/
node/3584

ကလေးငယ်များ အိပ်ရာထဲဆီးသွားတာကို ဘယ်လိုလျော့ချမလဲ

Category
ကလေးများနှင့်ကျန်းမာရေး

        ကလေးငယ်များအိပ်ရာထဲမှာ ဆီးသွားတာကို မိခင်တိုင်းလိုလိုကြုံဖူးကြမှာဖြစ်ပါတယ်။ ဒါဟာသာမန်ဖြစ်စဉ် တစ်ခုဖြစ်ပြီး ကလေးငယ်အသက် (6) နှစ်အရွယ်ထိ ကြုံတွေ့ရမှာဖြစ်တာကြောင့် ကလေးငယ်ကို သန့်ရှင်းရေး လုပ်ပေးရတဲ့ မိခင်ကိုပင်ပန်းစေပါတယ်။ ဒါကြောင့် ကလေးငယ်များအိပ်ရာထဲမှာ ဆီးသွားတာကိုလျော့ချနိုင်မယ့် နည်းလမ်းများကို ဖော်ပြလိုက်ပါတယ်။

 

1.   အိပ်ရာမ၀င်ခင် အရည်များများမသောက်ပါစေနဲ့။

 

2.   အိပ်ရာ၀င်ခါနီးတိုင်းသန့်စင်ခန်း၀င်တတ်အောင်ကလေးငယ်အားလေ့ကျင့်ပေးထားပါ။

 

3.   အိပ်ရာ၀င်ချိန်ကို သတ်သတ်မှတ်မှတ်ထားရှိပေးပါ။

 

4.   အစားအစာများကိုဂရုတစိုက်ကျေွးမွေးပါ။ အချဉ်၊ အစပ်အရသာရှိတဲ့ အစားအစာတွေက ဆီးအိမ်ကိုလှုံ့ဆော်တာကြောင့် ဆီးသွားချင်စိတ်ကိုဖြစ်စေပါတယ်။

 

5.   ကလေးငယ်ကိုကယ်လ်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်ကြွယ်၀စွာပါ၀င်တဲ့ အစားအစာများကိုကျေွးပေးပါ။ ကယ်လ်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်ဓါတ်ချို့တဲ့ခြင်းနဲ့ အိပ်ရာထဲတွင်ဆီးသွားခြင်းတို့ ဆက်စပ်မှုရှိနိုင်တယ်လို့ သုတေသီတို့ကယူဆကြပါတယ်။ ငှက်ပျောသီး၊ နှမ်းစေ့၊ ပဲအမျိုးမျိုး၊ ငါး၊ နို့၊ ဗန်ဒါစေ့နဲ့ ပန်းဂေါ်ဖီစိမ်းတို့ဟာ ကယ်လ်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်ဓာတ်ကြွယ်၀တဲ့ အစားအစာတွေဖြစ်ပါတယ်။

 

6.   ကလေးငယ်ကို နွေးနွေးထွးထွေးအိပ်ပျော်နိုင်အောင်ပြုလုပ်ပေးပါ။ အအေးဓာတ်က ဆီးခဏခဏသွားချင်အောင် လှုံ့ဆော်ပေးတာကြောင့် အနွေးဓာတ်လုံလုံလောက်လောက်ရရှိအောင် ပြုလုပ်ပေးထားပါ။

 

7.   မှတ်တမ်းမှတ်ရာထားရှိပါ။ ကလေးငယ်ဆီးသွားလေ့ရှိတဲ့အချိန်တွေကို မှတ်သားထားပြီး ဆီးသွားချိန်ရောက်တိုင်း ကလေးငယ်အားနှိုးပါ။

 

8.   အိပ်ရာထဲတွင်ဆီးသွားတာနဲ့ ပတ်သက်လို့ ကလေးငယ်အားဘယ်တော့မှ မဆူပါနဲ့။ ချိုချိုသာသာပြောပြီး သင်ပြပါ။

 

          အိပ်ရာထဲတွင် ဆီးသွားလေ့ရှိတဲ့ကလေးငယ်အတွက် အောက်ပါကျန်းမာရေးစောင့်ရှောက်မှု များကို ပြုလုပ်ပေးပါ။

 

1.   အိပ်ရာမ၀င်ခင်မှာဆား 500 ဂရမ်ပျော်၀င်နေတဲ့ ရေနဲ့ရေချိုးပေးပါ။ ဆားရေမှာပါ၀င်တဲ့သတ္တုဓါတ်များက ခုခံအားကိုကောင်းမွန်စေခြင်း၊ ခန္ဓာကိုယ်တွင်းရှိအဆိပ်အတောက်များကို သန့်စင်စေခြင်း၊ ရောဂါပိုး ၀င်ရောက်မှုကို ကာကွယ်ပေးနိုင်ခြင်း စတဲ့အာနိသင်တွေရှိပါတယ်။

 

2.   နံနံပင်နဲ့ပြုလုပ်ထားတဲ့ လက်ဖက်ရည်ကိုပျားရည်တဇွန်းထည့်၊ သံပုရာရည်တစက်နှစ်စက်ညှစ်ပြီး ကလေးငယ်အား တိုက်ကျေွးပါ။ နံနံပင်နဲ့ပြုလုပ်ထားတဲ့ လက်ဖက်ရည်မှာကယ်လ်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်ဓါတ်တွေ ပါ၀င်ပြီး ဆီးလမ်းကြောင်းပိုး၀င်ခြင်းကို ကာကွယ်ပေးနိုင်တဲ့အစွမ်းရှိပါတယ်။

 

3.   နောက်တမျိုးကတော့ အုတ်ဂျုံလက်ဖက်ရည်ဖြစ်ပါတယ်။ ရေတစ်လီတာနှင့်ပြုတ်ထားတဲ့ အုတ်ဂျုံပြုတ်ရည်ကို အရည်စစ်ပြီးကလေးငယ်အားတိုက်ကျေွးပေးပါ။ အုတ်ဂျုံလက်ဖက်ရည်က စိတ်ဖိစီးမှုကြောင့်ဖြစ်တဲ့ ဆီးထွက်ကျခြင်းကိုသက်သာစေပါတယ်။

 

          ပုံမှန်အားဖြင့် ကလေးငယ်များအိပ်ရာထဲတွင် ဆီးသွားခြင်းဟာသာမန်ဖြစ်စဉ်တစ်ခုဆိုပေမဲ့ အောက်ပါ အချက်များကိုတွေ့ပါက ဆရာ၀န်နဲ့တိုင်ပင်ပြသပါ။

 

          အသက် 7 နှစ်ကျော်သည်အထိအိပ်ရာထဲတွင်ဆီးသွားခြင်း၊ အိပ်ရာထဲတွင်ဆီးပေါက်ချလေ့ မရှိသောကလေးငယ်က အိပ်ရာထဲတွင်ဆီးသွားခြင်း၊ ၎င်းအခြေအနေက ကလေးငယ်မှာစိတ်ဖိစီးမှုများခြင်း၊ ဆီးလမ်းကြောင်းထိခိုက်ဒဏ်ရာရခြင်း၊ တစုံတစ်ခုကိုကြောက်ရွံ့ခြင်းတို့ကို ညွှန်ပြနေတာကြောင့် ကလေးဆရာ၀န်နဲ့ သေချာစွာပြသသင့်ပါတယ်။

 

 

Dr. Htet Htet Aung

www.drmyanmar.com