/
node/3530

နှလုံးသွေးကြောရောဂါ ကာကွယ်ဖို့ ထိုက်ချိလုပ်ကြစို့

Category
ဆရာ၀န်ကြီးများ ၏ ဆောင်းပါးများ
Author
Dr. ဒေါ်ရည်ညွန့်မေ

        အသက် 30 ကျော် 40 ထဲ ၀င်လာပြီဆိုတာနဲ့ သွေးပေါင်ချိန်ဖို့မမေ့ရန် လိုပါတယ်။ ဆယ်ကျော်သက်တုန်းက တလှုပ်လှုပ်နေခဲ့ရသူတွေမှာကယ်လိုရီ လောင်ကျွမ်းမှုကောင်းမွန်ခဲ့ကြ သလို၊ သွေးပေါင်ချိန်လည်း ပုံမှန်ထိန်းနိုင်မှာ ဖြစ်ပါတယ်။ ဒါတောင် မတော်တဆ ကျောက်ကပ်ရောင်ရမ်းခြင်းပြဿနာ  ကြုံခဲ့ရသူတွေဖြစ်ခဲ့ရင် သွေးပေါင်ချိန် (Blood Pressure-BP) ကို မှန်မှန်ချိန်ပေးရန်လိုပါတယ်။ ဒီကြားထဲ အငန်အစားအစာတွေကိုမှ စွဲစွဲလမ်းလမ်း နှစ်သက်သူဖြစ်ခဲ့ရင် (အပေါ့မကြိုက်ခဲ့ရင်) ပိုလို့တောင် စစ်ဆေးရန်လိုပါလိမ့်မယ်။ အိမ်မှာတင် ကိုယ်တိုင်ချိန်နိုင်တဲ့ဒီဂျစ်တယ် သွေးပေါင်ချိန်ကိရိယာတွေလည်း အလွယ်တကူ၀ယ်ယူဆောင်ထားနိုင်ပြီမို့လို့ တစ်အိမ်သားလုံးလည်း ချိန်ပေးနိုင်ပါသေးတယ်။

 

          အသက်ရလာပါက သွေးတိုးရောဂါရှိသူများရော၊ သွေးတိုးရောဂါမရှိသူတွေရော နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးပြဿနာတွေ အချိန်မရွေး၀င်ရောက်လာနိုင်တာမို့ ကြိုတင်ကာကွယ်ထားနိုင်တဲ့ အချက်တွေထဲက အဓိက အချက်နှစ်ချက်မှာ (1) အစားအစာတွေနှင့် (2) ကိုယ်ကာယလေ့ကျင့်ခန်း (Exercise) ပဲဖြစ်ပါတယ်။

 

          ကိုယ်ကာယလေ့ကျင့်ခန်းတွေထဲမှာမှ ထိုက်ချိ (Tai Chi) ခေါ် တရုတ်ရိုးရာ ကိုယ်ကာယလေ့ကျင့်ခန်းများက လူတွေရဲ့ နှလုံးနဲ့သွေးလှည့်ပတ်မှုကို အထူးကာကွယ်ပေးနိုင်ကြောင်း ဖတ်လိုက်ရပါတယ်။ အမေရိကန် နှလုံးကျန်း မာရေးဂျာနယ်မှာ ဖော်ပြထားတဲ့ သုတေသနများစွာအရလည်း တရုတ်ထိုက်ချိရိုးရာ လေ့ကျင့်ခန်းတွေ က သွေးတိုးရောဂါနှင့် လေဖြတ်ရောဂါကို အထူးလျှော့ချကာကွယ် ထားနိုင်တယ်လို့ ထုတ်ပြန်ကြေညာလိုက်ပါပြီ။

 

          အင်းယားကန်ပေါင်ပေါ်မှာရော၊ ကန်တော်ကြီးထဲမှာပါ ထိုက်ချိသင်ရိုးများအား တရုတ်ဆရာကြီးတွေနဲ့ အဖွဲ့ သားတွေ အသင်းအဖွဲ့နဲ့ သက်ကြားပေးနေတာ ဆယ်စုနှစ် 2 ခု၊ 3 ခု မကတော့ပါ။ လူတိုင်းလုပ်နိုင်အောင် တီဗီလို မီဒီယာများက နေ့စဉ်နံနက်ခင်းမှာ၊ ဘီလ်ဘုတ်ကြီးတွေမှာ မပြတ်လှုံ့ဆော်ထုတ်လွှင့်ပေးနိုင်ပါက အတော်ခရီးရောက် လိမ့်မည်လို့ ယူဆပါတယ်။

 

