/
node/3847

တုပ်ကွေးရာသီလာပါပြီ

Category
ဂျာနယ်များ၊ မဂ္ဂဇင်းများနှင့် သတင်းများ

        တုပ်ကွေးရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးများ၊ ကြိုတင်ကာကွယ်ထားနိုင်မည့် နည်းလမ်းများနှင့် ဆောင်ရန်၊ ရှောင်ရန် ကိစ္စရပ်များအား အသိပညာပေးသည့် ဟောပြောပွဲတစ်ခုကို ဆာကူရာဆေးရုံနှင့် သက်ပိုင်စိုးကုမ္ပဏီတို့မှပူးပေါင်း၍ မေလ 20 ရက်နေ့တွင် ဆာကူရာဆေးရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။ “တုပ်ကွေးရောဂါကြိုတင်ကာကွယ်ပါ”ဟူသည့် ခေါင်းစဉ်ဖြင့်ကျင်းပခဲ့သည့် အဆိုပါဟောပြောပွဲတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ရင်ခေါင်းနှင့်အထွေထွေရောဂါကုသမားတော်ကြီး တွဲဖက်ပါမောက္ခ ဒေါက်တာဒေါ်အေး၀င်းဆက် မှ ဟောပြောဆွေးနွေးပေးခဲ့ပြီး ပွဲတက်ရောက်လာသူများမှလည်း သိလိုသည်များကို မေးမြန်းခဲ့ကြသည်။

          တုပ်ကွေးဖြစ်သူများထဲမှ 19% ခန့်သည် ဆေးရုံတက်ရလေ့ရှိပြီး အဆိုပါဆေးရုံတက်ရသူများအနက် အများစုမှာ အသက်ကြီးသူများ ဖြစ်လေ့ရှိကြောင်းသိရသည်။ ဒေါက်တာ ဒေါ်အေး၀င်းဆက်က “ရာသီကြောင့်ဖြစ်တဲ့ တုပ်ကွေးက ပြည်တွင်းမှာဇွန်၊ ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာလတွေမှာ ဖြစ်လေ့ရှိပြီးတော့ ရောဂါလက္ခဏာက သာမန်တုပ်ကွေးနဲ့မတူဘဲ နုံးခွေနေတာမျိုးပါ။ ငှက်ဖျားန့ဲလည်းမှားလေ့တော့ရှိတယ်၊ ဒါပေမယ့် ငှက်ဖျားကအချိန်ပိုင်းနဲ့ပဲ အဖျားတက်တာ၊ တုပ်ကွေးက အချိန်တိုင်းအိပ်ယာထဲကနေ မထနိုင်တာမျိုးဖြစ်တာပါ” ဟု ရှင်းပြသည်။

        “ကမ်ဘာမှာတစ်နှစ်ကိုလူ 3 သန်းကနေ 5 သန်းလောက်အထိ တုပ်ကွေးဖြစ်လေ့ရှိပြီး 2 သိန်းခွဲကနေ 5 သိန်းအထိ အသက်ဆုံးရှုံးနေတာတွေ့ရတယ်။ ဘိုးဘွားရိပ်သာလိုမျိုးတွေမှာလည်း ဖြစ်တတ်ပြီး အဖြစ်များတာက အသက် 65 နှစ်အထက်နဲ့ အသက် 5 နှစ်အောက်တွေမှာပါ။ ဆီးချို၊ အဆုတ်ပွရောဂါနဲ့ နှလုံးရောဂါအခံရှိရင်လည်း ပိုဖြစ်လွယ်တယ်။ ဆေးရုံတက်လာသူတွေကြည့်ရင် အသက်ကြီးပိုင်းတွေ ပိုများပါတယ်” ဟု ဒေါက်တာ ဒေါ်အေး၀င်းဆက်က ပြောကြားသည်။               

