/
node/3855

ရောဂါပိုးတွေကို နိုင်ပါမှ (အပိုင်း - 2)

Category
ဆရာ၀န်ကြီးများ ၏ ဆောင်းပါးများ

        ရောဂါပိုးတွေက ပဋိဇီ၀ဆေးတွေကို ဘာလို့ဒီလောက် ခပ်များများ ယဉ်ပါးနေကြတာလဲ၊ ဘာလို့ဒီလောက် ခပ်မြန်မြန် ဆေးမတိုးဖြစ်နေကြတာလဲ။ အကြောင်းအားလုံး ပေါင်းဆုံရာဖြစ်သည်။ ဒီအကြောင်းတွေနှင့် ပတ်သက်ပြီး သာမန်အရပ်သားတို့ ၏ သုံးသပ်ပုံ၊ ထင်မြင်ယူဆပုံတို့ကလည်း စိတ်၀င်စားဖွယ်ကောင်းသည်။ ကမ်ဘာ့ကျန်းမာရေးအဖွဲ့က 2015 ခုနှစ်တွင် ပဋိဇီ၀ဆေး ယဉ်ပါးမှုအပေါ် သာမန်ပြည်သူတို့၏ အထင်နှင့်အမြင်ကို မေးခွန်းများမေးပြီး လေ့လာထားသည်။ အဖြေပေးသူအားလုံး၏ 75 ရာခိုင်နှုန်းက ရောဂါပိုးသည် ပဋိဇီ၀ဆေးကို တုံ့ပြန်မှုကျသည်၊ ယဉ်ပါးသည်ဟုမထင်။ လူက ပဋိဇီ၀ဆေးကို ယဉ်ပါးနေသည်ဟု ထင်နေကြသည်။ ကူးစက်သည့်ရောဂါပိုး၏ ပါ၀င်ပတ်သက်မှုကိုပင် မသိဖြစ်နေသည်။

          နောက်မေးခွန်းကတော့ အဆင့်နည်းနည်းမြင့်သည်။ ကိုယ်ဆေးမှန်မှန်သောက်လျှင် ပဋိဇီ၀ဆေး ယဉ်ပါးမှုပြဿနာ မရှိနိုင်ဟု ဖြေသူထက်၀က်ကျော်က ထင်သည်။ မေးခွန်းက အဆင့်နည်းနည်းမြင့်တော့ အဖြေက အပေါ်ယံသက်သက်ဖြစ်နေသည်။ ပဋိဇီ၀ဆေးယဉ်ပါးခြင်း၏ အခြေခံသဘောတရားကို ငုံမိကြပုံမပေါ်ဖြစ်နေသည်။ အမှန်တော့ ကိုယ်တစ်ယောက်တည်း ဆေးမှန်မှန်သောက်နေရုံနှင့်မပြီး။ ကိုယ်လည်း ဆေးမှန်မှန် သောက်ရမှာဖြစ် သလို၊ ကိုယ်စီကိုယ်စီစနစ်တကျ ဆေးသောက်ကြရမှာ ဖြစ်သလို၊ အားလုံး၀ိုင်းကြ၊ ၀န်းကြမှ ပြေလည်မည့်သဘောဖြစ်သည်။

