/
node/3801

ကင်ဆာဖြစ်နေကြောင်း သင့်ကလေးအား ဘယ်လိုရှင်းပြမလဲ

Category
ဆရာ၀န်ကြီးများ ၏ ဆောင်းပါးများ
Author
Dr. ဒေါ်ရည်ညွန့်မေ

        လူတစ်ယောက်ဟာ သူ့မှာကင်ဆာရောဂါ ဖြစ်ပွားခံစားနေရပြီဖြစ်ကြောင်း၊ ရောဂါအမည်အတပ်ခံရပြီးနောက် သူ့ရဲ့ မိသားစု၊ မိတ်ဆွေတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေအပြင် အိမ်နီးနားချင်းတွေကို အသိပေးပြောပြပြီး စိတ်ဖိစီးမှုတွေကို မျှေ၀ခံစားရန် ပြောမထွက်အောင် ခက်ခဲလှပါတယ်။ ထိုထက်ပိုဆိုးတာကတော့ မိမိတို့ရဲ့ ကလေးမှာကင်ဆာရောဂါရှိနေပြီလို့ သူ့အား အသိပေးရန်ကတော့ လုံး၀ကွဲပြားတဲ့၊ ခက်ခဲတဲ့ စိန်ခေါ်မှုတစ်ခုဖြစ်လာစေပါတယ်။

           မိဘဆိုတာ သားသမီးကို ရောဂါဘယတွေကင်းေ၀းအောင် သီးသန့်(ကိုယ့်ကလေးမှ ကိုယ့်ကလေး) အဖြစ် ကာကွယ်ချင်ကြတာပါ။ ရောဂါဘယတွေအနက် ကင်ဆာရောဂါဆိုတာကလည်း အချို့ကင်ဆာများမှလွဲ၍ ခုထိဘယ်သူမှ ကုသမှု သေချာဂနစွာပေးနိုင်ခဲ့ခြင်းမရှိပါ။ ကင်ဆာရောဂါကို ကုသခဲ့ပြီးတာတောင် တစ်စုံတစ်ရာသော ကူးစက်ရောဂါတွေ သို့မဟုတ် နောက်ထပ်ကင်ဆာရောဂါပြန်ဖြစ်တာမျိုး ရှိနိုင်ပါသေးတယ်။ ကင်ဆာရောဂါ ကုသတယ်ဆိုရာမှာ တိကျသေချာတဲ့ ဒါမှမဟုတ် အကူအညီရစေတဲ့ သတင်းအချက်အလက် ရရှိနိုင်မှာမဟုတ်လို့ ပြောရတာခတ်ခက်ခက်ပါပဲ။ တချို့သော မိဘတွေက ဆေးကုသမှုပေးရင် တကယ်ပျောက်ကင်း နေကောင်းလာ/မလား ဆိုတာ တိကျသော အဖြေရလဒ်ကို မျှော်လင့်မိကြတာဟာလည်း တကယ်တော့ ဖြစ်လာရင်ကောင်းမှာပဲဆိုတဲ့ မျှော်လင့်ချက်လေးကြောင့်သာဖြစ်လို့ ကိုယ်ချင်းစာနာဖွယ်ရာဖြစ်တယ်။

           မိဘဆိုတာ မိမိတို့ရဲ့ ကလေးတွေကို ပျော်ရွှင်စေချင်တယ်။ ချုပ်ချယ်စရာမလို လွတ်လွတ်လပ်လပ် ပြေးလွှားဆော့ကစားသွား၊ စားချင်တာလေးစားနိုင်တဲ့၊ ပျော်ရွှင်ချမ်းမြေ့လွတ်လပ်တဲ့ ကလေးဘ၀ကို ပေးချင်ကြသူတွေချည်း ဖြစ်ပါတယ်။ သူများကလေးတွေ ကြ့ံခိုင်သန်စွမ်းပြေးလွှား သွားလာလှုပ်ရှားနေသူလို ကိုယ့်ကလေးကိုလည်း အခြားကလေးများနည်းတူ ဖြစ်စေချင်ကြသူချည်းဖြစ်တယ်။

