ကိုယ်၀န်ဆောင်ချိန်တွင် အကို်က်အခဲပျောက်ဆေးများ သုံးစွဲမှုကို သတိထားသင့်ကြောင်း အမေရိကန် FDA အကြံပြု
ကိုယ်၀န်ဆောင်နေစဉ် အတောအတွင်း အကိုက်အခဲပျောက်ဆေးများ သုံးစွဲမှုနဲ့ပတ်သက်ပြီး အမေရိကန်အစားအသောက်နှင့် ဆေးဝါးကွပ်ကွဲရေးအဖွဲ့ (US FDA) မှ ပြန်လည် သုံးသပ်မှုပြုလုပ်ခဲ့ပါတယ်။
စတီးရွိုက်မပါသော အကိုက်အခဲပျောက်ဆေးများ (NSAID)၊ မူးယစ်စေတတ်တဲ့ အကိိုက်အခဲပျောက်ဆေးများ (Opioid) နဲ့ ပါရာစီတမောလို့ လူသိများတဲ့ Acetaminophen ဆေးဝါးတွေဟာ နာကျင်ကိုက်ခဲမှုေ၀ဒနာကို ကုသတဲ့ ဆေးတွေဖြစ်ပါတယ်။
Ibuprofen, Diclofenac, Celecoxib စတဲ့ NSAID ဆေးဝါးတွေဟာ ကိုယ်၀န်ပျက်ကျနိုင်ခြင်းနဲ့ ဆက်စပ်မှုရှိပါတယ်။ ကိုယ်၀န်ဆောင်မိခင်ဟာ ကိုယ်၀န်ပထမ 3 လအတွင်းမှာ Oxycodone, Hydrocodone, Hydromorphone, Morphine နဲ့ Codeine စတဲ့ Opioid ဆေးဝါးတွေကို သုံးစွဲပါက ကလေးငယ်မှာ ဦးနှောက်၊ ကျောရိုးမကြီး ဒါမှမဟုတ် ကျောရိုးမအတွင်းရှိ အာရုံကြောမကြီးနဲ့ပတ်သက်တဲ့ မွေးရာပါချို့ယွင်းမှုတွေကို ခံစားရနိုင်ပါတယ်။ ကိုယ်၀န်ဆောင် ကာလအတွင်း ပါရာစီတမောအသောက်များတဲ့ ကိုယ်၀န်ဆောင်မိခင်တွေက မွေးဖွားလာတဲ့ကလေးတွေမှာ ADHD လို့ခေါ်တဲ့ အာရုံစူးစိုက်မှုအားနည်းတဲ့ရောဂါကို ခံစားရနိုင်ပါတယ်။
ဒါပေမယ့် တဖက်မှာလည်း ပြင်းထန်တဲ့နာကျင်မှုေ၀ဒနာကို ထိထိရောက်ရောက် မကုသဘဲထားရင် မိခင်လောင်းဟာ စိတ်ဓာတ်ကျခြင်း၊ စိတ်ပူပန်ခြင်းနဲ့ သွေးပေါင်ချိန်မြင့်မားခြင်းတို့ကို ခံစားရနိုင်ပါတယ်။ ယခုအချိန်ထိ ပေါ်ထွက်လာခဲ့တဲ့လေ့လာမှုရလဒ်များအရ ကိုယ်၀န်ဆောင်မိခင်များအတွက် ဘေးထွက် ဆိုးကျိုးအနည်းဆုံးဆေးကို အကြံပြုထောက်ခံဖို့ ခက်ခဲတာကြောင့် ကိုယ်၀န်ဆောင်များအနေနဲ့ အကိုက်အခဲပျောက်ဆေးများ သုံးစွဲလိုပါက နားလည်တတ်ကျွမ်းတဲ့ဆရာ၀န်တွေနဲ့သာ တိုင်ပင်သင့်တယ်လို့ US FDA က ဆိုပါတယ်။
Dr. Htet Htet Aung






























