/
node/3540

အသက်ကြီးတာနဲ့အမျှ သုတ်ပိုးတွင် မူမမှန်ပြောင်းလဲမှုများပိုမိုဖြစ်ပေါ်နိုင်

Category
အမျိုးသားများနှင့်ကျန်းမာရေး

အမျိုးသားများတွင် အသက်ကြီးလာတာနှင့်အမျှ မျိုးရိုးဗီဇဆိုင်ရာ မူမမှန်ပြောင်းလဲမှုရှိတဲ့ သုတ်ပိုးကောင်များ ပမာဏများပြားလာတာကို တွေ့ရပါတယ်။ ဤတွေ့ရှိချက်က Oxford တက္ကသိုလ်ရောဂါဗေဒဌာနမှ ပါမောက္ခ Andrew Wilkie နှင့် လုပ်ဖော်ကိုင်ဖက်များပြုလုပ်ခဲ့သော လေ့လာမှုအပေါ်မှာ အခြေခံထားတာဖြစ်ပါတယ်။

          အသက်ကြီးမှ ကလေးယူပါက မွေးဖွားလာတဲ့ ကလေးငယ်မှာ မိခင်၊ ဖခင်တွေမှာ မရှိတဲ့ မျိုးရိုးဗီဇဆိုင်ရာ ရောဂါတွေဖြစ်ပွားနိုင်လာပါတယ်။ အသက်အရွယ်ကြီးရင့်လာတာနှင့်အမျှ မကောင်းတဲ့ Sperm ဆဲလ်များဟာလည်း လျင်မြန်စွာ ပွားများလာနိုင်တာကြောင့် အသက်ကြီးမှရတဲ့ ကလေးတွေမှာ dwartfism ကဲ့သို့ မျိုးရိုးဗီဇဆိုင်ရာ ရောဂါဖြစ်ဖို့ အခွင့်အလမ်းများသွားတာဖြစ်ပါတယ်။

          အမျိုးသမီးတွေက မျိုးဥဆဲလ်တွေနှင့်အတူတူ မွေးဖွားလာခဲ့ပေမယ့် အမျိုးသားတွေကျတော့ လူပျိုဖော်၀င်ချိန် ရောက်မှ သုတ်ပိုးထုတ်လုပ်ခြင်းကို ေ၀ှးစေ့အတွင်းရှိ Seminiferous tubules ဟုခေါ်သော ပြွန်များထဲမှာ စတင်ထုတ်လုပ်ပါတယ်။ ၎င်းပြွန်နံရံများတွင် ပင်မဆဲလ် (Stem Cell) အဖြစ်လုပ်ဆောင်တဲ့ ဆဲလ် (Spermatogonium) မှတဆင့် အဆင့်ဆင့် ဆဲလ်ကွဲပြားခြင်းဖြစ်ပေါ်ပြီး သုတ်ပိုးကောင် ထုတ်လုပ်ပါတယ်။

          အသက်ကြီးလာတာနဲ့အမျှ Spermatagonium ရှိ DNA တွင်မူမမှန်ပြောင်းလဲမှုများ ပိုမိုဖြစ်ပေါ်လာပြီး ဆဲလ် စက်၀ိုင်း (Cell Cycle) တခုမှ တခုသို့လက်ဆင့်ကမ်းသယ်ဆောင်သွားတာကြောင့် မကောင်းတဲ့သုတ်ပိုးပမာဏတွေ များပြားလာခြင်းဖြစ်ပါတယ်။

          အမျိုးသားအနေဖြင့် အသက်အရွယ်ကြီးရင့်ခြင်းကြောင့် သုတ်ပိုးတွင်ဖြစ်ပေါ်လာမယ့် ဆိုးကျိုးတွေကို လျှော့ချနိုင်ရန် သင့်တင့်သော ကိုယ်အလေးချိန်ကို ထိန်းထားခြင်း၊ ပဲနို့ထွက်ကုန်များကို ရှောင် ရှားခြင်း၊ တက်စတိုစတီရုန်း ပမာဏမြင့်တက်လာစေရန် လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပေးခြင်း၊ အသီးအနှံများကို ဦးစားပေးစားသုံးခြင်း၊ ရေပူနှင့် ရေချိုးခြင်းကို ရှောင်ရှားခြင်းတို့ကို ပြုလုပ်သင့်ပါတယ်။

 

Dr. Htet Htet Aung

www.drmyanmar.com