/
node/3951

စဉ်ဆက်မပြတ် သွားနှင့်ခံတွင်းပညာရပ်ဆိုင်ရာဟောပြောပွဲကျင်းပ

Category
ဂျာနယ်များ၊ မဂ္ဂဇင်းများနှင့် သတင်းများ

          မြန်မာနိုင်ငံသွားနှင့်ခံတွင်းဆရာဝန်အသင်းမှ လစဉ်ပြုလုပ်လေ့ရှိသော စဉ်ဆက်မပြတ် သွားနှင့်ခံတွင်းပညာရပ်ဆိုင်ရာဟောပြောပွဲကို ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ အနောက်ရွှေဂုံတိုင်လမ်းရှိ M3Food Center ၌ ဇွန်လ 12 ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။

          အဆိုပါ အခမ်းအနားတွင် သွားဆရာဝန်များ အများစုကြုံတွေ့နေရသည့် သွားဆေးကုသမှုနှင့် ပတ်သက်သည့် အခက်အခဲများနှင့် လူနာများအတွက် အကျိုးရှိစေမည့် အချက်အလက်များကို ကျွမ်းကျင်ဆရာဝန်ကြီးများမှ သုတေသနပြုထားပြီး အချက်အလက်များကို မျှဝေခဲ့ကာ နာနေသောသွားအား မနှုတ်ပစ်ဘဲ ထိန်းသိမ်းထားနိုင်သည့် နည်းပညာအကြောင်းကို ပါမောက္ခဆရာကြီး ဒေါက်တာအောင်ထန်း မှ ဆွေးနွေးဟောပြောပေးခဲ့သည်။

          ''သွားကို မနှုတ်ပစ်ဘဲ ထိန်းသိမ်းတဲ့ နည်းပညာက သွားရဲ့အမြစ်ကလေးတွေ ပုတ်ပြီဆိုရင် နှုတ်ပစ်ဖို့မလိုဘူး။ တကယ်တော့ သွားအထဲမှာရှိတဲ့ ဥပမာ- သွားက အုန်းသီးလေးနဲ့တူတယ်ဆိုပါစို့၊ အထဲမှာရှိတဲ့ အနှစ်တွေက ပုတ်သွားတယ်။ အဲ့ဒါတွေကို ထုတ်ပြီးအနှစ်တွေကို ပြန်ဖြည့်တယ်ပေါ့။ ဒီလိုပဲ သွားအခေါင်းထဲက အမြစ်ရဲ့အထဲမှာရှိတဲ့ မကောင်းတဲ့ ပုတ်နေတဲ့ အစိတ်အပိုင်းလေးတွေ၊ အာရုံကြောလေးတွေ၊ သွေးကြောလေးတွေ ပုပ်နေတာကို ထုတ်လိုက်ပြီးတော့ ဆေးတစ်မျိုးကို ပြန်ထည့်ပေးလိုက်ရင် သွားက နှုတ်စရာမလိုတော့ဘူး၊ မနာလည်းမနာ၊ ယောင်လည်းမယောင်တော့ဘူး သူကဆက်သုံးလို့ရသွားမှာပါ'' ဟု သွားနှင့်ခံတွင်းဆရာဝန်အသင်းမှ ပါမောက္ခဆရာကြီးဒေါက်တာသိန်းကြူ က ပြောသည်။

          သွားများကို အမြဲဂရုတစိုက်မစစ်ဆေးဘဲ နာကျင်မှုဖြစ်ပေါ်လာမှသာ သွားဆေးခန်းများသို့ သွားရောက်သူများရှိသကဲ့သို့ နာကျင်မှုဖြစ်သော်လည်း သွားဆေးခန်းသို့မသွားဘဲ အချိန်နောက်ကျမှသာ သွားပျက်စီးမှုကိုသိရှိကြခြင်းကြောင့် သွားနှုတ်ပစ်ရမှုများ မကြာခဏတွေ့ရှိနေရသဖြင့် မိမိ၏သွားကျန်းမာရေး အား ခန္ဓာကိုယ်ကျန်းမာရေးကဲ့သို့ပင် ဂရုပြုသင့်ပါသည်။

          ''သွားတစ်ချောင်းကို လွယ်လွယ်ကူကူ နှုတ်ပစ်ဖို့ လူနာတွေက တောင်းဆိုတတ်ကြတယ်။ အဲ့လိုလည်း မတောင်ဆိုသင့်ပါဘူး။ သွားကိုမနှုတ်ပစ်ဘဲ ထိန်းသိမ်းနိုင်တဲ့ နည်းပညာတွေ ပေါ်နေပါပြီ။ ဒါကြောင့် အလွယ်တူမနှုတ်ပစ်ပါနဲ့။ ပြီးတဲ့အခါကျတော့ သွားတွေ တကယ်လို့ ကြိုးသွားပြီဆိုလို့ရှိရင် လူတွေက ဒီအတိုင်းပစ်ထားတတ်ကြတယ်။ ပစ်ထားလိုက်လို့ရှိရင် သွားတွေ ယိုင်သွား မယ်။ ဘေးသွားယိုင်တာတွေအပေါ် သွားနှုတ်တယ်၊ အောက်သွားက ရှည်လာမယ်၊ အောက်သွားနှုတ်မယ်၊ အပေါ်သွားကရှည်ကျလာမယ် အဲ့လိုတွေဖြစ်လာနိုင်တော့ ကွက်လပ်တွေမထားစေချင်ပါဘူး။ တတ်နိုင်တဲ့ ငွေကြေးအပေါ်မူတည်ပြီး သွားလေးတွေ အစားထိုးပြန်စိုက်ထားခြင်းက နဂိုရှိနေတဲ့ သွားတွေဆက်ဆုံးရှုံးရမယ့် အန္တရာယ်ကို ကာကွယ်နိုင်မှာပါ' 'ဟု ပါမောက္ခဆရာကြီးဒေါက်တာသိန်းကြူ က သွားကျန်းမားရေးစောင့်ရှောက်မှုအပိုင်းနှင့် ပတ်သက်၍ ဆက်လက်ပြောကြားခဲ့သည်။

 

May Su Hlaing

www.drmyanmar.com