          ဒီအဖြေနှင့် ဆက်နွှယ်ပြီး တရားဥပဒေစိုးမိုးရေးနှင့် ပတ်သက်သည့်ပြောစကားတစ်ခုကို ကြားဖူးသည်။ မိမိအိမ်တစ်လုံးတည်း မီးမလောင်အောင် စည်းကမ်းတကျထိန်းရုံနှင့်မရ။ မိမိအိမ်နီးချင်း၊ ရပ်ကွက်၊ မြို့ရွာရှိ အိမ်ထောင်စုအားလုံး၊ မိသားစု၀င်အားလုံး စည်းကမ်းရှိဖို့၊ မီးဘေးအသိသတိရှိဖို့၊ အားလုံးဂရုစိုက်ကြဖို့လည်း လိုသည်။ သို့မှသာ မိမိအိမ်အပါအ၀င် တစ်ရပ်ကွက်လုံး၊ တစ်ရွာလုံး တစ်မြို့လုံးမီးဘေးကင်းမည်ဖြစ်သည်။ အလားတူ မိမိက အိမ်နီးချင်းအိမ်ဓားပြ တိုက်ခံရသည်ကို ကိုယ့်အိမ် မဟုတ်၊ ကိုယ်နှင့်မဆိုင်ဟု တွက်ပြီးနေသာသလို နေပါက နောင် ကိုယ့်အိမ်လည်း စိတ်မချရ။ ဘယ်တော့ ဓားပြတိုက်ခံရမလဲဟု တထင့်ထင့်ဖြစ်နေမည်ဖြစ်သည်။ တစ်ရပ်ကွက်လုံးလုံခြုံရေး၊ သူ့အိမ်ကိုယ့်အိမ်စုပေါင်းပြီး လုံခြုံရေးလုပ်မှ၊ သူ့ကိုကူညီ၊ ကိုယ့်ကို ကူညီနှင့်မှ မိမိအိမ်၊ သူ့အိမ်၊ တစ်ရပ်ကွက်လုံးဓားပြဘေး အေးမည်ဖြစ်သည်။ လူတိုင်း၊ လူတိုင်းရောဂါပိုးများ ပဋိဇီ၀ဆေး ယဉ်ပါးခြင်းနှင့် ပတ်သက်ပြီး မိမိကဏ္႑၊ မိမိနှင့်ဆိုင်ရာ၊ ၀ိုင်းကြ၊ ၀န်းကြမှ အားလုံး ဒီဘေး၊ ဒီအန္တရာယ်မှ ကင်းေ၀းမည်ဖြစ်သည်။

          ရောဂါပိုးတို့၏ ပဋိဇီ၀ဆေးယဉ်ပါးမှုက ခပ်လွယ်လွယ်နှင့် ရှင်းလို့ရသည့်ပြဿနာမဟုတ်။ ဒါ့ကြောင့်လည်း တစ်ကမ်ဘာလုံး အာရုံစိုက်၊ ၀ိုင်း၀န်းကြိုးစားနေကြခြင်းဖြစ်သည်။ ဆေးထုတ်လုပ်သူက အရည်အသွေး စံချိန်မီဆေးထုတ်လုပ်ဖို့။ ဆေးသယ်၊ လှောင်၊ ရောင်းသူတို့က ဆေးအရည်အသွေးဆက်ထိန်းရန်၊ သယ်၊ လှောင်၊ ရောင်းရာတွင် စနစ်တကျရှိဖို့၊ ဆေးဝါးကွပ်ကဲကြီး ကြပ်ရေးအဖွဲ့က ဆေးတို့၏ အရည်အသွေးကို မျက်ခြည်မပြတ် အစဉ်အမြဲစစ်ဆေးကြီးကြပ်နေဖို့၊ သက်ဆိုင်ရာတို့က တရားမ၀င် ဆေး၊ အရည်အသွေး မမီဆေး၊ ဆေးတုအားလုံးနှင့် ပတ်သက်သမျှကို တားဆီးအရေးယူဖို့၊ ဆေးဝါး၀ယ်ယူ၊ တင်သွင်း၊ ဖြန့်ချိ၊ ရောင်းချ သူတို့ကလည်း လောဘကိုထိန်း၊ မတော်မတရားကိုရှောင်၊ သမ္မာအာဇီ၀ဖြစ်အောင်လုပ်ကြ၊ ကိုင်ကြဖို့၊ ဆေးဆိုင်များကလည်း တရား၀င်မှတ်ပုံတင် မထားသည့်ဆေး၊ စံမမီဆေး၊ ဆေးတု၊ စပ်ဆေးများကို မရောင်းဖို့၊ လက်တင်ရောင်းနိုင်သော ဆေးနှင့် ဆရာ၀န်ဆေးညွှန်းပါမှ ရောင်းရသော ဆေးအုပ်စု နှစ်ခုရှိ ဆေးခန်း ကျင့်၀တ်၊ စည်းကမ်းနှင့်အညီ ခွဲခြားရောင်းဖို့။ ဆရာ၀န်ကလည်း ပဋိဇီ၀ဆေးများကို စနစ်တကျ၊ စည်းကမ်းနှင့်အညီ၊ အကျိုးအကြောင်းဆင်ခြင်စွာသုံးဖို့၊ ပဋိဇီ၀ ဆေးအသုံးလမ်းညွှန်များအတိုင်းသုံးဖို့။ အဏုဇီ၀ဆရာ၀န်တွေကလည်း သက်ဆိုင်ရာဒေသ၊ ဆေးရုံအလိုက်ရောဂါပိုးတို့၏ ပဋိဇီ၀ ဆေးတုံ့ပြန်မှုအခြေအနေ ပုံမှန်လေ့လာ၊ သုံးသပ်၊ ထုတ်ပြန်ဖို့။ ပြည်သူတစ်ဦးချင်းစီကလည်း ပဋိဇီ၀ဆေးများကို လွယ်လင့်တကူ မသောက်ဖို့၊ အမှန်တကယ် လိုအပ်မှသောက်ဖို့၊ စနစ်တကျ ဆေးပတ်လည်အောင်သောက်ဖို့၊ မွေးမြူရေးလုပ်ငန်းများတွင် ပဋိဇီ၀ ဆေးကိုမသုံးဖို့၊ သုံးလျှင်လည်း စနစ်တကျသုံးဖို့စသည်ဖြင့် တစ်ဦး၊ တစ်ယောက်မကျန် ပါ၀င်ပတ်သက်နေသည်။ ကဏ္႑အသီးသီးက ကိုယ့်တာကိုယ်လုံအောင် လိုက်နာ၊ လုပ်ဆောင်ဖို့လိုသည်။ စနစ်ကျပြီး နိုင်ငံများတွင်တော့သိပ်မဆိုးလှ၊ သိပ်မပင်ပန်း၊ ပုံမှန် ဆက်ချီတက်ရုံသာရှိသည်။ တချို့ဥရောပနိုင်ငံများတွင် မွေးမြူရေးလုပ်ငန်းများတွင် ပဋိဇီ၀ဆေး လုံး၀သုံးခွင့်မရှိအောင် တားမြစ် ပိတ်ပင်ထားသည်။

