ကယ်လိုရီများကို ပိုမိုလောင်ကျွမ်းစေမည့် အစားအသောက်များ
ကျန်းမာသန်စွမ်းပြီးကျစ်လျစ်တဲ့ ခန္ဓာကိုယ်ကို ထိန်းထားလိုသူများဟာ လေ့ကျင့်ခန်း လုပ်ရုံတင်မကဘဲ အစားအသောက်ကိုပါ ရွေးချယ်စားသုံးတတ်ဖို့ အထူးလိုအပ်ပါတယ်။ ဒါကြောင့် ကျန်းမာလှပသော ခန္ဓာကိုယ်ကိုပေးစွမ်းနိုင်တဲ့ အစားအစာများကိုဖော်ပြလိုက်ပါတယ်။
1. လက်ဖက်ခြောက်ခပ်ထားသောရေနွေးကြမ်း
လက်ဖက်ခြောက်ခပ်ထားသော ရေနွေးကြမ်းဟာ ခန္ဓာကိုယ်ရဲ့ဇီ၀ဖြစ်စဉ်များကို မြန်ဆန်စေတာကြောင့် ၀ိတ်ကျချင်သူများအနေနဲ့ အထူးဂရုစိုက်ပြီး သောက်ပေးသင့်ပါတယ်။ ၀ိတ်ကျရုံတင်မက ဓာတ်တိုးဆန့်ကျင်ဂုဏ်သတိ္တတွေလည်းရှိတာကြောင့် နုနယ်ပျိုမြစ်ခြင်းကိုပါ ပေးစွမ်းနိုင်ပါတယ်။
2. ဂရိတ်ဖရုသီး
အရသာရှိလှတဲ့ ဂရိတ်ဖရုသီးဟာ ခန္ဓာကိုယ်မှာပိုလျှံနေတဲ့ အဆီများကိုလောင်ကျွမ်းရာမှာ အထောက်အကူပြုပါတယ်။ အမျှင်ဓာတ်များစွာပါ၀င်ပြီး သွေးတွင်းရှိသကြားဓာတ်ကို ထိန်းညှိပေးနိုင်တာကြောင့် အ၀လွန်သူများ၊ ဆီးချို သွေးချိုရှိသူများ စားပေးသင့်တဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။
3. ထောပတ်သီး
ထောပတ်သီးဟာ ၀ိတ်ကျလိုသူများစားပေးသင့်တဲ့ အသီးပါ။ ၎င်းမှာကိုယ်ခန္ဓာအတွက် လိုအပ်တဲ့ မပြည့်၀ဆီ ပါ၀င်တာကြောင့် ခန္ဓာကိုယ်ရဲ့ဇီ၀ဖြစ်စဉ်များကို မြန်ဆန်စေပါတယ်။ ကိုလက်စထရောကို လျှော့ချပေးနိုင်တာကြောင့် နှလုံးရောဂါနဲ့လေဖြတ်ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။ အသားအရည်နဲ့ ဆံပင်ကျန်းမာရေးအတွက်လည်း အထောက်အကူပြုပါတယ်။
4. တရုတ်နံနံ
တရုတ်နံနံမှာ ကယ်လိုရီနည်းပါးစွာပါ၀င်ပြီး ရေဓာတ်ပေါများစွာ ပါ၀င်တာကြောင့် အစာစားချင်စိတ်ကို လျှော့ချပေးနိုင်ပါတယ်။ Vit C, Vit A တို့လည်းပါ၀င်တာကြောင့် အသားရေကိုကောင်းမွန်စေပါတယ်။
5. အိုမီဂါ-3
တူနာငါးနှင့် ဆော်လမွန်ငါးတို့မှာပါ၀င်တဲ့ Omega-3 ကလည်း၀ိတ်ချရာမှာအထောက်အကူဖြစ်ပါတယ်။ ငါးမစားချင်သူများအနေနဲ့ကတော့ Omega-3 ပါတဲ့ဖြည့်စွက်စာများကိုစားပေးနိုင်ပါ တယ်။
6. ကော်ဖီ
ကော်ဖီကလည်း၀ိတ်ကျစေတဲ့ ဖျော်ရည်တစ်ခုပါ။ ကော်ဖီမှာပါ၀င်တဲ့ ကဖင်းဓာတ်ဟာ စိတ်ကိုရွှင်လန်းစေပါတယ်။ နှလုံးခုန်နှုန်းကိုမြန်စေပြီး ကယ်လိုရီများကို ပိုမိုလောင်ကျွမ်းစေပါတယ်။ သို့သော် မလိုင်နှင့်သကြားမပါသော ကော်ဖီပလိန်း (Black Coffee) ကသာ ၀ိတ်ကျစေမှာဖြစ်ပါတယ်။ ကော်ဖီကိုတစ်နေ့ 2 ခွက် လောက်သာသောက်သင့်ပါတယ်။
7. ကောက်နှံတစ်ခုလုံးပါသောအစားအစာများ
အမေရိကန် အာဟာရဆေးပညာဂျာနယ်ရဲ့ လေ့လာချက်အရနည်းပညာများဖြင့် သန့်စင်ထားခြင်းမရှိတဲ့ သဘာ၀အနေအထားတိုင်းရှိသော ကောက်နှံတစ်ခုလုံးပါ၀င်တဲ့ အစားအစာများ (ပေါင်မုန့်ညို၊ ဂျုံကြမ်းဖြင့် လုပ်ထားသော အစားအသောက်များ) ဟာ အမျှင်ဓာတ်ပိုမိုပါ၀င်ပြီး အဆီဓာတ်နည်းပါးတာကြောင့် ကျန်းမာကျစ်လျစ်သောခန္ဓာကိုယ်ကို ပိုင်ဆိုင်လိုသူတိုင်း စားပေးသင့်ပါတယ်။
8. ငရုတ်သီး
ဘယ်လောက်ပူတယ်၊ စပ်တယ်ပြောပြောငရုတ်သီးဟာကယ်လိုရီလောင်ကျွမ်းရာမှာ အထောက်အကူ ပြုတယ်ဆိုတာကို ငြင်းလို့မရပါဘူး။ ငရုတ်သီးဟာအစားစားချင်စိတ်ကိုလည်း လျှော့ချပေးနိုင်ပါတယ်။
Dr. Htet Htet Aung






























