/
node/3857

ရှေးအခါက သွားကျန်းမာရေး

Category
ဆရာ၀န်ကြီးများ ၏ ဆောင်းပါးများ

        လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းကတော့ သွားနဲ့ပတ်သက်ပြီး ေ၀ဒနာတစ်ခုခုခံစားလာရပြီဆိုရင် အခြားကုသနည်းတွေ ထက် ရောဂါဖြစ်နေတဲ့ သွားကို နုတ်ပစ်လိုက်ဖို့ ပိုပြီးအားသန်ကြပါတယ်။ ဥပမာအားဖြင့် သွားကိုက်ခြင်းစတဲ့ သွားေ၀ဒနာမျိုးတွေမှာ သွားကိုက်သက်သာသွားအောင် ကုသဖို့ထက်နုတ်ဖို့ပဲ အများစုက စဉ်းစားခဲ့ကြပါတယ်။ ဒီလိုဖြေရှင်းခြင်းကို နှစ်ထောင်နဲ့ ချီပြီး ခေတ်အဆက်ဆက်သုံးခဲ့ကြပါတယ်။ 19 ရာစုအလယ်ပိုင်းလောက်အထိ တိုင်အောင်ပါပဲ။ ထောင်ပေါင်းများစွာသော လူ့ အသက်တွေဟာ ဆိုးရွားပြီး အတွေ့အကြုံနည်းပါးလှတဲ့ ကုသမှုတွေကြောင့် ဆုံးရှုံးခဲ့ကြရပြီး သွားနုတ်ခံရဖို့အတွက် ထိုင်ခုံပေါ်မှာ ထိုင်လိုက်ရခြင်းက အဲဒီခေတ်က လူတိုင်းအတွက် အတွေ့အကြုံဆိုး၊ အိပ်မက်ဆိုးတစ်ခုလိုမျိုးဖြစ်ခဲ့ရတဲ့ အချိန်တွေရှိခဲ့ဖူး ပါတယ်။ ဆိုးရွားတဲ့ နာကျင်မှုေ၀ဒနာနဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို ရင်ဆိုင်ဖို့အတွက်ဆိုတာ ၀ီစကီ (Whisky) ပြင်းပြင်း သောက်ပြီး မူးရူးနေခြင်းဖြင့် ဖြတ်ကျော်မလား ဒါမှမဟုတ် သွားနုတ်တဲ့အခါမှာ သိပ်မနာပါစေနဲ့၊ သွားနုတ်ပြီးရင်လည်း မဖျားနာ ရပါစေနဲ့ဆိုပြီး ဆုတောင်းရုံလောက်ပဲ တတ်နိုင်ခဲ့ကြပါတယ်။

          ဟိုအရင်အချိန်က လူတွေရင်မဆိုင်လိုတဲ့ ပြဿနာတွေထဲကတစ်ခု ဖြစ်ခဲ့ပါတယ်။ ယနေ့အချိန်မှာ တိုးတက်နေပါတယ် ဆိုတဲ့ အင်္ဂလန်လို နိုင်ငံမျိုးမှာတောင် ယခင်က သွားနုတ်တဲ့ ကိစ္စမျိုးကို ဆံပင်ညှပ်၊ မုတ်ဆိတ် မွေးရိတ်ပေးသူ (Barbers) တွေနဲ့ ပန်းပဲဖိုဆရာ (Blacksmith) တွေကပဲ လုပ်ကိုင်ပါတယ်။ သွားနုတ်ဖို့အတွက် ပလာယာကောင်းကောင်းတစ်ခု သို့မဟုတ် ပုလင်းအဖုံးဖွင့်တဲ့ ဖောက်တံလို ဟာမျိုးနဲ့ နုတ်ပါတယ်။ ပြင်းထန်လှတဲ့ သွားကိုက်ေ၀ဒနာ၊ ကြောက်စရာကောင်းတဲ့ သွားနုတ်နည်းတွေနဲ့ သွားနုတ်ပစ္စည်းအထူးအဆန်းကြီးတွေက ခေတ်အဆက်ဆက်မှာ အတော်လေးကို လွှမ်းမိုးမှုရှိခဲ့ပါတယ်။

