ကလေးစကားပြောအတတ်မြန်စေရေး မိဘတို့က နားထောင် လေ့ကျင့်လို့ပေး
မိမိကလေးအနေနဲ့ အသက် 2 နှစ်ပြည့်ပြီဖြစ်သော်လည်း စကားသိပ်မပြောတတ်သေးဘူး၊ အခြား သက်တူရွယ်တူကလေးတွေနဲ့ နှိုင်းယှဉ်တဲ့အခါ စကားပြောအလွန်နည်းနေတာကို တွေ့နေရပြီး မောင်နှမ ရင်းချာနဲ့ ယှဉ်ကြည့်တဲ့အခါမှာလည်း ၎င်းတို့ 2 နှစ်သားအရွယ်မှာတုန်းက စကားလုံးတွေပြည့်ပြည့် စုံစုံ ပြောတတ်ခဲ့ကြတာပဲ စသဖြင့် မိဘတွေရဲ့စိတ်ထဲမှာ အခြားကလေးတွေနဲ့ နှိုင်းယှဉ်မှုနှင့်အတူ မိမိကလေးဘာကြောင့် စကားပြောနှေးနေရသလဲဆိုတဲ့ မေးခွန်းတွေနဲ့ ပြည့်နှက်နေကြစမြဲပါ။ တချို့ကလေးတွေအနေနဲ့ စကားပြောတာ၊ လမ်းလျှောက်တာဟာ အခြားကလေးတွေထက် ပိုစောတတ်တဲ့အတွက် ဖေဖေ၊ မေမေတို့ကို ကလေးစကားပြောနှေးတာနဲ့ပတ်သက်ပြီး တအားကြီးစိတ်ပူပန်နေကြဖို့ မလိုအပ်ပါဘူးလို့ပြောချင်ပါတယ်။ ဒါပေမယ့် မိဘတွေအနေနဲ့ ကလေးငယ်တွေရဲ့အသက်အရွယ် အပိုင်းအခြားအလိုက် ဘာသာစကားဖွ့ံဖြိုးမှုလေးတွေကို သိရှိထားမယ်ဆိုရင်တော့ ကလေးအား စကားပြောတတ်လာအောင် တစ်ဖက်တစ်လမ်းမှ ဖေးမပေးနိုင်တဲ့ အထောက်အပံ့ကောင်းတစ်ခုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် မိမိကလေး စကားပြောနှေးနေခြင်းအတွက် စိတ်ဘ၀င်မကျဘဲ ဖြစ်နေရတဲ့မိဘတွေ၊ ကလေးစကားပြောအတတ်မြန်လာအောင် ဘယ်လိုလုပ်ပေးရကောင်းနိုးနိုး ကြံစည်စိတ်ကူးနေတဲ့ မိဘတွေတိုင်းလေ့လာထားသင့်တဲ့ ကလေးအသက်အရွယ်အလိုက် တဆင့်ပြီးတဆင့် တိုးတက်လာလေ့ရှိတတ်တဲ့ ဘာသာစကားဖွ့ံဖြိုးမှုအခြေအနေကို ဖော်ပြပေးလိုက်ပါတယ်။
အသက် 1 နှစ်မပြည့်မီ ကလေး၏စကားသံ
အသက် 1 နှစ်မပြည့်မီအချိန်မှာ ကလေးငယ်လေးတွေရဲ့ ပါးစပ်မှထွက်လာတဲ့ ခိုးခိုးခစ်ခစ်အသံ၊ ၀ူး၀ူး ဝါးဝါး အသံလေးတွေဟာ ကလေးငယ်လေးရဲ့ ပထမဆုံးစကားသံဖြစ်ပြီး အသက် 9 လသား ၀န်းကျင်လောက်မှာ ‘မေမေ’၊ ‘မမ’ ဆိုတဲ့ အသံလေးတွေထွက်တတ်နေပါပြီ။ အသက် 12 လ မပြည့်မီမှာတော့ နို့ဗူး၊ ချိုလိမ်ဆိုတာကို ကောင်းကောင်းမှတ်မိနေပြီး အသံတော့မထွက်တတ်သေးပါဘူး။ မိဘတွေအနေနဲ့ အသက် 1 နှစ်မပြည့်မီ ကလေးငယ်လေးတွေထွက်တတ်တဲ့ အသံတွေကို ထပ်ခါတလဲလဲ လေ့ကျင့်ပေးတာ၊ သူတို့မှတ်မိလွယ်စေမယ့် အရာ၀တၳုတွေရဲ့နာမည်ကို နားရေ၀အောင် ခဏခဏပြောပြပေးတာမျိုး ပြုလုပ်ပေးခြင်းဖြင့် ကလေးစကားပြောမြန်စေပါတယ်။
အသက် 1 နှစ်နှင့် 1 နှစ် 3 လကြား ကလေးငယ်တွေပြောသောစကား
