/
node/3977

သွားသန့်ရှင်းရေးပစ္စည်းတွေရဲ့ ရာဇ၀င်

Category
ဆရာ၀န်ကြီးများ ၏ ဆောင်းပါးများ
Author
Dr. ဦးမိုးေ၀မြင့်

        အရင်အချိန်တွေတုန်းကတော့ သွားတိုက်ဆေး၊ သွားတိုက်တံရယ်ဆိုပြီး သတ်သတ်မှတ်မှတ်မရှိခဲ့ပါဘူး။ လူတွေက ၎င်းတို့ရဲ့ သွားသန့်ရှင်းရေးကိုကြုံသလို ဖြေရှင်းခဲ့ကြပါတယ်။ ပစ္စည်းအမျိုးမျိုးနဲ့ သန့်ရှင်းရေးတွေ လုပ်ခဲ့ကြသလို၊ အဆင်မပြေမှု တွေကလည်း ဒုနဲ့ဒေးပါပဲ။ စားကြွင်းစားကျန်တွေ ပါးစပ်ထဲမှာရှိရင် အနံ့အသက်မကောင်းဘူးဆိုတာမျိုးတွေ၊ သွားနာသွားကိုက် ဖြစ်တတ်တယ်ဆိုတာမျိုးတွေကို အချိန်နဲ့အမျှ သိရှိနားလည်လာကြပြီး အကောင်းဆုံးသော ဖြေရှင်းမှုတွေကိုရှာကြံလာပါတယ်။ ပုံမှန်အစာညပ်တာလောက်ကိုတော့ သွားကြားထိုးတံလို သစ်သားစမျိုးနဲ့ ကလော်ထုတ်လိုက်နိုင်ပေမယ့် သွားရဲ့မျက်နှာပြင် တစ်ခုလုံးကိုတော့ သန့်ရှင်းသွားအောင်လုပ်ဖို့ မဖြစ်နိုင်ပါဘူး။ လက်ချည်းသက်သက်နဲ့ လိုက်ပွတ်နေရင်လည်း နှံ့စပ်မှာ မဟုတ်သလို၊ ပြောင်မှာလည်း မဟုတ်ပါဘူး။

          သွားတွေကို သန့်ရှင်းရေးလုပ်ပေးနိုင်မယ့် ပစ္စည်းကိုရှာဖွေရင်းနဲ့ BC 5000 လောက်မှာ အီဂျစ်တွေက ပထမဆုံး သွားသန့်ရှင်းရေးဆေးအနှစ် (ယနေ့အခေါ်သွားတိုက်ဆေး) ကို စပြီးတီထွင်ခဲ့တယ်လို့ မှတ်တမ်းတင်ထားပါတယ်။ သွားတိုက်ဆေးအနှစ် ထုတ်လုပ်ခဲ့တယ်ဆိုပြီး အတိအကျမှတ်တမ်းတင်ထားတာကတော့ AD 4 ရာစု ၀န်းကျင်မှာဖြစ်ပြီး၊ ဆေးအနှစ်ထဲမှာတော့ သစ်သီးတွေကို အခြောက်ခံ၊ ထုထောင်းပြီးရလာတဲ့ အမှုန့်တွေ၊ အခွံမာကောင်တွေရဲ့ အခွံကို ညက်အောင်ထောင်းထားတာတွေ၊ ပျားရည်၊ ပန်းပွင့်ခြောက်၊ မြေကြွက်၊ ယုန် စတဲ့အကောင်ငယ်လေးတွေရဲ့ ဦးခေါင်း၊ ပုတ်သင်ညိုရဲ့ အသည်း၊ ဆီးအိမ်တို့ ပါ၀င်ပါတယ်။

          သွားတိုက်တံလို သစ်သားချောင်းရဲ့ ထိပ်ပိုင်းလေးကို ဖွာအောင်လုပ်ပြီး သွားကိုပွတ်တိုက်တဲ့ ပစ္စည်းမျိုးကိုလည်း အီဂျစ်တွေနဲ့ ဘေဘီလုံလူမျိုးတွေပဲ စထွင်ခဲ့ပါတယ်။ ဘာကြောင့် ဒီလိုပြောနိုင်လဲ ဆိုတော့ ရှေးခေတ်အီဂျစ်လူမျိုးတွေရဲ့ အခေါင်းထဲမှာအထိ အဲဒီပစ္စည်းတွေကို ထည့်ထားပေးတာကိုတွေ့ရလို့ပါပဲ။ အီဂျစ်တွေ တီထွင်ခဲ့တာတော့ တုတ်ချောင်းသာသာ ပစ္စည်းမျိုးပါပဲ။ ဒီနေ့ခေတ်သွားတိုက်တံနဲ့ တကယ်တူတဲ့ သွားတိုက်တံပုံစံမျိုးကိုတော့ တရုတ်ပြည်ဘက်မှာ အရင်ဆုံး စသုံးခဲ့ပါတယ်။ ဝါးလက်ကိုင်ပေါ်မှာ တော၀က်ရဲ့ လည်ပင်းမွေးကို ချည်ပြီးသုံးကြပါတယ်။ နောက်ပိုင်းမှာတော့ ပိုးလမ်းမကြီးက တစ်ဆင့် ဥရောပနဲ့ အဆက်အသွယ်ရပြီး ဥရောပမှာပါ သုံးလာကြပါတယ်။ လူချမ်းသာအချို့ကတော့ ၀က်မွေးအစားမြင်းမြီးကို အသုံးပြုကြပါတယ်။