          မလေးရှား၊ စင်ကာပူလို နိုင်ငံတွေမှာတော့ နံနက် 7 နာရီ အလင်းရောင်စရှိတဲ့အချိန်၊ တချို့ကတော့ နံနက် 5 နာရီ၊ 6 နာရီခပ်မှောင်မှောင် အချိန်လေးမှာပဲ မိ်မိတို့အိမ်ပတ်၀န်းကျင် အနီးတစ်၀ိုက်ပန်းခြံ၊ ကွင်းပြင်ကွက်လပ်၊ တောင်ကုန်းကြားစတဲ့ နေရာကျယ်ကျယ်လေးတွေမှာ အဖွဲ့ကိုယ်စီ စုရုံးရောက်ရှိလာကြပြီး စပီကာမှ လွှင့်တဲ့တေးသံ အတိုင်း စုပေါင်းလှုပ်ရှားကစားနေကြတာကို စနေ၊ တနင်္ဂနွေလို နံနက်ခင်းမှာ မြင်တွေ့ခဲ့ရပါတယ်။ အဖွဲ့လိုက် စုပေါင်းလေ့ကျင့်မှုဟာ အပေးအယူမျှတစေခြင်း၊ အသင်းနှင့်စုပေါင်းလှုပ်ရှားရခြင်း၊ မိတ်ဆွေတိုးပွားခြင်း၊ တစ်ဦးနှင့်တစ်ဦး ကူညီရိုင်းပင်းခြင်းစတဲ့ လူမှုရေးစိတ်ဓာတ်နှင့် စည်းကမ်းလိုက်နာမှုတို့ကိုပါ ရရှိတာကိုတွေ့ရပါတယ်။ သူတု့ိတွေ အပြန် မှာစားသောက်ဆိုင်တွေမှာ စုပေါင်းထိုင်စကားပြောကြ သို့မဟုတ် အလုပ်ရှိတဲ့သူက အလုပ်ထဲပြန်ကြ၊ အဘိုးအဘွား အရွယ်တွေက အငြိမ်းစားတွေပီပီ အေးအေးဆေးဆေး အိမ်ပြန်စောင့်ကြတာကို ထိုနိုင်ငံမှာနေခဲ့ရတဲ့ နှစ်တွေအတွင်း မြင်တွေ့ခဲ့ရပါတယ်။

 

          ထိုအချက်တွေကို ကြည့်ခြင်းဖြင့် လူတွေဟာ စုပေါင်းနေထိုင်ကြရတဲ့အခါပို၍ ရင်းနှီးခင်မင်လာသလို၊ ပေါင်းသင်းဆက်ဆံရေးမှာလည်း အဆင်ပြေတဲ့အတွက် အထီးမကျန်စေသလို၊ ဘ၀အရည်အသွေး ပိုမိုကောင်းမွန် လာတဲ့အတွက် ပိုကျန်းမာပျော်ရွှင်ကြကြောင်း သက်သေပြနိုင်တာဖြစ်ပါတယ်။ ထိုသို့ ကိုယ်ကာယလေ့ကျင့်ခန်း လုပ်ခြင်းကို 21 ရက်တိတိ နေ့စဉ် စွဲမြဲစွာ လုပ်ဆောင်ပေးရင် နောက်နေ့တွေမှာ မလုပ်ရမနေနိုင်ဖြစ်လာပါတော့တယ်။ လူဆိုတာ တစ်ယောက်တည်းနေလို့မရပါဘူး။ အပေါင်းအဖွဲ့နဲ့ နေရခြင်းဟာ အရည်အချင်းတစ်ခုဖြစ်ပါတယ်။ လူမှု ရေးစိတ်ဓာတ်ကလည်း သင်ကူညီနိုင်သမျှ သူတစ်ပါးအား ကူညီပေးနေခြင်းဖြင့် သင့်ရဲ့စိတ်ကို စင်ကြယ်နေစေပြီး သင့်အား ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချမှုပို၍ မြင့်မားစေပါလိမ့်မယ်။

 

          ထိုက်ချိလေ့ကျင့်ခန်းက သွေးလှည့်ပတ်မှု ကောင်းစေတဲ့အတွက် နှလုံးကျုံ့လိုက်တဲ့၊ ညှစ်ထုတ်လိုက်တဲ့အချိန် မှာ ဖြစ်ပေါ်လာတဲ့ ဖိအားသို့မဟုတ် အပေါ်သွေး Systolic Pressure (ပုံမှန် 120 မီလီမီတာ မာကျူရီ) အားကို 9.12 မီလီမီတာမာကျူရီ လျှော့ချပေးနိုင်ပါသတဲ့။ ဒါ့ကြောင့်သင့်မှာ သွေးတိုးရောဂါရှိနေရင် ဥပမာ အပေါ်သွေး 140-9012 = 130.88 မီလီမီတာမာကျူရီထိ လျှော့ချနိုင်ပါသတဲ့။ မိမိကောင်းမွန်စွာ လုပ်နိုင်သလို နေ့စဉ်လုပ်နိုင်ပါက သင့်သွေး ပေါင်ချိန်ဟာ ပုံမှန်အထိတောင် လျှော့ချသွားနိုင်မှာဖြစ်တယ်။

 

          ထို့အပြင် သွေးတွင်းအဆီဓာတ် ကိုလက်စထရောလ် LDL နှင့် ထရိုင်ဂလစ်ဆရိုက်ခေါ် မကောင်းတဲ့ အဆီဓာတ် 2 မျိုးကိုလည်း လျှော့ချပေးနိုင်ကြောင်း သုတေသီများ စမ်းသပ်စစ်ဆေးချက်အရ တွေ့ရှိခဲ့ပါတယ်။ သူတို့ လေ့လာချက်အရ နာတာရှည်ရောဂါေ၀ဒနာ ခံစားနေရရှာတဲ့ လူနာတွေအနေနဲ့လည်း ထိုက်ချိလိုလေ့ကျင့်ခန်းအား ဗီဒီယိုအခွေ၀ယ်ဖွင့်ပြီး လိုက်လုပ်လေ့ကျင့်လှုပ်ရှားပေးကြရန် တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။

 

 

 

Credit; ဒေါက်တာရည်ညွန့်မေ

Health Digest Journal

Vol: 13, No: 25, 16-3-2016