/
node/3731

မိဘတို့စိတ်ကျရောဂါမဖြစ်ရအောင် သားသမီးတို့သိထားသင့်သော ပြုစုစောင့်ရှောက်မှုများ

Category
သက်ကြီးပိုင်းနှင့်ကျန်းမာရေး

        မိဘတွေဟာအသက်အန္တရာယ်ရလာတာနဲ့အမျှ သားသမီးတွေရဲ့ နွေးနွေးထွေးထွေး ကြင်ကြင်နာနာ ပြောဆိုဆက်ဆံမှုကို လိုလားလာတတ်ကြပါတယ်။ ၎င်းတို့ရဲ့ရင်ခွင်မှ သားသမီးခွဲခွာသွားကြတဲ့အခါ အထီးကျန် စိတ်ေ၀ဒနာများ ခိုအောင်း၀င်ရောက်လာတတ်ကြပြီး စိုးရိမ်ပူပန်မှုများအမျိုးမျိုး ခံစားလာရတတ်ပါတယ်။ ဒီလိုပူပန်သောကတွေနေ့စဉ်နဲ့အမျှ ဖိစီးလာလေ စိတ်ေ၀ဒနာခံစားရနိုင်ခြေ မြင့်မားလာလေပဲဖြစ်ပါတယ်။ ဒါကြောင့် သားသမီးတွေအနေနဲ့ မိမိရဲ့မိဘအပေါ် အပြည့်အ၀နားလည်ပေးနိုင်ဖို့လိုအပ်သလို မိဘတွေရဲ့ လိုအပ်ချက်၊ ဖြစ်စေချင်တဲ့ဆန္ဒတွေကို လျစ်လျူရှုမထားဘဲ သားသမီးတွေကိုပွင့်ပွင့်လင်းလင်း ဖွင့်ဟပြောဆိုဖို့ဆိုတာ သားသမီးနဲ့မိဘအကြား ပြုမူပြောဆိုဆက်ဆံမှုအပေါ်မှာ များစွာမူတည်နေပါတယ်။ ဒါကြောင့် မိမိတို့ရဲ့မိဘတွေမှာ စိတ်ကျရောဂါဖြစ်နိုင်ချေမှ ကာကွယ်ပေးနိုင်ဖို့ သားသမီးတွေအနေနဲ့ မိဘတွေအပေါ်ပြုမူပြောဆို ဆက်ဆံနေထိုင်သင့်တဲ့ နည်းလမ်းလေးတွေ ဖော်ပြပေးလိုက်ပါတယ်။

 

1.   မိဘနဲ့အဆက်အသွယ်မပြတ်ပါစေနဲ့။

        သင့်အနေနဲ့စီးပွားရေးအရ နယ်ခြားမြေခြားမှာသွားရောက် အလုပ်လုပ်ကိုင်နေရသူဖြစ်စေ၊ အလုပ်တာ၀န်များပိနေသူဖြစ်စေ မိဘနဲ့ပုံမှန်အဆက်အသွယ်မပြတ်သင့်တဲ့အပြင် နွေးနွေးထွေးထွေးပြောဆို ဆက်ဆံသင့်ပါတယ်။

 

2.   မိဘရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးပါ။

        မိဘရဲ့လိုအပ်ချက်တွေကို သားသမီးတွေအနေနဲ့ အကဲခတ်လေ့လာနေသင့်တဲ့အပြင် မိဘဟာကျန်းမာရေးကြောင့် (သို့) ငွေကြေးအခက်အခဲကြောင့် စိုးရိမ်ပူပန်နေသလားဆိုတာကို အစဉ်တစိုက်ဂရုပြုနေသင့်ပါတယ်။ များသောအားဖြင့် မိဘများအနေနဲ့ ၎င်းတို့ရဲ့သားသမီးတွေအပေါ် ၀န်ထုပ်၀န်ပိုးဖြစ်စေမှာစိုးတာကြောင့် ဟန်ဆောင်ဖုံးကွယ်ထားလေ့ရှိတတ်ကြပါတယ်။ ဒါကြောင့် သားသမီးများအနေနဲ့ မိဘရဲ့အခက်အခဲတွေကို ဂရုတစိုက်မေးမြန်းသင့်ပါတယ်။

 