           တစ်ဖန် မိဘတွေဘက်က ပြန်ကြည့်ရင်လည်း မိဘတစ်ဦးဦး ဥပမာ - ဖခင် သို့မဟုတ် မိခင်မှာ ကင်ဆာရောဂါကို ခံစားနေရပြီဆိုပါက ကိုယ့်ရဲ့ လူလားမမြောက်သေးတဲ့၊ အရွယ်မရောက်သေးတဲ့ အသက်အရွယ်ရှိ ကလေးတွေကို မိမိမှာ ကင်ဆာရောဂါရှိနေပြီဆိုတာ အသိပေးရှင်းပြရန်လည်း အတော်၀မ်းနည်းစရာကောင်းလှပါတယ်။ သို့သော် ကင်ဆာနောက်ဆုံး အဆင့်ရောက်လို့ နေရမယ့် အချိန်ကာလ သိပ်မရှိတော့သူတွေ ဒါမှမဟုတ် အသက်ရှင်သန်နိုင်ခွင့် 5 နှစ်ခန့် သို့မဟုတ် လအနည်း ငယ်ခန့်သာ ကျန်တော့တဲ့သူ ထိုသူဟာ အိမ်ထောင်ဦးစီး ၀င်ငွေရှာရသူတစ်ဦး ဖြစ်ရင်တော့ မိမိအိမ်ထောင်အတွက် စီမံခန့်ခွဲစရာ ရှိတာလေးတွေ၊ ရတဲ့ကာလတစ်ခုအတွင်း စီမံခန့်ခွဲသွားနိုင်ပါက အလုပ်ဖြစ်နိုင်တာလေးတွေလည်း ရှိပါတယ်။

           တချို့သော မိဘဆွေမျိုး မိသားစု၀င်တွေက ကင်ဆာလူနာအား ၎င်းမှာ ကင်ဆာရောဂါဖြစ်ပွားနေကြောင်း အသိပေးရန် နှောင့်နှေး သို့မဟုတ် ယူကျုံးမရဖြစ်ပြီး ဖွင့်မပြောလိုချင်တဲ့ လူမှုရေးခံစားချက်တွေလည်း လောကကြီးမှာ အမျိုးမျိုးရှိတတ်တာမို့ ဘယ်လိုအကျိုးအကြောင်း ရှင်းပြကြမလဲဆိုတာ ကိုယ်တိုင်ဆုံးဖြတ်ချက်ချမလား၊ ဒါမှမဟုတ် မိသားစု ညီအစ်ကိုမောင်နှမတွေ စုံညီမျက်နှာချင်းဆိုင် ဆွေးနွေးပြီးမှ ဆုံးဖြတ်ကြမလားဆိုတာ ရှင်းရှင်းလင်းလင်း သိဖို့လိုတယ်။

           အနောက်နိုင်ငံတွေမှာတော့ ကုသတဲ့ဆရာ၀န်က လူနာဟာ အရွယ်ရောက်သူတစ်ဦးဖြစ်ပါက လူနာကိုပဲ ရှင်းရှင်းလင်းလင်း အတိအကျဆွေးနွေးဖွင့်ပြောပြလေ့ရှိပေမယ့် အာရှနိုင်ငံတွေမှာတော့ မိသားစု၀င်တွေက လူနာကို မသိစေဘဲ ဆရာ၀န်ကို ကြိုတင်တောင်းပန်ပြီး ဖွင့်မပြောပြရန် တောင်းဆိုလေ့ ရှိပြန်တယ်။ သို့သော် ရှေ့မှာပြောသလို လူနာဟာ အိမ်ထောင် အကြီးအကဲအဓိက၀င်ငွေရှာသူသာဖြစ်ရင် သူ့ဘ၀သက်တမ်း ကျန်ရှိသလောက် သူလုပ်သင့်တဲ့ အလုပ်တွေ၊ ကျန်တဲ့ မိသားစု၀င်တွေကို မှာကြား သို့မဟုတ် လုပ်စရာ၊ ရှင်းစရာတွေ ရှင်းလင်းနိုင်ခဲ့ရင် ကျန်သူတွေ အခက်အခဲဖြစ်နိုင်စရာနည်းပါးနိုင်ပါတယ်။

