/
node/3950

ဒေါက်ဖိနပ်စီးသင့်သလား

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

        ဒေါက်ဖိနပ်ဟာ အမျိုးသမီးထုတွေကြားမှာ ရေပန်းအစားဆုံးပစ္စည်းတွေထဲက တစ်ခုဖြစ်ပါတယ်။ အမျိုးသမီးအများစုအတွက် မရှိမဖြစ်ပစ္စည်းတစ်ခုဆိုလည်း မမှားပါဘူး။ ဘာကြောင့် ဒေါက်ဖိနပ်တွေက အမျိုးသမီးတွေရဲ့ အသည်းစွဲဖြစ်နေရလဲ။ ဒေါက်ဖိနပ်တွေမှာ ဘယ်လိုအားသာချက်တွေ ရှိနေလဲ လေ့လာကြည့်ရအောင် -

1. ယုံကြည်မှုကိုတိုးပွားစေပါတယ်

          ဒေါက်ဖိနပ်စီးထားချိန်မှာ ခန္ဓာကိုယ်ကောက်ကြောင်း ပိုပေါ်လွင်စေတဲ့အတွက် မိမိကိုယ်ကိုယုံကြည်မှုတိုးပွားစေပါတယ်။ အထူးသဖြင့် မိမိအတွက်အရေးကြီးတဲ့ အခမ်းအနားတွေမှာ ယုံကြည်မှုရှိရှိနှင့် ပေါ်လွင်နေစေရန် ဒေါက်ဖိနပ်လေးတွေက ကူညီပေးပါတယ်။

2. အရပ်ပိုရှည်လာစေပါတယ်

          ဒေါက်ဖိနပ်စီးထားခြင်းကြောင့် အမြင်အားဖြင့် အရပ်ပိုရှည်လာတယ်လို့ ခံစားရပါတယ်။ အထူးသဖြင့်ဒေါက် ဖိနပ်အမြင့်က အရပ်သိပ်မရှည်သူတွေကို စိတ်ကျေနပ်မှုရရှိစေပါတယ်။ ခြေထောက်တွေကို ပိုမိုသွယ်လျတယ်လို့ ထင်ရစေတာကြောင့် စကပ်အတို၊ ဘောင်းဘီအတို၀တ်ထားချိန်မှာ ကြည့်ကောင်းအောင် ပံ့ပိုးပေးနိုင်ပါတယ်။

3. ကိုယ်နေဟန်ထားကို ပိုမိုကောင်းမွန်စေပါတယ်

          ဒေါက်ဖိနပ်စီးထားချိန်မှာ အမျိုးသမီးတစ်ယောက်ရဲ့ ကိုယ်နေဟန်ထားက ဖိနပ်ပါးစီးထားချိန်ထက် ပိုမိုစမတ်ကျတာကိုတွေ့ရမှာပါ။ ဒေါက်ဖိနပ်ရဲ့ အမြင့်ကြောင့် ခန္ဓာကိုယ်က အလိုလိုမတ်သွားပြီး ကောက်ကြောင်းများကို ပိုမိုပေါ်လွင်စေတာကြောင့် စမတ်ကျပြီးကြည့်ကောင်းနေစေပါတယ်။ ကျွမ်းကျွမ်းကျင်ကျင်စီးတတ်ဖို့တော့ လိုအပ်ပါတယ်။

          အကောင်းနှင့်အဆိုးဒွန်တွဲနေတဲ့ လောကဓမ္မတာအတိုင်း ဒေါက်ဖိနပ်မှာ ကောင်းကျိုးရှိသလိုဆိုကျိုးတွေလည်း ရှိပါတယ်။

1. ခြေထောက်နာကျင်ခြင်း

          နှစ်လက်မထက်မြင့်တဲ့ ဒေါက်ဖိနပ်တွေကို တစ်ချိန်လုံးစီးထားပါက ခြေထောက်နာကျင်ခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။ အရမ်းမြင့်တဲ့ ဒေါက်ဖိနပ်တွေက လှပစေတာမှန်ပေမယ့် တခါတရံသာ ကောင်းပါတယ်။

2. ခြေဆစ်လွဲခြင်း

          ဒေါက်မြင့်ဖိနပ်စီးသူတွေမှာ ဖိနပ်ပါးစီးသူတွေထက် ခြေဆစ်လွဲဖို့ အလားအလာပိုများပါတယ်။ တခါတလေမှ ဒေါက်မြင့်ဖိနပ်စီးသူတွေမှာ ပိုဖြစ်နိုင်ပါတယ်။ မကျွမ်းကျင်မှုကြောင့် ခဏခဏချော်လဲပြီး အဆစ်လွဲနိုင်ပါတယ်။  ဒေါက်ဖိနပ်ကို ကျွမ်းကျွမ်းကျင်ကျင် စီးတတ်သူတွေအနေဖြင့်လည်း လမ်းလျှောက်ရာမှာ သတိထားသင့်ပါတယ်။

3. လမ်းလျှောက်ရာတွင် အဆင်မပြေဖြစ်ခြင်း

          ကြမ်းတမ်းတဲ့ ခရီးသွားရမယ်၊ လမ်းများများလျှောက်ရမယ်ဆိုရင် ဒေါက်ဖိနပ်အမြင့်တွေက အဆင်မပြေလှပါဘူး။ ခရီးတွင်ကျယ်မှာလည်းမဟုတ်သလို ခါးနားခြင်း၊ ခြေထောက်နာခြင်း၊ ခြေဆစ်လွဲခြင်းစတဲ့ ကျမ်းမာရေး ပြဿနာတွေကို ရင်ဆိုင်ရမှာဖြစ်ပါတယ်။

          ဒေါက်ဖိနပ်တွေကိုလည်း မစွန့်လွှတ်နိုင်၊ ကျန်းမာရေးဆိုးကျိုးတွေကိုလည်း ရင်မဆိုင်ချင်ဘူးဆိုရင်တော့ လက်မ၀က် ဒါမှမဟုတ် တစ်လက်မလောက် ရှိတဲ့ ဒေါက်ကိုသာရွေးချယ်ပါ။ လေးငါးလက်မရှိတဲ့ ဒေါက်အချွန်တွေက တကျောရိုးကို ထိခိုက်စေနိုင်တာကြောင့် တခါတရံသာစီးပါ။

 

www.drmyanmar.com