          ကဏ္႑စုံလိုအပ်ချက်ရှိနေသော နိုင်ငံများအတွက်တော့ ပဋိဇီ၀ဆေးယဉ်ပါးမှုအတွက် လုပ်စရာတွေကများလှသည်။ အမယ်ဘုတ်ရဲ့ သူ့ချည်ခင်လို ဘယ်ကစရမည်ပင်မသိလောက်အောင် ခပ်ခက်ခက်ဖြစ်နေကြသည်။ ခက်လို့မလုပ်လို့ကလည်းမဖြစ်။ ခက်ပေမယ့် လုပ်ကြရမည်သာ။

          လုပ်စရာတွေများလှသည်ထဲတွင် ခပ်လွယ်လွယ်နှင့် ထိရောက်သည်များလည်းရှိသည်။ လူတိုင်းလုပ်သင့်သည့် တစ်ကိုယ်ရေသန့်ရှင်းရေးဖြစ်သည်။ ရောဂါပိုးကူးစက်မှုကို လျော့နည်းစေ၊ ပဋိဇီ၀ဆေးအသုံးကိုနည်းစေ၊ ဒီလိုနှင့် ပဋိဇီ၀ဆေး ယဉ်ပါးမှုကို အတိုင်းအတာတစ်ခုထိ တားဆီးနိုင်သည်။ တစ်ကိုယ်ရေသန့်ရှင်းခြင်းထဲတွင်မှ အလွယ်ကူဆုံးက လက်ဆေးခြင်း ဖြစ်သည်။ ရေအိမ်အ၀င်အထွက်၊ ဘာစားစား၊ ဘာသောက်သောက်၊ ဘာကိုင်ကိုင်၊ ဘာလုပ်လုပ် စနစ်တကျ လက်ဆေးခြင်းသည် တစ်ဦးချင်းစီ၊ တစ်ရပ်ကွက်၊ တစ်မြို့တစ်ရွာစီ၊ တစ်နိုင်ငံလုံး ပဋိဇီ၀ဆေးယဉ်ပါးမှုကို တော်တော်တန်တန် လျော့နည်းစေမည်ဖြစ်ပါသည်။

 

 

Credit: မောင်နေ (ဆေး/မန်း)

Health Digest Journal

Vol: 13, No: 34, 1-6-2016