3.   မိဘနဲ့ပျော်ရွှင်စရာအချိန်များဖန်တီးပါ။

        မိဘနဲ့ရယ်စရာဟာသများကိုပြောပြီး အချိန်ကုန်ဆုံးစေခြင်း၊ စိတ်ကြည်နူးစေတဲ့နေရာဒေသသို့ အလည်အပတ်ခေါ်ဆောင်သွားခြင်းဖြင့် မိဘအားရွှင်မြူးတက်ကြွလာအောင် လုပ်ဆောင်ပေးပါ။ အတိတ်ကပျော်ရွှင်စရာများကိုပြန်လည် သတိရမိစေခြင်း၊ မိသားစုအတွက် အမှတ်တရရုပ်ပုံလွှာ များကို ပြန်လည်ထုတ်ဖော်ပြောကြားခြင်းကြောင့် မိဘတွေရဲ့မှတ်ဉာဏ်ကို တိုးတက်ကောင်းမွန်လာစေနိုင်ပါတယ်။ ဒါကြောင့်မိဘနဲ့ပျော်ရွှင်စရာများများ ဖန်တီးနိုင်လေလေ မိဘကပြန်လည်တွေးတောချိန်မှာ စိတ်ကြည်နူးမှု ရရှိနိုင်လေဖြစ်ပြီး မှတ်ဉာဏ်ချို့ယွင်းခြင်း၊ ဉာဏ်ရည်နိမ့်ပါးခြင်းမှလည်း ကာကွယ်နိုင်မှာဖြစ်ပါတယ်။

 

4.   မိဘရဲ့သဘောထားကိုမပစ်ပယ်ပါနဲ့။

        သင်ဟာသင့်မိဘရဲ့ကိစ္စတိုင်းအတွက် အဆင်သင့်ရှိနေကြောင်း၊ သင့်မိဘကိုအကြံဉာဏ်ပေးဖို့အတွက် ၀မ်းမြောက်သူတစ်ဦးဖြစ်ကြောင်းကို သင့်မိဘမြင်သာအောင်နေထိုင်ပြောဆိုသင့်ပါတယ်။ မိဘအားအကြံပေးစကားဆိုချိန်မှာ အမိန့်ပေးတဲ့စကားသံမျိုးမဖြစ်မိပါစေနဲ့။ မိဘဟာငယ်ရွယ်စဉ်အချိန်ကလို သွက်လက်တက်ကြွမှုတွေ မရှိတော့ပေမယ့် တွေးခေါ်နိုင်စွမ်းတွေ၊ ဆုံးဖြတ်ချက်ချနိုင်စွမ်းတွေ ပိုင်ဆိုင်နိုင်ကြပါသေးတယ်။ ဒါကြောင့် မိဘရဲ့စကားကိုဂရုတစိုက်နားထောင်ပြီး ၎င်းတို့ရဲ့ဆုံးဖြတ်ချက်ကိုလေးစားပါ။ ပြီးမှမိမိပေးလိုတဲ့အကြံဉာဏ်နဲ့ ၎င်းတို့ရဲ့ဆန္ဒလိုက်လျောမှုရှိအောင် ညှိနှိုင်းပြောဆိုပါ။

 

5.   မိဘရဲ့စိတ်ခံစားချက်ကို အလေးထားပါ။

        မိဘကိုဂရုစိုက်ပြုစုစောင့်ရှောက်သော်လည်း မိဘအနေနဲ့ အသက်ကြီးလာပြီး အရာရာကို မစွမ်းဆောင်တော့ဘူးလို့ သဘောထားကာ ပြစ်တင်ပြောဆိုတဲ့ ဟန်ပန်အမူအရာ၊ အပြောအဆိုတွေဟာ မိဘရဲ့စိတ်ကိုထိခိုက်စေပါတယ်။ ဒါကြောင့် မိဘအပေါ်စေတနာအပြည့်အ၀ထားပြီး လေးလေးစားစား ကြင်ကြင်နာနာ ဂရုစိုက်စောင့်ရှောက်ပေးပါ။

 

6.   မိဘအားအိုမင်းနေပြီဟုအထင်အမြင်သေးတဲ့စကားမဆိုမိပါစေနဲ့။

        သင့်မိဘအနေနဲ့ အသက် 70 ကျော်ရှိနေပြီဖြစ်သော်ငြားလည်း ကျန်းမာသန်စွမ်းပြီး လှုပ်လှုပ်ရှားရှား သွားလာနိုင်သူတစ်ဦးဖြစ်ပါက အသက်ကြီးနေပြီးဘယ်အရာကိုမှ ကောင်းကောင်းလုပ်နိုင်တော့မှာ မဟုတ်ဘူးဆိုတဲ့ အထင်အမြင်သေးတဲ့စကားမဆိုမိပါစေနဲ့။ မိဘစိတ်ထဲမှာသိမ်ငယ်သလိုခံစားရနိုင်ပြီး စိတ်အားထက်သန်နေမှုများလည်း ယုတ်လျော့သွားတတ်ပါတယ်။ ဒါကြောင့် မိဘအစားကူညီ၀င်ရောက် လုပ်ကိုင်ပေးခြင်းဖြစ်စေ၊ ကျန်းမာရေးကောင်းမွန်အောင် ပြုမူနေထိုင်သင့်တဲ့ နည်းလမ်းကောင်းတွေ ပေးခြင်းဖြစ်စေ မိဘများတက်ကြွလန်းဆန်းနေအောင် ဂရုပြုပေးသင့်ပါတယ်။

