သားသားမီးမီးတို့ အိုးနှင့် အခင်းသွားတတ်စေဖို့ ဘယ်အချိန်စလေ့ကျင့်ပေးသင့်သလဲ
အသက် 1 နှစ်ခွဲကျော်နှင့် 3 နှစ်အရွယ်ကြားကလေးလေးတွေကို potty training (အိုးနှင့်အခင်း သွားတတ်စေရန် လေ့ကျင့်ပေးမှု) ပြုလုပ်ပေးလို့ရပါပြီ။ ဒါပေမယ့် ကလေးတိုင်းတော့မဟုတ်ပါဘူး။ တချို့ကလေးတွေဆိုရင် ၎င်းအသက်အရွယ်အပိုင်းအခြားထက် နောက်ကျပြီးမှသာလေ့ကျင့်ပေးလို့ရပါတယ်။ ဒါကြောင့် မိဘတွေအနေနဲ့ ကလေးကို potty training လုပ်ပေးလို့ရပြီဆိုတဲ့ အရွယ်ရောက်တာနဲ့ အတင်းအကျပ်လေ့ကျင့်ပေးဖို့မကြိုးစားသင့်ပါဘူး။
ကလေးငယ်ဟာသူတို့ခန္ဓာကိုယ်ကို ဟန်ချက်ညီညီနဲ့ ကောင်းမွန်စွာထိန်းနိုင်စွမ်းရှိတဲ့အရွယ် ဥပမာ- လှေကားအတက်အဆင်းလုပ်တတ်တာ၊ စကားပြောတတ်တာ၊ ကိုယ်တိုင်အ၀တ်လဲ၀တ်တတ်တာ စတဲ့ကိုယ်တိုင်ထိန်းချုပ်နိုင်စွမ်းရှိတဲ့အချိန်မှ potty training လုပ်ပေးတာအကောင်းဆုံးပါ။ ကလေးအရွယ် မရောက်သေးမီ၊ ကလေးငယ်ဟာသူ့ခန္ဓာကိုယ်ကိုထိန်းချုပ်နိုင်စွမ်းမရှိသေးချိန်မှာ potty training လုံး၀မလုပ်ပေးသင့်ပါဘူး။
ဘာကြောင့်လဲဆိုတော့အသက် 2 နှစ်အောက် ကလေးငယ်တွေမှာ ၎င်းတို့ရဲ့ဆီးအိမ်နဲ့ စအိုကို ထိန်းချုပ်တဲ့ကြွက်သားဟာ သန်စွမ်းမှုမရှိသေးတဲ့အတွက်ဖြစ်ပါတယ်။ ငယ်လွန်းသေးချိန်မှာအိုးနဲ့အခင်းသွားဖို့ အတင်းလေ့ကျင့်ပေးရင် ကလေးမှာစိတ်ဒဏ်ရာဖြစ်နိုင်ပါတယ်။
Potty training ပေးရာတွင် မိဘတိုင်းသိထားသင့်သောအချက်များ
ကလေးအညစ်အကြေးစွန့်မယ့်အိုးကို ကလေးမြင်သာမယ့်နေရာမှာထားပါ။ ဘာအတွက်အသုံးပြုရ မလဲဆိုတာ ကလေးသိရှိအောင်ပြောထားပါ။ အညစ်အကြေးစွန့်မယ့်အိုးအသုံးပြုပုံပြုနည်းကို အခြားကလေး တစ်ယောက်က နမူနာအသုံးပြုပြခြင်းကို ကလေးအားမြင်တွေ့စေခြင်းဟာ ကလေးငယ်အနေနဲ့ ဘယ်လို အသုံးပြုမလည်းဆိုတာကို ပိုပြီးနားလည်သဘောပေါက်သွားစေနိုင်ပါတယ်။
ကလေးငယ်မှာ အချိန်မှန်၀မ်းသွားတတ်တဲ့အကျင့်ရှိမယ်ဆိုရင် ၀မ်းသွားမယ့်အချိန်ရောက်တိုင်း အညစ်အကြေးစွန့်အိုးကိုသာ အသုံးပြုဖြစ်အောင် ဖေဖေ၊ မေမေတို့က ကလေးငယ်ရဲ့ဘောင်းဘီကို အသင့်ချွတ်ထားပေးပြီး ၀မ်းသွားမယ့်အခါ အညစ်အကြေးစွန့်အိုးထဲမှာသွားဖို့ညွှန်ပြပေးထားပါ။
အကယ်၍ ကလေးငယ်အနေနဲ့ အညစ်အကြေးစွန့်အိုးကိုအသုံးပြုလိုစိတ်မရှိတာ၊ အသုံးမပြုလိုတဲ့ ဆန့်ကျင်ဘက်အမူအယာမျိုးတွေပြတာမျိုးရှိရင် ကလေးငယ်အားအတင်းအကျပ်ဖိအားမပေးသင့်ပါ။ ရက်သတ္တပတ်တစ်ပတ်၊ နှစ်ပတ်လောက် ကလေးစိတ်အလိုအတိုင်းနေစေသင့််ပြီး ကလေးငယ်စိတ်က အသုံးပြုလိုစိတ်ဖြစ်လာအောင် ဖေဖေ၊ မေမေတို့အနေနဲ့ နောက်ပိုင်းမှသာထပ်မံကြိုးစားသင့်ပါတယ်။
ကလေးငယ်အနေနဲ့ အညစ်အကြေးစွန့်အိုးအသုံးပြုနေစဉ်မှာ မတော်တဆချွတ်ချော်သွားခြင်းမျိုးရှိပါက မိဘများအနေနဲ့ ကလေးအားဆူငေါက်ခြင်းမပြုသင့်ပါ။ ယင်းကဲ့သို့ငေါက်ငမ်းခံရတဲ့ ကလေးတွေဟာ အညစ်အကြေး စွန့်အိုးကို နောက်တစ်ကြိမ်အသုံးပြုဖို့ တွန့်ဆုတ်သွားတတ်ပါတယ်။ ဒါကြောင့် ဖေဖေ၊ မေမေတို့အနေနဲ့ ကလေးအားဆူပူ ကြိမ်းမောင်းခြင်းမပြုသင့်ဘဲ နားလည်သဘောပေါက်အောင်သာ အချိန်ပေးပြောပြသင့်ပါတယ်။
ကလေးငယ်အနေနဲ့ အညစ်အကြေးစွန့်အိုးကို တစ်ကြိမ်အောင်မြင်စွာအသုံးပြုတဲ့အချိန်တိုင်း ချီးကျူးစကားဆိုပေးပါ။ မိဘရဲ့အားပေးစကားကြောင့် ကလေးငယ်စိတ်အားတက်စေပြီး ၀မ်းသွားတဲ့အချိန်တိုင်း အညစ်အကြေးစွန့်အိုးအသုံးပြုဖို့ လက်ခံလာနိုင်ပါတယ်။
ဒါပေမယ့် ကလေးငယ်အားသကြားလုံးကျေွးပြီး ချီးမွမ်းခြင်းကိုတော့မပြုသင့်ပါဘူး။ အညစ်အကြေးစွန့်အိုး အသုံးပြီးချိန်တိုင်း သကြားလုံးတောင်းစားတတ်တဲ့အကျင့်စွဲကပ်စေပြီး သွားပိုးပေါက်အန္တရာယ်မှ ရှောင်လွှဲလို့ မရဘဲဖြစ်သွားပါလိမ့်မယ်။
Cho Thet






