           ဒီနေရာမှာ လူလားမမြောက်သေးတဲ့ကလေးတွေရှိတဲ့ ကင်ဆာလူနာဖြစ်ရင်တော့ မိမိမှာ ကင်ဆာရောဂါရှိကြောင်း သူတို့လေးတွေကို ပြောပြဖို့ အတော်အားယူရလိမ့်မယ်။ မိဘကိုယ်တိုင်က ဖွင့်မပြောဘဲ အခြားသူထံမှ သိရင်တော့ ပိုပြီး စိတ်မကောင်းဖြစ်နိုင်ပါတယ်။ ကလေးတွေဟာ မိဘထံမှ ထိုသတင်းကို ရတဲ့အခါ ပထမမှာတော့ စိတ်မချမ်းမသာဖြစ်ကြမှာပါ။ ဒါ့အပြင် မိဘနေမကောင်းဘူးဆိုတာ သိတာနဲ့ပိုပြီး သင်နဲ့နီးနီးကပ်ကပ်နေလာကာ သင့်အနားတွယ်ကပ်လာတာမျိုး ရှိလာနိုင်တယ်။ ဒါ့အပြင် သူ့အမေ သို့မဟုတ် သူ့အဖေဟာ သူတို့နဲ့ သမားရိုးကျဆက်ဆံရေးကနေ ပြောင်းလဲသွားတာကိုလည်း သတိထားမိလာတတ်သလို၊ မိဘတွေ စကားပြောရာမှာ သောကတွေကိုလည်း သူတို့ကြားသိ လာမှာလည်းဖြစ်တယ်။ ဥပမာ - မိတ်ဆွေတွေက လူနာ လာအားပေးပြီး စကားတွေပြောတဲ့အခါ သို့မဟုတ် ဖုန်းဆက်ပြီး ပြောကြတဲ့အခါ သူတို့လည်းကြားကြမှာ မို့ အပူဓာတ်ဆိုတာ ကူးစမြဲပါ။ ပိုပြီး တတ်သိဉာဏ်ထက်တဲ့ ကလေးတွေဆို ချက်ဆိုတန်းပြီးသဘောပေါက်လွယ်တာမျိုးလည်း ရှိတာကိုး။

           နောက်တစ်မျိုးက အခြားမိသားစုတစ်ခုခုမှာ ကင်ဆာလူနာတစ်ဦးဦးနာရေးသတင်း ဒါမှမဟုတ် ဆေးရုံတက်နေရတဲ့ သတင်း စသည့်အတွေ့အကြုံမျိုးရှိတဲ့ ကလေးတွေဆိုရင် မိဘတွေရဲ့ကင်ဆာရောဂါအမည်တပ်ပြီး ရှင်းပြလိုက်တာနဲ့ပဲ အရေးကြီး တယ်ဆိုတာ သူသိပါပြီ။ ဥပမာ - အမေ့မှာ ရင်သားကင်ဆာဖြစ်ပြီလို့သိရင် အမေ့ရဲ့ အစ်မ သို့မဟုတ် အဒေါ်တစ်ဦးဦး တုန်းကလည်း ရင်သားကင်ဆာနဲ့ ဆုံးသွားဖူးတော့ သူသဘောပေါက်ထားပါပြီ။

           ဒါကြောင့် မိဘတွေအနေဖြင့် မိဘတစ်ဦးဦးမှာ ရောဂါဘယ ရှိလာပြီဆိုရင် မိမိကလေးကို အောက်ပါ အတိုင်း ကြိုတင်းရှင်းပြနိုင်ပါတယ်လို့ ဆေးသိပ္ပံပညာရှင်တွေက အကြံပေးကြပါတယ် -

1.  ခပ်တိုတို၊ ရှင်းရှင်း၊ ရိုးရိုးလေး သူ့ကလေးအား ရှင်းပြခြင်းဟာ အကောင်းဆုံးပါပဲတဲ့။ သူမေးစရာရှိလို့ မေးပါက ဖြစ်နိုင်ရင် ပြန်အဖြေပေးပါလေ။

2.  မေမေ သို့မဟုတ် ဖေဖေလည်း နေကောင်းအောင်လုပ်နေကြောင်း ပြောပြပါ။

3.  သင့်ကလေးအား အိပ်ရာမ၀င်မီ သို့မဟုတ် ကျောင်းမသွားမီ သင့်ရောဂါအကြောင်း စကားမစပါနှင့်။

4.  ကလေးထရပ်ပါက စကားဆက်မဆိုတော့ဘဲ သူသွားချင်တဲ့နေရာ သွားကစားပါစေ။

5.  ဧည့်သည်လူနာ လာတွေ့စကားပြောနေကြစဉ် မိမိကလေး၀င်လာပါက ပြောနေကျစကားဆက်ပြောပါ။ ရပ်မသွားပါနှင့်။

6.  မိမိကလေးများအား ပုံမှန်နေ့တွေလိုပဲ ပြုမူဆက်ဆံပေးနိုင်တယ်လို့ အကြံပေးကြပါတယ်။

 

 

 

Credit: ဒေါက်တာရည်ညွန့်မေ

Health Digest Journal

Vol: 13, No: 32, 18-5-2016