/
node/3972

ကံကောင်းလို့

Category
ဆရာ၀န်ကြီးများ ၏ ဆောင်းပါးများ
Author
Dr. ဦးနေ၀င်း (ပါမောက္ခ)

        လေအသေးစားဖြတ်ခြင်းကို လေဖြန်းသည်ဟုမြန်မာလို အဓိပ္ပာယ်ဖွင့်ကြသည်။ ကြီးကြီးကျယ်ကျယ်မဖြစ်၊ ခဏတစ်ဖြုတ်ကနေ၊ ပြန်ကောင်းခြင်းဖြစ်သည်။ တချို့က ခန္ဓာကိုယ်တစ်ခြမ်း၊ ခြေလက်လေးသွားသည်။ တချို့က စကားပြောလို့မရ၊ ဆွံ့သလိုဖြစ်သွားသည်။ တချို့က ခေတ္တခဏသတိမေ့သွားသည်။ ထူးခြားချက်က ဗြုန်းခနဲဖြစ် သည်။ ဦးနှောက်၏ တစ်နေရာရာတွင် သွေးကြာသွေးခဲလေးပိတ်၊ ပုတ်တဲ့အဆင့်မရောက်၊ ပြန်ကောင်းသွားခြင်းဖြစ် သည်။ CT ရိုက်ကြည့်တော့ ထိသည့်နေရာက သိပ်သေးသဖြင့် ဘာမှ မယ်မယ်ရရမတွေ့ရ။ ပြန်ကောင်းသည် ဆိုရာတွင် တချို့မိနစ်ပိုင်းပဲကြာသည်။ တချို့နာရီအနည်းငယ်ကြာသည်။ တချို့ရက်အနည်းငယ်ကြာပြီးမှ ပြန်ကောင်း သည်။ ပြန်ကောင်းတော့လည်း၊ ဘာဆိုဘာမှ မကျန်။ အကောင်းပကတိ။ တချို့ကတော့ ခပ်နည်းနည်း ကျန်သည်။ ခြေလက်တစ်ခြမ်း ခပ်လေးလေးဖြစ်ကျန်ခဲ့သည်။ သို့ပေမယ့် ပုံမှန်လှုပ်ရှားလို့ရသည်။

          ဆေးပညာအဆိုအရ 24 နာရီအတွင်း ပကတိပြန်ကောင်းလျှင် T.I.A ဟုခေါ်ပြီး 24 နာရီကျော်၊ နည်းနည်းကြာမှ ပြန်ကောင်း၊ ရက်အနည်းငယ်ကြာမှ ပြန်ကောင်းလျှင် RIND ဟု ခေါ်သည်။ နှစ်မျိုးလုံးကို လေဖြန်း သည်ဟု ခေါ်သံမှန်မည်ထင်သည်။

          လေဖြန်းရသည့်အကြောင်းနှင့် လေဖြတ်ရသည့်အကြောင်းအတူတူသာဖြစ်သည်။ အသက်အရွယ်ရလာလို့၊ ဆေးလိပ် သောက်လို့၊ ခန္ဓာကိုယ်၀လို့၊ လှုပ်ရှားမှုနည်းလို့၊ အဆီအအိမ့် အစားအသောက်သောင်းကျန်းလို့၊ သွေးတိုး၊ သွေးချို၊ သွေးတွင်း အဆီများစသည်ဖြင့် အတူတူပင်။ ဒီအချက်တွေများလေ၊ လေပိုဖြတ်လေဟုဆိုနိုင်သည်။ ဒီအချက်အားလုံးအပြည့်အစုံရှိလို့ ကတော့ ဘယ်နေ့လေဖြတ်မလဲဟု တထိတ်ထိတ်ဖြစ်နေရုံသာရှိသည်။ ဒီလို လေဖြတ်နိုင်သည့်အကြောင်း၊ အချက်အတူတူရှိကြ သည်ချင်းတူတူ၊ သူကလေဖြတ်၊ သူကလေဖြန်း၊ ဘာလို့ဖြစ်ကြသနည်း ဟုမေးသော် ဖြေရခက်သည်။