          1665 ခုနှစ်၊ ဥရောပမှာ ပလိပ်ရောဂါဆိုးပျံ့နှံ့နေချိန်မှာကို သေဆုံးသူ စုစုပေါင်းရဲ့ 10 ပုံ 1 ပုံက သွားရောဂါနဲ့ ပတ်သက်ပြီးသေခဲ့ရတာကို ကြည့်ခြင်းအားဖြင့် ဒီပြဿနာက ဘယ်လောက်ကြီးမားလဲဆိုတာ စဉ်းစားကြည့်လို့ရပါတယ်။ ခရစ်တော်မပေါ်မီ နှစ်များစွာအကြာက နေထိုင်ခဲ့တဲ့လူတွေက သွားကိုက်တယ်ဆိုတာ သွားကို ပိုးကောင်တွေက ဒုက္ခပေးကြတယ်။ ဒါကြောင့် သွားနာတယ်ဆိုပြီး ယုံကြည်ခဲ့ကြပါတယ်။

          1771 ခုနှစ်မှာ ဂျွန်ဟန်တာ (John Hunter) ဆိုတဲ့ ဆေးပညာရှင်တစ်ယောက်က သွားကျိုးနေရာ၊ သွားမရှိသူတွေကို သူကြံဖန်စုဆောင်းထားတဲ့ သွားအစစ်တွေကို ဝါယာကြိုးတွေနဲ့ချည် အမျိုးမျိုးလုပ်ပြီး လွတ်နေတဲ့ သွားနေရာတွေမှာ ပြန်ဖြည့်၊ ပြန်စိုက်ပြနိုင်ခဲ့ပါတယ်။ အရမ်းကို ပေါ်ပြူလာဖြစ်တဲ့ ကိစ္စတစ်ခု ဖြစ်သွာပါ တယ်။ ငွေကြေးတတ်နိုင်ချမ်းသာတဲ့သူတွေက ဆင်းရဲသားတွေရဲ့ သွားဖြူဖြူလေးတွေကို ပိုက်ဆံပေးပြီး၀ယ်ယူလာတဲ့အထိ ဖြစ်လာပါတယ်။ နောက်ပိုင်း ဘယ်လောက်အထိ ရူးသွပ်ကုန်လည်း ပြောရမယ်ဆိုရင် သချႋုင်းက အလောင်းတွေရဲ့ သွားတွေကိုနုတ်ပြီး ရောင်းစားတဲ့အထိ လုပ်လာကြပါတယ်။ အလောင်းဖော်ပြီး သွားနုတ်ယူတဲ့သူတွေရဲ့ တစ်ည၀င်ငွေက အခုခေတ်ငွေကြေးနဲ့ ယှဉ်ကြည့်မယ်ဆိုရင် ဒေါ်လာ 14000 လောက်နဲ့ ညီပါတယ်။

          အရောင်းအ၀ယ်လုပ်တဲ့ သွားအများစုကတော့ ဝါယာကြိုးနဲ့ချည် ပါးစပ်ထဲမှာ ထည့်ခံခဲ့ရပြီး အနည်းငယ်သောပမာဏကတော့ အံကပ် (Denture) လုပ်တဲ့အခါမှာ အသုံးပြုခဲ့ကြပါတယ်။ ဒါတွေဟာ လူချမ်းသာတွေအတွက်ပဲ တတ်နိုင်ခဲ့တာဖြစ်ပြီး အများစုကတော့ ပုံမှန်ဒုံရင်းအတိုင်းပါပဲ။ မသန့်ရှင်းတဲ့သွားတွေကို ပါးစပ်ထဲကို ထည့်ထားတဲ့အတွက် ရောဂါတွေလည်းဖြစ်ကြ ပြန်ပါတယ်။

          1815 ခုနှစ်၊ ဇွန်လ 18 ရက်၊ တနင်္ဂနွေနေ့မှာဖြစ်ခဲ့တဲ့ ဝါတာလူးစစ်ပွဲ (Waterloo) အပြီးမှာတော့ လူ 40000 ကနေ 50000 ကြား သေဆုံးသွားပါတယ်။ သေဆုံးသူတွေရဲ့ သွားတွေက လူလတ်တန်းစားတွေ သွားစိုက်လာနိုင်အောင် ကူညီပေးခဲ့သလိုဖြစ်ခဲ့ပါတယ်။

 

 

Credit: ဒေါက်တာမိုးေ၀မြင့်

Health Digest Journal

Vol: 13, No: 34, 1-6-2016