရိုးအကြောဆရာ၀န်များကို မပြသ၍ ပိုဆိုးလာခြင်းဖြစ်ပါသည်။ မွေးကင်းစကတည်းကပြရမည်ကို တစ်နှစ်ကြာမှပြပါက ခွဲရမည့်အနေအထားဖြစ်သွားနိုင်ပါသည်။ အသင့်အတင့် ခွင်ချိန်၌ ခွဲစိတ်မှု အနည်းအကျဉ်းသာပြုလုပ်ပြီး တစ်ပတ်တစ်ခါ ကလေးအားပြန်ခေါ်ပြကာ ခြေထောက်ကလေးကိုဆွဲထည့်ပြီး လွှတ်လိုကု်လို့ပြန်ကောက်သွား တတ်ပါက ကျောက်ပတ်တီးနှင့်ပြုပြင်ရပါသည်။

          ခြေထောက်သည် ဆိုးဝါးစွာခွင်နေပါက လျစ်လျူရှု၊ ပြစ်ထားခြင်းမပြုလုပ်ဘဲ၊ တတ်ကျွမ်းသော အရိုးအကြော ဆရာ၀န်ကိုလျင်မြန်စွာ ပြသရပါမည်။ ပြသမှု နောက်ကျလေ၊ ပို၍ ဆိုးဝါးလေဖြစ်ပါသည်။ ပထမပိုင်းတွင် မခွဲမစိတ်ဘဲ စမ်းသပ်စစ်ဆေးမှုများပြုလုပ်ရပါမည်။ ထို့နောက် အရိုးခွဲစိတ်ဆရာ၀န်နှင့် မေ့ဆေးဆရာ၀န်တို့ တိုင်ပင်ပြီး ခွဲစိတ်ရပါမည်။ ကလေး၏ အရွယ်အစားနှင့် အကြောကလေးများ၏ အရွယ်ကိုလည်း စဉ်းစားရပါမည်။ သင့်တော်သော အရွယ်အစားနှင့်ခွဲစိတ်နိုင်မည့် အနေအထားဖြစ်ပါက ခွဲစိတ်နိုင်ပါသည်။ ခန္ဓာကိုယ်ထွားကြိုင်းသောတစ်လ၊ နှစ်လသား ကလေးများလည်း ပြုလုပ်နိုင်ပါသည်။

 

(6)   အကြံပြုချက်

          ခြေထောက်ခွင်ခြင်းကို မွေးမွေးချင်း အစောကြီးကတည်းက ကုသမှုရရှိရန်အတွက် တတ်ကျွမ်းသော အရိုး အကြောခွဲစိတ်ဆရာ၀န်ကြီးများနှင့် မဆိုင်းမတွပဲ ပြသရပါမည်။ မွေးကင်းစဆိုရင် ခြေထောက်ခွင်ခြင်းကို ကုသ၍ မကောင်းဘူးဆိုသော အတွေးများကိုဖျောက်ပစ်ရပါမည်။ မွေးကင်းစတွင် ချက်ချင်းပြ၊ ချက်ချင်းကုသမှု ပြုလုပ်ပါက ကလေး၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာကို မထိခိုက်ပဲ ကျန်းမာပျော်ရွှင်သော ဘ၀ကို ပိုင်ဆိုင်ခွင့် ရနိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် ကျန်းမာရေး၀န်ထမ်း၊ သားဖွားဆရာမ၊ ဆရာ၀န်များမှလည်း မိမိတို့မွေးရာတွင် တွေ့ရှိရသော ခြေခွင်ကလေးများကို အရိုးအကြော အထူးကုဆရာ၀န်များထံ အချိန်မီပို့ဆောင်ကုသရပါမည်။ ပြည်သူများ (ကလေးမိဘများ) မှလည်း ညွှန်ကြားချက်ကို အပြည့်အ၀လိုက်နာသင့်ကြောင်း အကြံပြုအပ်ပါသည်။

 

 

Credit to

ဒေါက်တာမြင့်သန်းထွန်း

Health Digest Journal

Vol; 13, No; 23, 2-3-2016