ကိုယ်၀န်ဆောင်မိခင်တွေ သိသင့်တဲ့ရေမြွှာရေအကြောင်း
ရေမြွှာရေဆိုသည်မှာ ပဋိသနေ္ဓတည်ပြီးနောက် 12 ရက်အကြာမှာ ဖြစ်ပေါ်လာတဲ့ အဝါရောင်အရည်ကြည်တွေ ဖြစ်ပါတယ်။ ရေမြွှာရေမှာ များစွာသော အရေးကြီးတဲ့ လုပ်ဆောင်ချက်တွေရှိပြီး သနေ္ဓသားလောင်းကျန်းမာစွာဖွ့ံဖြိုး ရေးအတွက် မရှိမဖြစ် အရေးပါပါတယ်။ ဒါကြောင့် ရေမြွှာရေအကြောင်းကို ဗဟုသုတအဖြစ်ဖော်ပြလိုက်ပါတယ်။
♦ ရေမြွှာရေဆိုတာဘာလဲ
မိခင်၀မ်းဗိုက်အတွင်းမှာ ကလေးငယ်ဟာ အမြှေးပါးနှစ်ခု ပေါင်းစပ်ထားတဲ့ ရေမြွှာအိတ်ထဲမှာနေပြီး ဖွ့ံဖြိုးကြီး ထွားပါတယ်။ ရေမြွှာအိတ်ထဲမှာရှိတဲ့ ရေမြွှာရေက ကလေးငယ်ကို ၀န်းရံထားပါတယ်။
ကိုယ်၀န်အစောပိုင်းကာလများတွင် ရေမြွှာရေကို မိခင်ထံမှ ရေနဲ့ဖွဲ့စည်းထားပေမဲ့ ကိုယ်၀န်အပတ် 20 လောက်မှာတော့ သနေ္ဓသားရဲ့ ကျင်ငယ်ရေနဲ့ ပြောင်းလဲအစားထိုးလိုက်ပါတယ်။
ရေမြွှာရေမှာ ကျင်ငယ်ရေသာမက မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်၊ ဟော်မုန်းနဲ့ ရောဂါပိုးကူးစက်မှုကို တိုက်ထုတ်နိုင်တဲ့ ပဋိဇီ၀ပစ္စည်းတွေပါ၀င်တာကြောင့် သနေ္ဓသားအတွက် သဘာ၀တရားကပေးတဲ့ အဖိုးတန် လက်ဆောင်ဖြစ်ပါတယ်။
ရေမြွှာရေရဲ့အရောင်ဟာ အစိမ်းရောင် (သို့) အညိုရောင်ရှိလျှင် ကလေး၀မ်းသွားတယ်လို့ပြောနိုင်ပါတယ်။ ဒါဟာ ကလေးရဲ့ ပထမဦးဆုံး အူလှုပ်ရှားမှုဖြစ်ပါတယ်။ ဒါပေမဲ့ ဗိုက်နာနေစဉ် ရေမြွှာရေထဲတွင်ငယ်ချီးပါနေပါက ကလေး အန္တရာယ်ရှိနိုင်ပါတယ်။
ရေမြွှာရေဟာ သနေ္ဓသားအတွက်များစွာ အထောက်အကူပြုပါတယ်။ ရေမြွှာရေရှိခြင်းရဲ့ ကောင်းကျိုးတွေက ကလေးငယ်ကို ပြင်ပဖိအား သက်ရောက်မှုကနေ ကူရှင်သဖွယ်ကာကွယ်ပေးထားပါတယ်။ အပူထိန်းပစ္စည်းအဖြစ် ကလေးငယ်ကို နွေးထွေးနေစေပါတယ်။ ပဋိဇီ၀ပစ္စည်းပါ၀င်တာကြောင့် ရောဂါပိုးမွှားများအန္တရာယ်မှ ကာကွယ်ပေးနိုင် တယ်။ အဆုတ်နဲ့အစာခြေစနစ် ဖွ့ံဖြိုးမှုကို အထောက်အကူပြုနိုင်ပါတယ်။ ရေမြွှာရေကို ရှုသွင်းခြင်း၊ မျိုချခြင်းတို့ဖြင့် အဆုတ်နဲ့ အစာအိမ်လမ်းကြောင်းရှိ ကြွက်သားတွေကို အလုပ်လုပ်စေတယ်။
ရေမြွှာရေအတွင်း လွတ်လပ်စွာလှုပ်ရှားနိုင်တာကြောင့် အရိုးနှင့်ကြွက်သားများကို အချိုးအစားကျနစွာဖွ့ံဖြိုး စေပါတယ်။ ရေမြွှာရေကြောင့် ခြေချောင်း၊ လက်ချောင်းများ ပူးကပ်မနေဘဲ ပုံစံတကျ ကြီးထွားလာပါတယ်။
ရေမြွှာရေက ချက်ကြိုးကို မဖိမိအောင် ကာကွယ်ပေးထားတာကြောင့် သနေ္ဓသားက အစားအစာ နဲ့ အောက်ဆီဂျင်ကိုအချင်းမှ တဆင့်ကောင်းမွန်စွာရယူနိုင်ပါတယ်။ ပုံမှန်အားဖြင့် ရေမြွှာရေပမာဏသည် ကိုယ်၀န် 34 ပတ်မှ 36 ပတ်အတွင်း အမြင့်ဆုံးဖြစ်လေ့ဖြစ်ပြီး ပမာဏအားဖြင့် 800ml ရှိပါတယ်။ မွေးဖွားရက်နီးလာတာနဲ့အမျှ တဖြည်းဖြည်းနည်းလာပြီး အပတ် 40 လောက်မှာ 600ml လောက်ပဲရှိပါတော့တယ်။
Dr. Htet Htet Aung






