          ဂရိ၊ ရောမနဲ့ အိန္ဒိယတို့မှာလည်း သန့်ရှင်းရေးအတွက် အမျိုးမျိုးကြံဆခဲ့ကြပါတယ်။ ရည်ရွယ်ချက်ကတော့ ယနေ့ခေတ်လိုပဲ သွားနဲ့သွားဖုံးသန့်ရှင်းဖို့၊ သွားတွေဖြူဖွေးပြီး ခံတွင်းနံ့ကောင်းဖို့ပါပဲ။ ဂရိနဲ့ ရောမလူမျိုးတွေကတော့ သွားကို ခပ်ကြမ်းကြမ်းလေးပွတ်တိုက်ပြီး သန့်ရှင်းပစ်ဖို့ ပိုစိတ်၀င်စားကြပါတယ်။ သူတို့ရဲ့ သွားသန့်ရှင်းရေး ပစ္စည်းတွေထဲမှာ အရိုးတွေ၊ အခွံမာကောင်တွေရဲ့ အခွံတွေကို ချေထည့်ထားတယ်လို့ ဖော်မြူလာမှာ ရေးထားတဲ့ အတွက်ကြောင့်ပါ။ အိန္ဒိယလူမျိုးတွေကတော့ အနံ့အသက် တစ်နည်းအားဖြင့် ခံတွင်းနံ့ကောင်းဖို့ကို သွားလှဖို့ထက် ပိုဦးစားပေးတဲ့အတွက် ရိုးရာတိုင်းရင်းဆေးမှာအသုံးပြုတဲ့ အပင်တွေရဲ့ အကိုင်းအခက်တွေကိုသုံးပြီး သွားတိုက်ဖို့လုပ်ကြပါတယ်။ တရုတ်ပြည်မှာကတော့ ဂျင်ဆင်းမြစ် စတာတွေနဲ့ သန့်ရှင်းရေးလုပ်ဖို့ အားထုတ်ပါတယ်။ အရှေ့အလယ်ပိုင်းဒေသတစ်၀ိုက်မှာ လည်း ရောဂါပိုးမွှားတွေကို သေစေနိုင်တဲ့ အစွမ်းရှိတဲ့ အပင်တစ်မျိုးကနေ သွားတိုက်တံကို ပြုလုပ်လာကြပါတယ်။

          နောက်ပိုင်းနှစ်တွေမှာ ဥရောပဘက်ခြမ်းမှာလည်း သွားတွေကို ပေါင်မုန့်ခြောက်အစလေးတွေနဲ့ တိုက်တဲ့သူက တိုက်၊ ဆပ်ပြာနဲ့ တိုက်တဲ့သူက တိုက်၊ ကွမ်းရွက်နဲ့ တိုက်တဲ့သူကတိုက်နဲ့ ပစ္စည်းမျိုးစုံနဲ့ သန့်ရှင်းရေးလုပ်ကြပြန် ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အရင်ကသွားကို တံပူ၊ တမာ၊ ဆား၊ မီးသွေး စတာတွေနဲ့ တိုက်သလိုမျိုးပါပဲ။ ပထမဆုံးသွားတိုက်တံကို စီးပွားဖြစ်ထုတ်လုပ်ဖို့ မှတ်ပုံတင်ခဲ့သူကတော့ အင်္ဂလန်လူမျိုး William Addis (1780) ဆိုသူပါပဲ။ အဓိကရုဏ်းတစ်ခုကြောင့် သူထောင်ကျနေချိန်မှာ သွားတိုက်တံလုပ်ဖို့အကြံရလာတာပါ။ သူက တိရစၧာန်တွေရဲ့ အရိုးသေးသေးလေးတွေကို အပေါက်သေးသေးလေးတွေဖောက်၊ တိရစၧာန်လေးတွေရဲ့ အမွေးနုနုလေးတွေကို စုချည်ပြီး အပေါက်လေးတွေထဲကို ထည့်၊ ပြီးရင်သေချာမြဲအောင် ကော်ကပ်လိုက်ပါတယ်။ အသုံးပြုရတာအတော်ပဲ အဆင်ပြေတဲ့အတွက် သူထောင်ကထွက်လာတဲ့အခါမှာ အဲဒီပုံစံမျိုး သွားတိုက်တံတွေ ထုတ်လိုက်တာ သူတော်တော်ချမ်းသာသွားပါတယ်။ 1800 ပြည့်နှစ်လောက်မှာ ၀ီလျံသေဆုံးသွားခဲ့ပေမယ့်  ယနေ့အချိန်အထိ Wisdom Toothbrushes အမည်နဲ့ လက်ဆင့်ကမ်း ထုတ်လုပ်နေဆဲပါပဲ။