အသက် 1 နှစ်စွန်းစွန်းအရွယ်ရောက်လာချိန်မှာတော့ ပ၊ ဘ၊ မ၊ ဒ၊ န စကားလုံးတွေကို မှတ်သားတတ်လာပြီ မိသားစု၀င်တွေပြောတဲ့ စကားတွေထဲမှာ သူတို့အတွက် မှတ်ရလွယ်တဲ့ အဆိုပါစကားလုံးလေးတွေကို လိုက်လံတုပပြီး ပြောဆိုတတ်လာပါပြီ။ များသောအားဖြင့် "ဘေဘီ"၊ "ဘော" စတဲ့ စကားလုံးတွေကို စပြောနိုင်လာပြီး အရုပ်ကောက်ယူခိုင်းတဲ့ အမိန့်ပေးစကားသံကိုလည်း နားလည်နိုင်လာပါပြီ။ ဒါကြောင့် ဖေဖေ၊ မေမေတို့အနေနဲ့ အသက် 1 နှစ်စွန်းစွန်း မိမိတို့ရဲ့ သားငယ်၊ သမီးငယ်လေးတွေကို သူတို့ပြောထွက်နိုင်တဲ့ စကားလုံးအစလေးတွေကို များများပြောပြပြီး စကားပြောလေ့ကျင့်ပေးပါ။
အသက် 1 နှစ် 6 လနှင့် 2 နှစ်ကြားကလေးငယ်တွေ ပြောသောစကား
လမ်းလျှောက်တတ်စ ကလေးငယ်အများစုဟာ 18 လသားအရွယ်မှာ စကားလုံး (20) ခန့်ပြောကြပြီး အသက် 2 နှစ်အရွယ်မှာတော့ စကားလုံး (50) ဒါမှမဟုတ် (50) ထက်ပိုပြီးပြောတတ်ကြ ပါတယ်။ အသက် 2 နှစ်အရွယ် ရောက်လာတဲ့အချိန်မှာ စကားလုံးနှစ်လုံးဆက်စာကြောင်းလေးတွေကို တည်ဆောက်တတ်လာပါပြီ ဥပမာ- ဘေဘီ ငိုတယ်၊ ဖေဖေ စတဲ့ကားလုံးလေးတွေပါ။ ဒါ့အပြင် မျက်လုံး၊ နား၊ နှာခေါင်းကို မှန်ကန်အောင်ညွှန်ပြနိုင်လာကြပြီး အရုပ်ကောက်ယူပေးပြီး ဒီကိုလာပေးပါဆိုတဲ့ ဆက်စပ်မှုရှိတဲ့ အမိန့်ပေးစကားသံတွေကို လိုက်နာတတ်လာပါပြီ။ ဒါပေမယ့် ကလေးတစ်ယောက်နဲ့ တစ်ယောက် စကားပြောနှုန်းကွာခြားတတ်တာကြောင့် မိဘတွေအနေနဲ့စိတ်လော နေဖို့မလိုပါဘူး။ စိတ်ရှည်ရှည်ထားပြီး မိမိကလေးစကားပြောတတ်လာအောင် လေ့ကျင့်ပေးဖို့သာအဓိကလိုအပ်ချက် တစ်ခုဖြစ်ပါတယ်။
အသက် 2 နှစ်နှင့် 3 နှစ်အရွယ်ကလေးငယ်တွေ၏ စကားပြောစွမ်းရည်
စကားပြောတတ်စအရွယ်၊ လမ်းလျှောက်တတ်ကာစ 2 နှစ်၊ 3 နှစ်အရွယ် ကလေးငယ်လေးတွေ လေ့လာ စူးစမ်းတတ်ကြတာကြောင့် စကားလုံးအသစ်အသစ်တွေ သိသထက်သိလာပြီး စကားပြောစွမ်းရည်တဖြည်းဖြည်းတိုး တက်လာတဲ့အပြင် နားလည်မှုစွမ်းရည်လည်း မြင့်မားလာပါတယ်။ ဥပမာ- စားပွဲပေါ်တင်လိုက်၊ အိပ်ရာအောက်မှာ ထားလိုက်ဆိုတဲ့အဓိပ္ပါယ်ကို နားလည်ပြီး လိုက်နာလုပ်ဆောင်လာတတ်ကြပါတယ်။ အရောင်တွေကိုခွဲခြားတတ်လာပြီး အရာ၀တၳုအကြီးအသေးက အစ နှိုင်းယှဉ်တတ်လာပါပြီ။ ဒါကြောင့် ဖေဖေ၊ မေမေတို့အနေနဲ့ ကလေးငယ်လေးတွေမသိ၊ နားမလည်သေးတာကို သိမြင်နားလည်လာအောင် သေချာရှင်းပြပြောဆိုခြင်းဖြစ်စေ၊ ကလေးငယ်စာဖတ်ဝါသနာပါလာအောင် အိပ်ရာ၀င်ချိန်တိုင်း ပုံပြင်စာအုပ်ဖတ်ပြခြင်းဖြင့်ဖြစ်စေ ကလေးမှာစကားလုံး ေဝါဟာရအသစ်တွေ တိုးပွားလာစေဖို့ စိတ်ရှည်ရှည်ထားပြီး ပြုစုပျိုးထောင်ပေးသင့်ပါတယ်။
CMS






