          လေဖြတ်စေသည့်အကြောင်းအချက်တွေ တော်တော်များများရှိ၊ ရှိသမျှတွေအားလုံး ခပ်ဆိုးဆိုချည်းပဲဟုဆိုလျှင် လေဖြတ်မည်၊ တုန်းခနဲဖြစ်မည်၊ သတိပြန်လည်မလာလောက်အောင်ဖြစ်မည်၊ နာတာရှည် ဒုက္ခိတဖြစ်မည်ဟု အကြမ်းဖျင်းဆိုလို့ ရပေမယ့် သိပ်မှန်လှသည်တော့မဟုတ်။ ဒီအချက်တွေခပ်ဆိုးဆိုး၊ ခပ်များများရှိပေမယ့် တချို့က လေမဖြတ်၊ အကြီးအကျယ် မဖြစ်၊ လေဖြန်းရုံလေးနှင့် ပြန်ကောင်းသည်။ စာရေးသူကတော့ ကံကောင်းလို့ဟုပဲ ဆိုချင်သည်။ ကံဆိုတာအလုပ်မှန်းသိပေမယ့် ကံကောင်းလို့ အကြီးအကျယ်မဖြတ်၊ အသေးစားဖြစ်ခြင်း၊ လေဖြန်းခြင်းဟုပင်တွက်မိသည်။

          သေချာတာတခုကတော့ လေဖြန်းခြင်းသည် လေဖြတ်ခြင်း၏ ရှေ့ပြေးနိမိတ်၊ သတိပေးခေါင်းလောင်းသံဖြစ် သည်။ မဆင်ခြင်၊ မပြုပြင်လို့ကတော့ ဘယ်တော့မှန်းမသိပေမယ့် နောင်တစ်ချိန် လေအကြီးအကျယ်ဖြတ်ဖို့ များသည်ဟု သတိပေးခြင်း ဖြစ်သည်။ လေဖြန်းတာကို လေဖြတ်တာနှင့်စာလျှင် အဆိုးထဲက အကောင်းဟုဆိုနိုင်ပေမယ့် ယင်းအကောင်းကပဲ အဆိုးပြန် ဖြစ်နိုင်သည်။

          တချို့ရှေ့ပြေးနိမိတ်ပင် မမြင်လိုက်ရ၊ သတိပေးခေါင်းလောင်းသံပင်မကြားလိုက်ရ၊ အကြီးအကျယ်လေဖြတ်သွားသည်။ ကံကောင်းလို့ လေမဖြတ်၊ လေဖြန်းသည်ကို အမိအရစွဲကိုင်ဖို့ လိုသည်။ ပြုပြင်ဖို့လိုသည်။ ထိထိရောက်ရောက်ကုဖို့ လိုသည်။

          လေဖြန်းသည်ကို တချို့က ခပ်ပေါ့ပေါ့လေးသဘောထားကြသည်။ လေအသေးစားလေဖြတ်တာဟုမထင်။ ဟိုလိုလို၊ ဒီလိုလို၊ ခပ်ပေ့ါပေါ့လေး။ လေခိုလို့ အကြောတင်လို့၊ အကြောညပ်လို့စသဖြင့် ဟိုမရောက်ဒီမရောက် အဓိပ္ပာယ်ဖွင့်လွဲကြသည်။

          လေဖြန်းဖူးသူ တစ်ယောက်လေအကြီးအကျယ်မဖြတ်အောင် ထိထိရောက်ရောက် ကာကွယ်နိုင်သည်။ ဆေးစစ်ပြီး လေဖြတ်စေသည့် ရောဂါများကိုရှာရသည်။ သွေးတိုး၊ သွေးချို၊ သွေးတွင်း အဆီများခြင်းစသည်တို့။ ရောဂါတွေ့လျှင်၊ ရှိလျှင် ထိထိရောက်ရောက်၊ စံချိန်မီကုဖို့လိုသည်။ တစ်နေ့တစ်ရက် မဟုတ်။ လေဖြန်းသည့်နေ့ကစလို့။ တစ်သက်လုံးတိုင်။ ဆေးလိပ်သောက်သူ ဆေးလိပ်လျှော့ချရန် မဟုတ်၊ လုံး၀ဖြတ်ရန်ဖြစ်သည်။ ဆေးလိပ်မဖြတ်လျှင်၊ လေဖြတ်မည်ဟု ရင်ထဲက မှတ်ရသည်။ ဆေးလိပ်ဖြတ်ဖို့ အခက်အခဲရှိပါက ဆရာ၀န်နှင့်တိုင်ပင်၊ အကြံဉာဏ်ယူ၊ ဆေးကူရသည်။ လေ့ကျင့်ခန်း ပုံမှန်လုပ်၊ တစ်နေ့ နာရီ၀က်၊ ခပ်သွက်သွက်ခပ်ပြင်းပြင်း လမ်းလျှောက်ရုံနှင့် လုံလောက်သည်။ တစ်ပတ် ငါးရက်အနည်းဆုံး။