          နောက်ပိုင်းမှာ သွားတိုက်တံရဲ့ လက်ကိုင်ကိုင်းကို ကျွဲ၊ နွားတွေရဲ့ အရိုးတွေနဲ့ ပြုလုပ်လာသလို၊ သွားတိုက်တံအမွေးကိုလည်း တော၀က်မွေး၊ ရိုးရိုး၀က်အမွေး စတာတွေနဲ့ ပြုလုပ်လာပါတယ်။ 1937 ခုနှစ်မှာ နိုင်လွန်ခေတ်စားလာခဲ့ပြီး၊ 1938 ခုနှစ်မှာတော့ တိရစၧာန်အမွေးတွေအစား နိုင်လွန်ကို အသုံးပြုလာခဲ့ပါတယ်။ ပထမဆုံး နိုင်လွန်အမွေးနဲ့လုပ်ထားတဲ့ သွားတိုက်တံ (Dr.West’s Miracle First Nylon Toothbrush) ဆိုပြီး 1938 ခုနှစ်မှာ ပေါ်ပေါက်ခဲ့သလို၊ ပထမဆုံးလျှပ်စစ်သွားတိုက်တံ (Electric Toothbrush) ကို 1939 ခုနှစ်မှာ တီထွင်နိုင်ခဲ့ပါတယ်။

          သွားတိုက်တံရဲ့ အနေအထားက တဖြည်းဖြည်း တိုးတက်လာခဲ့သလိုပဲ သွားတိုက်ဆေးဆိုတာကလည်း အုတ်ခဲမှုန့်၊ မြေဖြူမှုန့်၊ ဆား စတဲ့ပစ္စည်းတွေကတစ်ဆင့် သွားတိုက်ဆေးအမှုန့်ပုံစံမျိုးတွေပါ တစ်ချိန်တည်းပေါ်ပေါက် လာပါတယ်။ 1900 ပြည့်နှစ်မှာ  အစွန်းချွတ်ဆေးနဲ့ ပေါင်မုန့်ဖုတ်ရာမှာသုံးတဲ့ အမှုန့်တို့ကို ရောစပ်ထားတဲ့ သွားတိုက်ဆေးအနှစ်စတင်ပေါ်ပေါက်လာခဲ့ပါတယ်။ ပေါ်ကာစမှာ လူသုံးမများပေမယ့် ဒုတိယကမ်ဘာစစ်အတွင်းမှာ မဟာမိတ်တပ် (Allies Army) တွေက သွားတိုက်တံနဲ့ သွားတိုက်ဆေးကို စစ်တပ်အတွင်းမှာ သုံးစွဲစေခဲ့ပါတယ်။ ဒီအမူအကျင့်တွေက စစ်ပွဲကြီးပြီးသွားတဲ့အခါမှာ တောက်လျှောက်ပါလာပြီး ယခုထက်တိုင် လူတိုင်းက သွားတိုက်ဆေးနဲ့သွားတိုက်တံကို အသုံးပြုလာကြပါတယ်။

          သွားတိုက်ဆေးဟာ ပေါ်ကာစမှာတော့ အနှစ်ဖြစ်တဲ့အတွက် သံဘူးလေးတွေနဲ့ထည့်ပြီး ယူဆောင်ရပါတယ်။ ဖလူအိုရိုက်ပါတဲ့ သွားတိုက်ဆေးက သွားပိုးစားခြင်းမဖြစ်အောင် ကာကွယ်ပေးနိုင်တယ် ဆိုတာကို 1914 ခုနှစ်မှာ စတင်တွေ့ခဲ့ပါတယ်။ ကလေးတွေအတွက် ထုတ်လုပ်တဲ့၊ မျိုချလည်း အဆိပ်အတောက်မဖြစ်စေတဲ့ သွားတိုက်ဆေးမျိုးကိုတော့ 1987 ခုနှစ်မှာ ထုတ်လုပ်ခဲ့ပါတယ်။ အဓိကရည်ရွယ်ချက်ကတော့ NASA က အာကာသယာဉ်မှူးတွေ အဆင်ပြေပြေသွားတိုက်နိုင်အောင် ထုတ်လုပ်ခဲ့ရတာပါ။

 

 

 

Credit: ဒေါက်တာမိုးေ၀မြင့်

Health Digest Journal

Vol: 13, No: 38, 29-6-2016