ကိုယ်နေဟန်ထားမှန်ကန်စေဖို့
ကိုယ်နေဟန်ထားမှန်ကန်ခြင်းကြောင့် အများအမြင်မှာတင့်တယ်စေနိုင်သလို အသက်ရှူနှုန်းကို လွယ်ကူချောမွေ့စေပြီး ကျန်းမာရေးကောင်းကျိုးများစွာ ရရှိစေနိုင်ပါတယ်။ ဒါကြောင့် မိမိတို့ ကိုယ်နေဟန်ထားတွေကို ဒီနေ့ကစပြီး ပြုပြင်လိုက်ကြပါစို့ …
1) ခန္ဓာကိုယ်ကိုအမြဲတမ်းမတ်မတ်ထားပါ
ခန္ဓာကိုယ်ကိုအမြဲတမ်းမတ်မတ်ထားပြီး မတ်မတ်ရပ်ရပါမယ်။ ခန္ဓာကိုယ်တည့်တည့်မတ်မတ် ထားခြင်းကြောင့် ခန္ဓာကိုယ်သွယ်လျသလို ထင်ဟပ်စေနိုင်သကဲ့သို့ပင် ကိုအရပ်အမောင်းထက် ရှည်သွားစေနိုင်ပြီး မိမိကိုယ်ကိုယုံကြည်စိတ်လည်းတိုးစေနိုင်ပါတယ်။
ကိုယ်ဟန်အနေအထားမမှန်ခြင်းကြောင့် ခံစားရနိုင်တဲ့ ကျောနာခြင်း၊ လည်ပင်းနာခြင်း၊ ကြွက်သားများ နာကျင်ကိုက်ခဲခြင်း၊ အစာမကြေခြင်း၊ ၀မ်းချုပ်ခြင်းစတဲ့ ရောဂါလက္ခဏာတွေဖြစ်နိုင်ခြေမှ ကင်းေ၀းစေနိုင်ပါတယ်။
2) မိမိရဲ့ခန္ဓာကိုယ်အနေအထား မှန်/မမှန် မှန်ရှေ့မှာဘေးတစောင်းရပ်ကြည့်ပါ
မှန်ရှေ့မှာဘေးတစောင်းရပ်ပြီး ကိုယ့်ကိုယ်နေဟန်ထားမှန်မမှန်ကြည့်ကာ လိုအပ်သလိုပြုပြင်ပါ။ တင်ပါးကိုအနောက်ဘက်သို့ အသားပေးထားကာ ၀မ်းဗိုက်နဲ့ ဆီးခုံရိုးကို အတွင်းဘက်သို့ရောက်ရှိစေရပါမယ်။ လက်ပြင်ကုန်းမသွားစေရန်အတွက် ပခုံးကိုအလျားလိုက် တပြေးညီတည်းဖြစ်နေစေရန် မတ်မတ်ထားရမှာဖြစ်ပါတယ်။
3) ထိုင်နေချိန်မှာ ခန္ဓာကိုယ်မတ်မတ်ထားခြင်းကြောင့် ကျောနဲ့ လည်ပင်းဆိုင်ရာ ပြဿနာတွေဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်
ဦးခေါင်းတည့်မတ်ခြင်းမရှိလျင် လည်ပင်းနဲ့ ကျောပေါ်မှာ ၀န်ပိစေနိုင်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်မတ်မတ်ထားခြင်းနဲ့အတူ ဦးခေါင်းကိုလည်းတည့်မတ်နေစေသင့်ပါတယ်။ နားဟာပခုံးနဲ့ တတန်းတည်းဖြစ်နေသင့်ပြီး ပခုံးကိုအောက်သို့ချထားပါ။ ခြေထောက်ကို ကြမ်းပြင်နဲ့ထိနေစေသင့်ပြီး တင်ပါးနဲ့ ဒူးခေါင်းက 90 ဒီဂရီအနေအထားရှိနေသင့်ပါတယ်။ တင်ပဆုံရိုးနဲ့ ကျောရိုးဖြောင့်တန်းမှုကို ဟန်ချက်မညီစေနိုင်တာကြောင့် ခြေထောက်ချိတ်ထိုင်ခြင်းမပြုသင့်ပါ။ မတ်မတ်ထိုင်ရမယ်ဆိုပေမယ့် စက်ရုပ်ကြီးလို တောင့်တောင့်တင်းတင်းအနေအထားမျိုးတော့ မဖြစ်သင့်ပါဘူး။
4) ခေါင်းမော့ရင်ကော့ဆိုတဲ့စကားကို လမ်းလျှောက်တဲ့အခါတိုင်းကျင့်သုံးပါ
ခေါင်းမငုံ့သင့်ပါ။ ဦးခေါင်းကိုမိမိသွားလိုတဲ့ နေရာကိုဦးတည်ထားပြီး ခြေလှမ်းတိုင်းကို ညင်သာစွာလျှောက်လှမ်းသင့်ပါတယ်။ ၀မ်းဗိုက်ကြွက်သားတွေရှေ့သို့ အားပြုပြီး ၀မ်းဗိုက်ပူမနေစေရန် သတိပြုသင့်တဲ့အပြင် ပခုံးကြွက်သားတွေငုပ်လျှိုးပြီး လက်ပြင်ကုန်းမနေစေရန်လည်း သတိရှိသင့်ပါတယ်။ သယ်စရာပစ္စည်းတစ်ခုခုရှိပါက လက်တစ်ဖက်မှတစ်ဖက်သို့ ပြောင်းလဲကိုင်သင့်ပြီး ကျောပိုးအိတ် လွယ်မယ်ဆိုပါကလည်း ခန္ဓာကိုယ်အပေါ်ပိုင်းနဲ့ ခြေထောက်အားဆန့်ကျင်ဘက် လှုပ်ရှားမှုမဖြစ်နေစေရန် ပစ္စည်းတွေကို နိုင်သလောက်၀န်သာ သယ်ဆောင်သင့်ပါတယ်။
5) ကိုယ်ကာယလုပ်နေချိန်မှာ ကိုယ်နေဟန်ထားမှန်ကန်ပါစေ
ကိုယ်ကာယလုပ်နေချိန်မှာ ကိုယ်နေဟန်ထားမှန်ကန်ခြင်းက ထိခိုက်ဒဏ်ရာရခြင်းမှ အကာအကွယ်ဖြစ်စေကာ ခန္ဓာကိုယ်အချိုးအစားကျနေမှုအတွက်လည်း အထောက်အကူရစေပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်းလုပ်ချိန်မှာ မှန်ကန်တဲ့ကိုယ်နေဟန်ရှိနေစေရန်ဂရုပြုသင့်ပြီး လေ့ကျင့်ခန်းပြင်းပြင်း ထန်ထန်လုပ်ခြင်းမှ ရှောင်ကျဉ်သင့်ပါတယ်။
CMS






