          အစားအသောက် ဆင်ခြင်ရသည်။ ခပ်လွယ်လွယ်ဆိုရလျှင် တိရစၧာန်ဆီ၊ စားအုံးဆီ၊ ပြည့်၀ဆီရှောင်။ ဘာဆီဖြစ်ဖြစ်၊ မပြည့်၀ဆီဆိုသည့်တိုင် အလွန်အကျွံမစား၊ အချိုလျှော့၊ အငန်လျှော့၊ ငါး၊ သစ်သီး၊ ဟင်းသီးဟင်းရွက်မျှတလုံလောက်အောင် စား။ လူကို မ၀စေရန်လည်း ဂရုစိုက်ရသည်။ ပုံမှန်ဆေးပြန်စစ်၊ သွေးပေါင်ချိန်၊ သွေးချို၊ သွေးတွင်းအဆီကောင်း မကောင်း အစဉ်စစ်၊ ဆေးအတိုး အလျှော့လုပ်။ ကိုယ်အလေးချိန်ပုံမှန်ချိန်၊ ငါ၀လာလား၊ ဗိုက်ပူလာလား နေတိုင်းသုံးသပ်။

          ဆရာ၀န်က လေဖြတ်ကာကွယ်ဆေးအနေဖြင့် သွေးကျဲဆေး ပေးလိမ့်မည်။ သွေးတွင်း အဆီချဆေး Statin ပေးမည်။ ပေးသည်ဆိုရုံခပ်နည်းနည်းမဟုတ်။ ဆေးပမာဏ ခပ်များများသောက်ရန်လို သည်။ သွေးတိုးအတွက် လေဖြတ်ကာကွယ်စွမ်းကောင်းသည့် သွေးကျဆေး ရွေးပေးလိမ့် မည်။ သွေးချိုကောင်းကောင်း ထိန်းရန်လည်းလိုသည်။ ဒီအချက်တွေကို အစဉ်အမြဲ သတိချပ်နေဖို့လိုသည်။ ဒါဆို တော်တော်လေး လုံလောက်ပြီ။

          လေမဖြတ်ဘဲ လေဖြန်းရုံဖြင့် ကံကောင်းသူများလို့ တခြားကံကောင်းသူများလည်း ရှိသေးသည်။ နှလုံးသွေးကြောမပိတ်မီ၊ နှလုံးသွေးကြောကျဉ်းသဖြင့် ရင်ဘတ်နာသူများဖြစ်သည်။ ရင်ဘတ်နာတော့ ဆေးစစ်၊ ရောဂါတွေ့၊ ဆေးကောင်းကောင်းကု၊ နေထိုင်စားသောက်မှု ပုံစံပြင်၊ နှလုံးသွေးကြောမပိတ်အောင် တော်တော်ကာကွယ်နိုင်သည်။ နှလုံးသွေးကြောကျဉ်းပေမယ့် ရင်ဘတ်တစ်ခါမှ မအောင့်ဖူး၊ ကိုယ့်မှာ နှလုံးရောဂါရှိသည်ဟု မထင်၊ ဆေးမစစ်၊ ဒီအတိုင်းထား၊ နေချင်သလိုနေ၊ ပထမတစ်ကြိမ် ရင်ဘတ်အောင့်ပြီး နှလုံးသွေးကြောတန်းပိတ်သူများရှိသည်။

          ကံအကောင်းဆုံးလူတွေကတော့ ပုံမှန်ဆေးစစ်၊ ရောဂါစောစောစီးစီးသိ၊ ထိထိရောက်ရောက် ကုသူများဖြစ်ကြသည်။

 

 

 

Credit: ပါမောက္ခနေ၀င်း (ဆေးပညာ)

Health Digest Journal

Vol: 13, No: 37, 22- 6- 2016