        တုပ်ကွေးရောဂါကို ဆေးထိုးခြင်းဖြင့်လည်း ကြိုတင်ကာကွယ်နိုင်ပြီး ဆေးထိုးခြင်းကြောင့် ရောဂါလုံး၀ မဖြစ်နိုင်ဟူ၍တော့ အာမခံထားခြင်းမရှိသေးပေ။ ကလေးငယ်များအနေဖြင့် အသက် 6 လကျော်တွင် တုပ်ကွေးရောဂါကာကွယ်ဆေး စတင်ထိုးနိုင်ကြောင်း WHO မှ ပြောကြားထားသည်။ လူကြီးများ 1 ခါသာထိုးရန် ညွှန်ကြားထားသော်လည်း ကလေးငယ်များအနေဖြင့် 1 လခြားပြီး နှစ်ကြိမ်ထိုးရန် လိုအပ်ကြောင်းသိရသည်။ တုပ်ကွေးဖြစ်သူများအနက် ကလေးငယ်အရေအတွက်မှာ 20% နီးပါး ရှိနေပြီး ကာကွယ်ဆေးထိုးခြင်းဖြင့် တုပ်ကွေးကြောင့် သေဆုံးနှုန်းအား 40% နီးပါးလျော့ချနိုင်ခဲ့ကြောင်း စစ်တမ်းများအရသိရသည်။

        တုပ်ကွေးရောဂါပိုးမှာလက်မှတစ်ဆင့် ကူးစက်မှု 70% နီးပါးရှိပြီး လေထဲမှတစ်ဆင့် ရောဂါပိုးကူးစက်မှုမှာ 20% မျှသာရှိသည်။ “လူနာတွေက ကိုယ်ရောဂါဖြစ်နေတာကိုမသိဘဲ နှာခေါင်းကိုတစ်ချိန်လုံးကိုင်နေပြီး ရုံးကအရာ၀တၳုပစ္စည်းတွေကို လျှောက်ကိုင်လေ့ရှိတယ်။ ဥပမာသူက နှာချေတာကိုလက်နဲ့အုပ်ချေလိုက်တယ်၊ ပြီးတော့ အဲဒီလက်နဲ့ ပြတင်းပေါက်ဘောင်ကို ကိုင်တာမျိုး၊ အများသုံးပစ္စည်းတွေကို ကိုင်တာမျိုးဖြစ်တတ်တယ်။ သူကိုင်ထားတာကို တစ်ခြားတစ်ယောက်က သွားကိုင်လိုက်ရင် ကူးစက်ခံရတတ်တယ်။ တုပ်ကွေးဆိုတာမျိုးက ဒီတစ်ယောက်မှာဖြစ်နေတာနဲ့ နောက်တစ်ယောက်ကို ကူးတဲ့အခါဖြစ်တာမျိုး မတူတတ်ဘူး၊ ကိုယ်ခံအားနည်းတဲ့သူတွေမှာဆို ရောဂါကပိုပြင်းထန်တတ်တယ်။ လေထဲကိုနှာချေလိုက်တာကနေလည်း ကူးတတ်သေးတယ်။ ဒါကြောင့် တုပ်ကွေးဖြစ်နေရင် အတတ်နိုင်ဆုံးလက်သေချာဆေးပါ၊ ချောင်းဆိုးနှာချေရင် အုပ်ဆိုးပါ၊ အိမ်မှာနေတာအကောင်းဆုံးကာကွယ်နည်းပါပဲ။ နှာအရမ်းစေးတာကတော့ ရိုးရိုးအဖျားဖြစ်တာများပါတယ်” ဟုဒေါက်တာ ဒေါ်အေး၀င်းဆက် က ဆိုသည်။

        တုပ်ကွေးရောဂါနှင့်ပတ်သက်ပြီး ပြည်တွင်းတွင် 2003 ခုနှစ်မှစပြီး စစ်တမ်းပြုလုပ်ခဲ့ကာ အဆိုပါစစ်တမ်းအတွက် ကူညီထောက်ပံ့ပေးသော ဂျပန်သို့ ပြန်လည်ပေးပို့ခဲ့ကြောင်း၊ လက်ရှိစစ်တမ်းများအရ ရန်ကုန်နှင့် နေပြည်တော်တို့တွင် တုပ်ကွေးအမျိုးအစားများထဲမှ AH1N1 နှင့် H3N2 ရောဂါ အဖြစ်များကြောင်းသိရပါသည်။

                H1N1 တုပ်ကွေးရောဂါနှင့် ပတ်သက်ပြီး 1918 ခုနှစ်အတွင်း စပိန်နိုင်ငံတွင် လူဦးရေသန်း 20 မှ 40 အတွင်း သေဆုံးမှုတစ်ခုဖြစ်ပွားဖူးပြီး 1968 တွင်လည်း လူများစွာသေဆုံးသောဟောင်ကောင် Flu ဟူ၍လည်းဖြစ်ပွားခဲ့ဖူးသည်။

 

Ye Lin Lin Than

www.drmyanmar.com