 

7.   မိဘအပေါ်နားလည်မှုပေးပါ။

        သင့်မိဘရဲ့ထင်မြင်ချက်၊ အယူအဆတွေနဲ့ယုံကြည်ချက်တွေဟာ အသက်အရွယ်ရလာတာနဲ့ အမျှ ပြောင်းလဲသွားတတ်ပါတယ်။ ဒါကြောင့် တခါတရံမှာသင့်အယူအဆနဲ့ သင့်မိဘရဲ့ထင်မြင်ချက်ဟာ ဆန့်ကျင်ဘက်ဖြစ်သွားတတ်ပြီး ဆက်ဆံရေးတင်းမာလာတတ်ပါတယ်။ သားသမီးတွေအနေနဲ့ မိိဘနဲ့ဆန့်ကျင်ဘက်မလုပ်သင့်တဲ့အပြင် မိဘအပေါ် အပြည့်အ၀နားလည်ပေးပြီး မိဘစကားကိုအလေးထားသင့်ပါတယ်။

 

8.   မိဘအပေါ်ယုံကြည်မှုရှိပါ။

        မိဘရဲ့ပြောဆိုဆုံးမမှုတွေဟာ တခါတရံမှာသားသမီးတွေအတွက် နာခံရခက်ခဲသလို ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါဟာ ၎င်းတို့ရဲ့ ဘိုးဘွားဘီဘင်လက်ထက်က အယူအဆတွေကြောင့်ပါ။ ယင်းအယူဆ၊ စည်းကမ်းတင်းကျပ်မှုတွေကြောင့်လည်း လူငယ်နဲ့လူကြီးအကြား ခြားနားကွာဟချက်တွေရှိလာခြင်းဖြစ်ပါတယ်။ ဒါပေမယ့်ရှေးခေတ်ကအယူအဆနဲ့ ယနေ့ခေတ်အယူအဆတွေမှာ တူညီမှုများရှိသလို ကွဲပြားမှုလည်းရှိပါတယ်။ ဒါကြောင့် မိဘရဲ့ဆိုဆုံးမမှုစကားတွေဟာ သားသမီးဘ၀ခရီးလမ်းတစ်လျှောက် ကောင်းစေချင်တဲ့လမ်းညွှန်မှု များ ဖြစ်တာကြောင့် မိဘအပေါ်အပြည့်အ၀ယုံကြည်ပြီး နာခံသင့်ကာ ခေတ်မီတိုးတက်နေတဲ့ ယနေ့ခေတ်ရဲ့ပြောင်းလဲမှုတွေကို မိဘများသိသာမြင်သာလာစေရန် လေ့လာခွင့်ရအောင်ပြုလုပ်ပေးသင့် ပါတယ်။ မိဘနဲ့ဆန့်ကျင်ဘက်ဖြစ်စေမယ့်အပြုအမူ၊ ပြောစကား စတဲ့လုပ်ရပ်များကို လုပ်မယ့်အစား မိဘကမိမိရဲ့အမြင်၊ အယူအဆများကို အေးဆေးတည်ငြိမ်စွာပြောပြခြင်းကိုသာ လုပ်ဆောင်သင့်ပါတယ်။

 

9.   မိဘအပေါ် အနိုင်ယူလိုသောစိတ်ထားမျိုး၊ အပြုအမူမျိုးလုပ်ဆောင်ခြင်းမှ ရှောင်ကျဉ်ပါ။

        မိဘရဲ့သဘောထားအားငြင်းပယ်ခြင်း၊ ၎င်းတို့အားကလေးတစ်ယောက်လိုဆက်ဆံခြင်းခံရပါက မိဘရဲ့စိတ်ထဲမှာသူတို့ဟာ သားသမီးတွေရဲ့လေးစားထိုက်သူတစ်ဦး၊ ယုံကြည်ထိုက်သူတစ်ဦးများ မဖြစ်နိုင်တော့ဘူးလားဆိုတဲ့ အားငယ်စိတ်များခိုအောင်းလာတတ်ပြီး ၎င်းတို့ရဲ့ကိစ္စရပ်တိုင်း၊ သဘောထားတိုင်းကို မြိုသိပ်ထားကာ သားသမီးများနဲ့တိုင်ပင်ဖို့၀န်လေးပြီး နှုတ်ဆိတ်သွားတတ်ကြပါတယ်။ ဒါကြောင့် သားသမီးတွေအနေနဲ့မိဘအပေါ် သိမ်သိမ်မွေ့မွေ့ကျိုးကျိုးနွံနံွဆက်ဆံပေးခြင်းဖြင့် မိဘအားစိတ်အားငယ်မှု၊ စိတ်ထိခိုက်မှုမဖြစ်စေရန် စောင့်ရှောက်ပေးသင့်ပါတယ်။

 

 

CMS

www.drmyanmar.com